#Local_News
Published_ 25 July 2024


▪️ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဖိတ်ခေါ်ခဲ့ပါတယ်။

 

▪️ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၃) ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ က မိန့်ခွန်းပြောကြားခဲ့ရာ၌ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် လူဦးရေ ၃.၂ ဘီလီယံ အခြေချနေထိုင် လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံကောင်းများရှိကာ အိန္ဒိယ သမုဒ္ဒရာတွင် ရှည်လျားသည့်ကမ်းရိုးတန်း ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အလားအလာ အလွန်ကောင်းမွန်သောနိုင်ငံဖြစ်တယ်လို ဆိုပါတယ်။

 

▪️ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ (၁၀) နိုင်ငံနှင့် တောင်အာရှ (၈) နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း (၈၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၀၀၀) ကျော်က ပြခန်းပေါင်း (၈၀၀)ကျော် ပါဝင်ပြသလျက်ရှိပါတယ်။

 

▪️ အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၃၇ ဦး၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ၈၈ ဦးတို့တက်ရောက်ခဲ့ကြပြီး ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၄ ခုက ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသလျက်ရှိပါတယ်။

 

▪️ တရုတ်−တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများ အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ယူနန် ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်ပြပွဲကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပနေတာဖြစ်ပါတယ်။

 

#Ymg_mnn #Yangon_Media_Group