၂၀ မေ ၂၀၂၄

မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်

၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။

၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။

၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။

၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။

၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။

@ymg/knl