#Local_News
Published_ 7 April 2023

မဲခေါင်မြစ်ကော်မရှင် ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးတို့အား လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဧပြီ ၄ ရက် နှင့် ၅ ရက် တို့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ဧပြီ ၄ ရက်တွင် ကျင်းပတဲ့ မဲခေါင်မြစ် ကော်မရှင်ဝန်ကြီးများအဆင့် အစည်းအဝေး၌ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Bounkham Vorachit က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ MRC အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်အေးစုသွယ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

ဧပြီ ၅ ရက်တွင်ကျင်းပတဲ့ စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်း အဝေး၌ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

 

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo Hun Sen ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh ၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ် ဆိုင်ရာရုံး အတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton ၊ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Guoying Li ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် မဲခေါင်မြစ်ကော်မရှင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Pedro Zwahlen တို့က မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မဲခေါင်မြစ် #ကော်မရှင်ထိပ်သီးအစည်းအဝေး #ဝန်ကြီးများအဆင့် #မြန်မာကိုယ်စားလှယ်အဖွဲ့ #YMG #Yangon_Media_Group