၂၂ စက်တင်ဘာ ၂၀၂၄
ထိုင်းအစိုးရက နှစ်ပတ်လည် တပ်ရာထူးများအပြောင်းအရွှေ့ကြီးတစ်ခုကို မကြာခင်ကြေညာဖွယ်ရှိပြီး ထိုပြန်လည်ဖွဲ့စည်းမှုတွင် လာမည့်လ၌ အငြိမ်းစားယူကြမည့် ကြည်းတပ်နှင့် ရေတပ်ဦးစီးချုပ်တို့၏ နေရာများကို အသစ်ခန့်အပ်ခြင်းလည်း ပါဝင်တယ်လို့ ထိုင်းသတင်းများကရေးသားပါတယ်။
အဆိုပါ တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ တပ်ရာထူးအပြောင်းအရွှေ့တွင် အဆိုပါ တပ်အကြီးအကဲ (၂)နေရာ အပါအဝင် စုစုပေါင်း အရာရှိ ၈၀၈ဦးပါဝင်တယ်လို့သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ တော်ဝင်ဂေဇက်ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာဟာ အဆိုပါစာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ အတည်ပြုပေးဖို့ တင်သွင်း လိုက်ပြီလို့ရေးသားထားပါတယ်။ ဘုရင်မင်းမြတ်အတည်ပြုပြီးပါက ယင်းအပြောင်းအရွှေ့များသည် အောက်တိုဘာ ၁ ရက်မှစတင်အကျုံးဝင်မှာဖြစ်ပါတယ်။
အငြိမ်းစားယူတော့မည့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရိုအင်ချိုင်ဟင်တောင်၏ နေရာတွင် သူထောက်ခံတင်ပြထားသည့် လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ပန်နာကလောပလိုသပ် ဖြစ်လာမယ်လို့ အသံတွေထွက်နေပါတယ်။
ယင်းအပြင် အငြိမ်းစားယူမည့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒွန်ပန်အမ်၏ နေရာတွင် သူထောက်ခံ ပေးထားသည့် ဗိုလ်ချုပ်ကြီး ဂျီရာပို ဝန်ဝစ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးထားကြပါတယ်။ သူဟာ ရေတပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဂျာမနီနိုင်ငံ မြူဝစ်ရေတပ် တက္ကသိုလ် ဆင်းတစ်ဦးဖြစ်ပါတယ်။
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပန်ပက်ဒီပန်တန်ကူက သူ၏ လက်ထောက် အဖြစ် လေတပ်အကြီးတန်းပညာရှင် ဗိုလ်ချုပ်ကြီး ချိန်နက်ပိုကစ်ကို ဒုတိယလေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်မယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ ယင်းအပြင် ဗိုလ်ချုပ်ကြီး မန်နက် ချာဗန်နာပရာရွန်ကို လည်း လေတပ်အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖွယ်ရှိနေကြောင်းသတင်းများက ရေးသား ဖော်ပြကြပါတယ်။
Source Thai Media outlets
၂၁ စက်တင်ဘာ ၂၀၂၄
အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ကူကီးသူပုန် ၉၀၀ ခန့် အလုံးအရင်းနှင့်ဝင်လာမယ်လို့ ထောက်လှမ်းရေးသတင်းတွေရရှိထားလို့ အဆင့်မြင့် တပ်လှန့် နှိုးဆော်ထား ရတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက သောကြနေ့က ပြောပါတယ်။
မဏိပူရပြည်နယ်လုံခြုံရေးအကြံပေး ကူဒီယတ်ဆင်းက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီး ကူကီးသူပုန်တွေနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထောက်လှမ်းရေးအဖွဲ့တွေအမျိုးမျိုးထံ ပေးဝေထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၃ မေလကစပြီး လူအများစု မေတေးနှင့် လူနည်းစု ကူကီးတွေအကြား စီးပွားရေးနှင့် ခွဲတမ်းကိစ္စတွေ မပြေမလည်ဖြစ်ကြရာကနေ အကြမ်းဖက်မှုတွေဖြစ်လာနေတာကို မဏိပူရကပါ လာအမှုပတ်နေရတာ ဖြစ်ပါတယ်။
မဏိပူရတောင်ပိုင်းမှာ အခြေချနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးနွယ်စုဝင် တွေဖြစ်ကြပါတယ်။
ကူကီးတွေဟာ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးထောက်လှမ်းရေ သတင်းတွေရရှိပေမယ့် ကူကီးကိုယ်စားလှယ်တွေကတော့ ဒီသတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားကြ ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မေတေးဆန္ဒပြသူတွေဟာ အင်ဖာမှာ အကြီးအကျယ် စုဝေးမှုတွေပြုလုပ်ခဲ့ကြပြီး ကူကီသူပုန်တွေကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။
မငြိမ်မသက်မှုတွေကို နှိမ်နှင်းနေတဲ့ကြားထဲက ဒီလစောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မေလကစပြီး ယခုထက်ထိ ပဋိပက္ခကြောင့် လူ ၂၃၇ ဦးသေဆုံးခဲ့ပြီး လူ ခြောက်သောင်းခန့်ဟာ လူဦးရေ ၃.၂သန်းရှိတဲ့ မဏိပူရထဲကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအစိုးရက ကာလရှည်မူဝါဒတစ်ခုဖြစ်တဲ့ ဗီဇာမလိုနယ်စပ်ဖြတ်ကျော်ခွင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယရူပီး ၃၁၀ ဘီလျံကုန်ကျမယ့် နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို ကြေညာ ခဲ့ပါတယ်။
အဲဒီအရေးယူဆောင်ရွက်ချက်ကို နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ကူကီးအုပ်စုတွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
မဏိပူရမှာ မျိုးနွယ်စုနှစ်ခုဟာ နယ်မြေပိုင်းခြားနေထိုင်နေကြပါတယ်။ မေတေးတွေဟာ တောင်ကြားတွေ မှာ ထိန်းချုပ်ထားကြပြီး ကူကီးတွေကတော့ တောင်ပေါ်မှာ ကြီးစိုးနေကြပါတယ်လို့ သိရပါတယ်။
Source BKK Post
၂၁ စက်တင်ဘာ ၂၀၂၄
Stuxnet စတပ်နက်သည် သမားရိုးကျမဟုတ်သည့် ဖျက်အားပြင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အီရန်ကိုသာမက အခြားကမ္ဘာ့နိုင်ငံများကိုပါ ကူးစက်တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာလက်နက်တစ်ခုဖြစ်ခဲ့
(စီအိုင်အေနှင့်မော့ဆက်ဟူသည့်အမေရိကန်နှင့်အစ္စရေးစပိုင်အဖွဲ့များပူးပေါင်းကာ စတပ်နက်အမည်ရ ဖျက်အားပြင်းဗိုင်းရပ်စ်တစ်ခုဖန်တီး၍ ဆိုက်ဘာလက်နက်အဖြစ်အသုံးချခဲ့ပုံကို သတင်းစာဆရာ ဆာမီယန် မစ်ဟရာ Samiran Mishraက အိန္ဒိယသတင်းမီဒီယာ NDTV တွင် စုံစမ်းထောက်လှမ်း သတင်း Investigative Report ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် YMG က မြန်မာဘာသာသို့ပြန်ဆို ဖော်ပြပေးပါသည်။ အယ်ဒီတာ )
၂၀၀၉ ခုနှစ် ဇွန်လ..။
တီဟီရန်၏ လမ်းမများတွင် သမ္မတရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ လက်ရှိသမ္မတ မာမွတ်အာမက်ဒိုင်ဂျက်သည် မီယာဟိုစိန် မောဆာဗီအပေါ် အပြတ်အသတ်အနိုင်ယူကာ အောင်ပွဲခံခဲ့သည်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲသည် အလိမ်အညာဟု စွပ်စွဲသည်။ ဆန္ဒပြသူများထဲ မှ နီဒါအက်ဟာဆိုတန်ဆိုသူ အမျိုးသမီးတစ်ဦးသည် အဓိကဆန္ဒပြပွဲကြီးများတွင် ပါဝင်ရန်အတွက် သူမ၏ ကားကို စုရုံးနေသည့်နေရာနှင့် မနီးမဝေးတစ်နေရာတွင် ရပ်လိုက်သည်။ ကား၏ လေအေးပေး စက်က အလုပ်မလုပ်သဖြင့် သူမက ကားထဲမှ ထွက်လိုက်သည်။ သူမက လတ်ဆတ်သောလေကို တစ်ဝကြီးရှုလိုက်သည်။ ထိုအချိန်တွင် အစိုးရက ငွေကြေးထောက်ပံ့ပေးထားသည့် စစ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက စနိုက်ပါဖြင့် သူမ၏ ရင်ညွန့်ကို ချိန်ကာပစ်ချလိုက်သည်။ သူမသေဆုံးခဲ့ရပြီ။
ယခုအဖြစ်အပျက် တီဟီရန်တွင်ဖြစ်နေစဉ်တွင် တီဟီရန်နှင့် ၃၀၀ ကီလိုမီတာ ခန့်ဝေးသည့် တောင်ဘက် အရပ်တွင် နာတန်နျူကလီးယားအဆောက်အဦတွင်လည်း ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်နေ သည်။နာတန်သည် အီရန် နျူကလီးယားအစီအစဉ်၏ ဗဟိုချက်မဖြစ်သည်။
နီဒါသေဆုံးပြီး ရက်အနည်းငယ်အကြာတွင် စီအိုင်အေသည် အဆိုပါနျူကလီးယားအဆောက်အဦအား ဆိုက်ဘာစစ်ဆင်ရေးတစ်ခု ဦးစီးလုပ်ဆောင်ဖို့ အတည်ပြုချက်တစ်ခုရရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် Stuxnet စတပ်နက် ဟုအမည်ရသည့် ဗိုင်းရပ်စ်တွေကို အီရန်၏ ဟာ့ဒ်ဝဲအတွင်း ပို့လွှတ်ရန် ပါဝင်သည်။ စတပ်နက်ကို အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီး ဖန်တီးထားခဲ့သည်မှာ နှစ်အနည်းငယ်ရှိခဲ့ပြီ။ ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒစ်ဂျစ်တယ်လက်နက်လည်းဖြစ်သည်။
စတပ်နက်သည် အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံအတွင်း အသစ်ရောက်ရှိခြင်းမဟုတ်ပါ။ စတပ်နက်က ဖြတ်တ်တောက်မှုများစွာကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုဗားရှင်းအသစ်က အလွန်ပြင်းထန်စွာတိုက်ခိုက်နိုင်သည်။
စတပ်နက်ဖန်တီးတည်ဆောက်မှုနှင့် ဖြန့်ကျက်ရောက်ရှိမှုတို့က ခပ်စောစောနှစ်များကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။ ၂၀၀၀ပြည့်လွန်နှစ်အစောပိုင်းကာလကတည်းက စတပ်နက်ကို ခြေရာခံမိခဲ့ကြသည်။
ထိုအချိန်သည် အီရန်တို့ အနောက်နိုင်ငံများအကြား အီရန်၏ ရည်ရွယ်ချက်ကြီးမားလှသည့် နျူကလီးယား အစီအစဉ်အပေါ် တင်းမာမှုများရှိနေခဲ့ကြသည့်အချိန်လည်းဖြစ်သည်။
ဘုရှ်အစိုးရသည်အီရန်က နျူကလီးယားလက်နက်များထုတ်လုပ်လာနိုင်မည်ကို စိတ်ပူနေသည်။ ထို့ကြောင့် အီရန်၏နျူကလီးယားအစီအစဉ်ကို ကြားဖြတ်ဟန့်တားနိုင်မည့် သမားရိုးကျမဟုတ်သော နည်းလမ်းတွေကို အမေရိကန်ကရှာဖွေနေသည်။
သိုနှင့်ပင် အိုလံပစ်အားကစားပွဲ 'Olympic Games' ဟူသော သင်္ကေတအမည်ဖြင့် လျို့ဝှက် စစ်ဆင်ရေး တစ်ခု မွေးဖွားလာတော့သည်။
ယင်းစစ်ဆင်ရေးကိုအမေရိကန်၏ စီအိုင်အေ၊အင်န်အက်စ်အေ NSA နှင့် အစ္စရေး၏ မောဆက်တို့ ပူးပေါင်း စတင်ခဲ့ကြသည်။သူတို့သည် ကနဦးအနေဖြင့် အီရန်၏ နျူကလီးယား သန့်စင်ရေးလုပ်ဆောင်နိုင်စွမ်း တွေကို ဖြတ်တောက်ပစ်နိုင်မည့် နျူကလီးယားလက်နက်တစ်ခုကို ဖန်တီးကြဖို့ဖြစ်သည်။
စတပ်နက်သည် သာမာန်ဗိုင်းရပ်စ်တစ်ခုမဟုတ်။ ဆိုက်ဘာလက်နက်များနယ်ပယ်တွင် အလွန်ပင် ဆန်းပြား ခေတ်မီလှသော ဗိုင်းရပ်စ်ပုံံစံတစ်ခုဖြစ်သည်။ စတပ်နက်က Siemens Step7 ဆော့ဖ်ဝဲကို ပစ်မှတ်ထားသည်။ Siemens Step7 သည် စက်ပစ္စည်းအစိတ်အပိုင်များကို ထိန်းချုပ်ရာတွင်သုံးလေ့ရှိ ပြီး အထူးသဖြင့် အီရန်၏ နာတန်ယူရေနီယမ်သန့်စင်ရေးစက်ရုံ၏ စက်ဒလက်များ centrifuges ကို အဓိက ထားထိန်းချုပ် သည်။ အဆိုပါစက်ဒလက်များသည် ယူရေနီယမ်သန့်စင်ရေးတွင် မပါမဖြစ်အစိတ်အပိုင်း ဖြစ်ကာ မြန်နှုန်းမြင့်လည်ပတ်နေသည်။ ယင်းစက်ဒလက်များ မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်ဖို့ အလွန် တိကျ သောထိန်းချုပ်မှုတွေလိုအပ်သည်။
အမေရိကန်က တင်နက်ဆီပြည်နယ်ရှိ အောက်ရစ်ချ်ဝင်းတွင် အီရန်၏နျူကလီးယားစက်ရုံ ပုံစံတူတစ်ခု တည်ဆောက်ခဲ့သည်။ ထိုပုံစံတူစက်ရုံတွင် စက်ဒလက်များကို အသေးစိတ်လေ့လာသည်။ ထောက် လှမ်းမသိရှိရဘဲ ထိုစက်ဒလက်များကို မည်သို့ဖျက်ဆီးပစ်ရမည်ကို နားလည်အောင် လုပ်သည်။
၂၀၀၇ခုနှစ်တွင် စတပ်နက်၏ ပထမဆုံးသောဗိုင်းရပ်ဗားရှင်းထွက်လာသည်။ ဗားများမှ ဖိအားများလျှော့ချ မှုကို တားဆီးခြင်းဖြင့် ထိုစက်ဒလက်များကို ပစ်မှတ်ထားလိုက်သည်။ ဖိအားလျှော့ချမှုပိတ်လိုက် ခြင်းကြောင့် ယူရေနီယမ်ဓာတ်ငွေ့များသည် ခဲသွားသည်။ ထိုအခါညစက်ဒလက်များ လည်ပတ်ရာတွင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲ အကြီးအကျယ်ပျက်စီးသွားစေတော့သည်။
အီရန်၏နျူကလီယားစက်ရုံသည် air-gapped လေခံကွန်ယက်ဟုခေါ်သော ကွန်ယက်ပြင်ပအလုပ်လုပ် သည့် အမျိုး အစား ဖြစ်သည်။ထို့ကြောင့် စတပ်နက်ကို USB drive ကိုသုံးပြီး ထည့်သွင်းပေးဖို့လိုအပ်လာ သည်။ ဗိုင်းရပ်စ်ကို ရှာမတွေ့နိုင်အောင် rootkit ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုထားသည်။ rootkit က ခြေရာ ဖျောက်နိုင်သည့်အပြင် တရားဝင်အမိန့်ပေးသည့် ပုံစံဖြင့် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်တွေ ကို ခိုးယူပေးနိုင်သည်။ အကျိုးသက်ရောက်မှုကောင်းသော်လည်း စတပ်နက်၏ ကနဦးဗားရှင်းသည် အီရန် ၏ အစီအစဉ်ကို နှေးကွေး၍သာ သွားစေပြီး အလုံးစုံဖျက်ဆီးပစ်နိုင်စွမ်းမရှိခဲ့ပေ။
ယင်းကိုတုန့်ပြန်သည့်အနေဖြင့် အမေရိကန် သုတေသနပညာရှင်တွေက ပိုပြီးပြင်းထန်သည့် စတပ်နက် ဗားရှင်းအသစ်ကို ဖန်တီးကြသည်။သူတို့က zero-day ဟုခေါ်သည့် ဆိုက်ဘာ တိုက်ခိုက်ရေးဗက်တာကို လေးခုအသုံးပြုခဲ့ပြီး ဗားရှင်းအသစ်က အမိန့်ပေးနိုင်သည့် သီးသန့် သော့များ private keys ကိုခိုးယူ နိုင်စွမ်းရှိလာသည်။ ပြီးတော့ ကူးစက်မှုကလည်း အလွန်လျင်မြန်လာသည်။ ယင်းက လေခံကွန်ယက်ကို ပင် ခုန်ကျော်ကူးစက်နိုင်စွမ်းရှိသည်။ ဟာ့ဒ်ဝဲများ လုပ်ဆောင်မှုမှားယွင်းအောင် ဖျက်စီးစေနိုင်သလို စက်ဒလက်များ သူ့ဘာသာဖျက်ဆီးပစ်နိုင်မည့် ပရိုဂရမ်အသစ် ထုတ်လုပ်လာနိုင်သည်။
နာတန်တွင်ရှိသော သူတို့၏ အတွင်းလူတစ်ဦးက စတပ်နက်ဗားရှင်းအသစ်ကို စက်ထဲထည့်ပေးလိုက် သည်။ သို့ရာတွင် စတပ်နက်ဗားရှင်းအသစ်၏ ပြင်းထန်လှသော သဘာဝကြောင့် မရည်ရွယ်သော အကျိုး ဆက်တွေဆက်ဖြစ်လာသည်။ ဗိုင်းရပ်စ်က နာတန်တစ်ခုတည်းသာမကတော့ဘဲ အီရန်တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများနှင့် နောက်ဆုံး ကမ္ဘာကြီးအတွင်းထိ ထိုးဖောက်ပျံ့နှံ့သွားသည်။
စတပ်နက်၏ ထိန်းချုပ်မရအောင်သောင်းကျန်းလှသော အမြန်နှုန်းကို စီအိုင်အေက သတိမူမိလိုက်သည်။ ထို့ကြောင့် စစ်ဆင်ရေးကို ဆက်လုပ်မည်ဟု စီအိုင်အေက ဆုံးဖြတ်လိုက်လေသည်။
သို့ရာတွင် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Symantec က စတပ်နက်ကို ရှာဖွေတွေ့ရှိသွားပြီး ယင်းဗိုင်းရပ်စ် နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ချလိုက်သည့်အခါ စီအိုင်အေ၏ မျှော်လင့် ထားသမျှတွေ မှေးမှိန်သွားရသည်။
အီရန်ကလည်း ဆိုင်ဘာတိုက်ခိုက်မှု၏ အတိုင်းအဆကို သိရှိသဘောပေါက်သွားကာ နျူကလီယား အစီ အစဉ်တွေကို ကာကွယ်ရမည့် နည်းလမ်းများကြံဆလာသည်။ စတပ်နက်ကြောင့် သူတို့အစီအစဉ် နောက် ပြန်ရောက်သွားသော်လည်း အီရန်က ယင်း၏ နျူကလီယားအစီအစဉ်ရည်မှန်းချက်ကြီးကို ဆက်လုပ်ဖို့ သန္နိဋ္ဌာန်ချလိုက်လေသည်။
စတပ်နက်တည်ရှိနေမှုနှင့်ပတ်သက်ပြီး ၂၀၁၀ ဇွန်လတွင် အစောဆုံးသဲလွန်စများထဲက တစ်ခုရခဲ့သည်။ ဘယ်လာရုစ် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုက အီရန်ကွန်ပျူတာတစ်လုံးတွင် တွေ့နေကျမဟုတ်သည့် ဗိုင်းရပ်စ်တစ်မျိုးရှာတွေ့ခဲ့ခြင်းဖြစ်သည်။ထို့နောက် ကမ္ဘာတစ်လွှားက ဆိုက်ဘာလုံခြုံရေးပညာရှင်များ သည် ယင်း၏ ကုတ်သင်္ကေတကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေလုပ်ခဲ့ကြသည်။ ယင်း၏ ရှုပ်ထွေးမှုနှင့် ရည်ရွယ်ချက်များကို ပညာရှင်များက မင်သက်အံ့ဩဖြစ်ခဲ့ကြရသည်။
အီရန်နျူကလီးယား အစီအစဉ်အပေါ် စတပ်နက်၏ အကျိုးသက်ရောက်မှုက သိသာလှသော်လည်း ချက်ခြင်းလက်ငင်းကြီး ကပ်သင့်ခဲ့ခြင်းမရှိခဲ့။
၂၀၀၉ခုနှစ်အရောက်တွင် အီရန်သည် နာတန်သည် စက်ဒလက်ပေါင်း ၇၀၀၀ ကျော် တပ်ဆင်ပြီး ဖြစ်ခဲ့ သည်။ ထို့ကြောင့် စက်ဒလက် ၁၀၀၀ခန့်သာ စတပ်နက်ကြောင့် ပျက်စီးခဲ့ရသည်။ ယင်းကြောင့် အီရန် သည် ယင်း၏ သန့်စင်ရေးလုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ပြီး ပျက်စီးသွားသော ကိရိယာများကို အသစ် လဲလှယ်တပ်ဆင်ခဲ့သည်။အီရန်၏ကြိုးပမ်းမှုများက လပေါင်းများစွာမှသည် နှစ်ချီသည်အထိတော့ နှောင့် နှေးသွားသည်။
အီရန်အစိုးရသည် စက်ဒလက်များပျက်စီးရခြင်း အကြောင်းရင်းကို သိရှိသွားပြီးနောက် ဆိုက်ဘာ ကျူးကျော်မှုအန္တရာယ်ကို သဘောပေါက်လက်ခံလာသည်။ အများအမြင်တွင်တော့ စတပ်နက်၏ အကျိုး သက်ရောက်မှုကို မဖြစ်စလောက်ဟု အီရန်က လျှော့ပြောနေသော်လည်း အတွင်းထဲတွင်မူ အီရန်သည် ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာထိုးစစ်များတွင် ရင်နှီးမြှပ်နှံမှုများ ပုံအောလုပ်လာသည်။
ယင်းနောက်ပိုင်းနှစ်များတွင် အီရန်နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှု များဖြစ်ခဲ့ကာ ယင်းက သူတို့၏ နျူကလီးယားအစီအစဉ်ကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ကားဗုံးခွဲ ခြင်းများနှင့် အခြားသော တိုက်ခိုက်မှုများဖြင့် ခေါင်းဆောင်အများအပြားကို သုတ်သင်ခဲ့သည်။ ယင်းလုပ်ကြံခံရသူများထဲတွင် နာတန်စက်ရုံညွှန်ကြားရေးမှူးတစ်ဦးလည်းပါသွားသည်။
စတပ်နက်သည် အီရန်တစ်နိုင်ငံတည်းမှာပဲ သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်မှုမရှိခဲ့ပါ။ စတပ်နက်သည် အိန္ဒိယ၊အင်ဒိုနီးရှား၊ပါကစ္စတန်အပါအဝင် အခြားသော နိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့သွားကာ ကမ္ဘာ တစ်လွှားရှိ စက်မှုစနစ်ကြီးအပေါ် အကျိုးသက်ရောက်သွားခဲ့သည်။ သတင်းများအရ ကွန်ပျူတာအလုံး ပေါင်း ရှစ်သောင်းကျော် ကူးစက်ခံရသည်။ ဓာတ်အားပေးစက်ရုံနှင့် ကုန်ထုတ်စက်ရုံ တော်တော်များများ အလားတူ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ကြရသည်။
၂၀၁၃ခုနှစ်တွင် အိန္ဒိယသည် အမျိုးသား ဆိုက်ဘာလုံခြုံရေးမူဝါဒတစ်ခုကို ချမှတ်ခဲ့ကာ ယင်းမူဝါဒက ဆိုက်ဘာ အာကာသတွင် သတင်းပြန်ကြားရေးအခြေခံအဆောက်အအုံများကာကွယ်ရေး၊ သတင်းပြန် ကြားရေးဆိုင်ရာအချက်အလက်လုံခြုံစိတ်ချရမှု၊ တည်မြဲမှုနှင့် ရရှိစေမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေး များ အပေါ် အာရုံ စိုက်ထားသည်။
ယင်းနောက်ပိုင်းတွင်လည်း အိန္ဒိယသည် အမျိုးသားအဆင့်အရေးကြီးသတင်းအချက်အလက်အခြေခံ အဆောက်အအုံကာကွယ်ရေးစင်တာတစ်ခုကို တည်ထောင်ကာ အိန္ဒိယ၏ ဆိုက်ဘာလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေသည်။
Source NDTV
Pubkished_ 20 September 2024
တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၀) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနား၌ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးဇေယျာနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zhen Zhihong တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် "THE WANDERING EARTH 1" ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း (၁) ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ရုပ်ရှင်သီတင်းပတ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ China Media Group နှင့် တရုတ်ယဥ်ကျေးမှုစင်တာ(ရန်ကုန်)တို့က ပူးပေါင်း၍ စီစဥ်ကျင်းပတာဖြစ်ပါတယ်။
ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ အခမဲ့ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
တရုတ်သိပ္ပံနည်းပညာဇာတ်ကားများဖြစ်သည့် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၂ ၊ Animation Cartoon သမိုင်းထဲက ချန်အန်း၊ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စိတ်ဝိဉာဥ် နားခိုးရာဆီသို့ နှင့် ငှက်တို့ ဇာမဏီ စတဲ့ ဇာတ်ကား ၅ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
၁၈ စက်တင်ဘာ ၂၀၂၄
လက်ဘနွန်နိုင်ငံမှာ ပေဂျာ pager လို့ခေါ်တဲ့ အချက်ပြဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးသေဆုံးကာ ဟက်ဇ်ဘိုလာလုပ်သား ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့နှင့် အဓိကရန်သူတော် အစ္စရေးတို့အကြား အပြည့်အဝစစ်ပွဲတစ်ခုဖြစ်လာမယ့် အလားအလာတွေရှိလာပါတယ်။
အဲဒီပေဂျာစက်တွေကို ထိုင်ဝမ်ပေဂျာကုမ္ပဏီ Gold Apollo ကထုတ်လုပ်တယ်ဆိုတာနှင့်ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆို လိုက်ပါတယ်။ အဲဒီပေဂျာတွေဟာ သူတို့ရဲ့ လိုင်စင်အောက်မှာ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်အခြေစိုက် BAC က ထုတ်လုပ်တာသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားမြေပေါ်မှာ ခေတ်မီဆန်းပြားတဲ့ တိုက်ခိုက်မှုမျိုးစုံနှင့် တိုက်ခိုက်ရာမှာ ရာဇဝင်ရှိခဲ့တဲ့ အစ္စရေး စပိုင်အဖွဲ့ မောဆက်က ပေဂျာတွေရဲ့အတွင်းမှာ ပေါက်ကွဲပစ္စည်းတွေထည့်သွင်းခဲ့တာဖြစ်တယ်လို့ လက်ဘနွန်လုံခြုံရေးအရင်းအမြစ်တွေနှင့် အခြား အရင်းအမြစ်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အဆိုပါပေဂျာတွေဟာ လများစွာကတည်းက ဟက်ဇ်ဘိုလာအဖွဲ့က တင်သွင်းထားတာဖြစ်ပါတယ်။
သေဆုံးသူ ၁၂ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရပ်စ်အာဘီယတ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမား အများအပြားနှင့် လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးအပါအဝင် လူပေါင်း ၃၀၀၀ ခန့်နီးပါး ဒဏ်ရာရရှိသွားပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်တုန့်ပြန်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ကတော့ ပေါက်ကွဲ မှုအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနကိုငြင်းဆန်ပါတယ်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးအာမန်ဆာဖာဒီက အစ္စရေးနိုင်ငံသည် မျက်နှာစာများစွာတွင် အန္တရာယ်များလှသော အရှိန်မြှင့် လုပ်ဆောင်မှုများလုပ်ဆောင်ခြင်းဖြင့် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်လုနီးပါး အခြေအနေတစ်ခုကို တွန်းပို့နေတယ်လို့ ဝေဖန်ပြောကြားပါတယ်။
ယခုလို ကြံစည်မှုဟာ လပေါင်းများစွာကတည်းက ကြိုတင်ဆောင်ရွက်ခဲ့ပုံရတယ်လို့ သတင်းအရင်းအမြစ်များစွာက ရိုက်တာကို ပြောပါတယ်။
သူတို့ဟာ Gold Apollo ကနေ ပေဂျာ ၅၀၀၀ ခု မှာယူခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အကြီးတန်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။ ယခုနှစ်စောစောပိုင်းမှာ အဲဒီပေဂျာတွေ လက်ဘနွန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒီပစ္စည်းတွေက ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး။ ကျွန်တော်တို့တံဆိပ်တပ်ထားတာ လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။
အဲဒီပေဂျာဟာ AR-924 အမျိုးအစားဖြစ်ပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးခြေရာခံလိုက်လို့မရအောင် အတွက် ပေဂျာတွေသုံးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပေဂျာတွေကို အစ္စရေးထောက်လှမ်းရေးက ထုတ်လုပ်နေတဲ့အဆင့်မှာတင် ပြုပြင်ပြောင်းလဲခဲ့တာလို့ အကြီးတန်း လက်ဘနွန်အရင်းအမြစ်ကပြောပါတယ်။
“ မောဆက်ဟာ ကိရိယာအတွင်းကို ဘုတ်ပြားတစ်ခုစိုက်ခဲ့တယ်။ အဲဒါက ကုတ်ဒ်သင်္ကေတတစ်ခုဝင်လာရင် ပေါက်ကွဲအောင် လုပ်ပေးထားတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။
ပေဂျာထဲမှာ ပေါက်ကွဲပစ္စည်း (၃)ဂရမ်အထိသာ ထည့်ထားလို့ လပေါင်းများစွာအထိ ဟက်ဇ်ဘိုလာတွေ မသိရှိခဲ့တာပါ။
အစ္စရေးရဲ့ မောဆက်ဟာ အဲဒီလိုရှုပ်ရှုပ်ထွေးထွေးစစ်ဆင်ရေးတွေမှာ နာမည်ကျော်ပါတယ်။ ၁၉၆၀ပြည့်နှစ်တုန်းက သူဟာ နာဇီထိပ်တန်းအရာရှိ အက်ဒေါ့အိုက်မန်းကို အဓ္ဓမခေါ်ယူခဲ့တာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းကလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် အီရန်ရဲ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးကို အဝေးထိန်းစက်သေနတ်ဖြင့် သတ်ဖြတ်မှုမှာ မောဆက်ကို အပြစ်တင်ခဲ့ကြပါတယ်။
Source Reuters
၁၇ စက်တင်ဘာ ၂၀၂၄
နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်းဗိုလ်ချုပ်ကြီးတင်အောင်စန်းအဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့ အခြေစိုက်အဆင့်မြင့် စက်မှုနည်းပညာ ဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့ လေယာဉ် ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက် ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထား ပါတယ်။
(၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင် များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။
#ymg/knl
၁၆ စက်တင်ဘာ ၂၀၂၄
“စူပါတိုင်ဖွန်းယာဂီဟာ မြန်မာနိုင်ငံနေရာအများစုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံရဲ့မကြာသေးခင်သမိုင်းကြောင်းအရ အဆိုး ရွားဆုံး ရေကြီးမှုတစ်ခုဖြစ်ခဲ့ရတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေကိုယ်စားလှယ် ရှီလာ မက်သယူးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ် ထိခိုက်မှုအသေးစိတ် အတိအကျကို မသိရသေးဘူးလို့ သူမက ဆက်ပြောပါတယ်။
“ ဒါပေမယ့် သေချာတာတစ်ခုကတော့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုကတော့ အကြီးအကျယ်ပျက်စီးတာပဲ”လို့ သူမကဖြည့်စွက်ပြောပါတယ်။
မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့် ၁၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၅ တို့မှာ ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးပျောက်ဆုံးဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးအကျပ်အတည်းကြောင့် အစိုးရအနေနှင့် နိုင်ငံခြားအကူအညီကို မတောင်းခံစဖူး တောင်းခံခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယက ရိက္ခာခြောက်၊အဝတ်အစားနှင့်ဆေးဝါး ၁၀ တန်ကူညီဖို့ရှိနေပါတယ်။
Source AFP
Page 14 of 207