Published 22 December 2022
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ထဲမှာ တောင်းဆိုထားပါတယ်။
“လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတစ်လွှားမှာ အကြမ်းဖက်မှုပုံစံတွေအားလုံး ချက်ခြင်းရပ်တန့်ဖို့နှင့် တင်းမာမှုတွေကို ချုပ်တည်းပြီး အရှိန် လျှော့ချကြဖို့ တောင်းဆိုပါတယ်။ အဲဒီအပြင် မြန်မာစစ်တပ်အနေနှင့် သမ္မတဦးဝင်းမြင့်၊နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ဖက်သတ်ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေး ဖို့လည်းတောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူများ၏ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ ဒီမိုကရေစီ အလေ့အထမျာနှင့်လုပ်ငန်းစဉ်များကိုထိန်းသိမ်းဖို့၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးများကို လိုက်ပါဆောင်ရွက်ဖို့ကိုလည်း ကောင်စီက ထပ်မံတောင်းဆိုထားပါတယ်။
အဖွဲ့တွေအားလုံးဟာ လူ့အခွင့်အရေးတွေ၊လွတ်လပ်မှုအခြေခံသဘောတရားတွေ နှင့် တရားဥပဒေစိုးမိုးရေးတွေကို လေးစားလိုက်နာရမယ်လို့လည်း လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
“ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့အဖြေရှာရာမှာ အချက်အခြာကျတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ကဏ္ဍကို အသိအမှတ်ပြုရင်း အာဆီယံဦးဆောင်တဲ့ ယန္တရားနှင့် လုပ်ငန်းစဉ်တွေကို နိုင်ငံတကာအသိုက်အဝန်းက ထောက်ခံအားပေးဖို့ကိုလည်း လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
အကြမ်းဖက်မှုတွေချက်ခြင်းရပ်တန့်ပြီး အဖွဲ့တွေအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို ထိထိရောက်ရောက်ရောက်နှင့် အပြည့်အဝ ချက်ခြင်း အကောင်အထည်ဖော်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟာ လုံခြုံရေးကောင်စီသို့ ၂၀၂၃ခုနှစ် မတ်၁၅ ရက်နောက်ဆုံးထားပြီး နှုတ်ဖြင့်အစီရင်ခံဖို့ကိုလည်း လုံခြုံရေးကောင်စီက မေတ္တာရပ်ခံထားပါတယ်။
အပြည့်အဝပါဝင်တဲ့ ဆွေးနွေးမှုတွေတိုးမြှင့်ရေးအပေ် အာရုံစိုက်မှုနှင့်အတူ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနှင့် ကျယ်ပြန့်စွာ စေ့စပ်ဆောင်ရွက်ဖို့ အာဆီယံအထူးသံတမန်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံတယ်လို့လုံခြုံရေးကောင်စီကထပ်လောင်းပြောကြားပါတယ်။
အဲဒီအပြင် အာဆီယံသံတမန်ရဲ့ ကုလသမဂ္ဂအထူးသံတမန်နှင့် အနီးကပ်ပူးဆောင်ဆောင်ရွက်မှုကို အားပေးပြိး မြန်မာနိုင်ငံက အဖွဲ့တွေအားလုံးဟာ နိုင်ငံရဲ့ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ ဆွေးနွေးပွဲစတင်နိုင်ရန် အဆိုပါသံတမန်တွေနှင့် အပြုသဘော အလုပ်လုပ်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အပြည့်အဝနှင့် အဟန့်အတားမဲ့ပေးပို့နိုင်ရေး လိုအပ်ပြီး မြန်မာနိုင်ငံက ပြည်သူအားလုံးသို့ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးအပ်ဖို့ လိုအပ်မှုအပေါ် ကောင်စီက အလေးပေးတယ်လို့ သတင်းထုတ်ပြန်ထားထားပါတယ်။
လူသားချင်းအကူအညီပေးရေးနှင့် ဆေးဝါးဆိုင်ရာ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံဘေးအန္တရာယ်ကင်းရေး ကို အပြည့်အဝကာကွယ်ဖို့ အသေအချာလုပ်ဆောင်ဖို့လည်းတိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အကျပ်အတည်း အကြောင်းရင်းဇာစ်မြစ်ကို ကိုင်တွယ်ဖို့လိုအပ်ပြီး ရိုဟင်ဂျာ(ဘင်္ဂလီ) ဒုက္ခသည်တွေ နှင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ မိမိဆန္ဒအရ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ကိုလည်း ကောင်စီက မီးမောင်းထိုးပြပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သက်ဆိုင်တဲ့ အဖွဲ့တွေအကြား ရိုဟင်ဂျာ (ဘင်္ဂလီ) တွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကူညီဖြေရှင်းဖို့ သံတမန် ရေးရာကြိုးပမ်းအားထုတ်မှုတွေကို ကောင်စီက အားပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် (၁၅)နိုင်ငံအနက် (၁၂)နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ကျန်(၃)နိုင်ငံဖြစ်တဲ့ တရုတ်၊ရုရှားနှင့် အိန္ဒိယတို့က မဲမပေးဘဲနေခဲ့ကြပါတယ်။
ယခုဆုံးဖြတ်ချက်အတွက် စက်တင်ဘာလကတည်းက အဖွဲ့ဝင်နိုင်ငံတွေအကြား စေ့စပ်ညှိနှိုင်းခဲ့ကြပါတယ်။ မူရင်း မူကြမ်းထဲမှာ“မြန်မာနိုင်ငံသို့ လက်နက်များလွှဲပြောင်းပေးမှုရပ်တန့်ဖို့နှင့် ပိတ်ဆို့အရေးယူမှုတွေနှင့်ခြိမ်းခြောက်ထားတဲ့” စာသားတွေကို ဖယ်ထုတ်ပေးခဲ့ရတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
“ဒီကနေ့ ကျွန်မတို့က စစ်တပ်ကို ခိုင်မာတဲ့ သတင်းစကားပေးပို့ခဲ့တာဖြစ်တယ်။ဒါဟာ သံသယဖြစ်စရာကိုမရှိဘူး။ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝေအကောင်အထည်ဖော်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်တယ်။ မြန်မာပြည်သူတွေကိုလည်း သူတို့ရဲ့အခွင့်အရေးတွေ၊ဆန္ဒတွေနှင့် အကျိုးစီးပွားတွေနှင့်ကိုက်ညီတဲ့ တိုးတက်မှုကို ကျွန်မတို့ ရှာဖွေကြိုးပမ်းနေတယ်ဆိုတာကိုလည်း ရှင်းလင်းတဲ့ သတင်းစကားပါးလိုက်တာဖြစ်တယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်လန်းက ပြောပါတယ်။
ယခုဆုံးဖြတ်ချက်ကိုကြိုဆိုလိုက်ပေမယ့် ဆုံးဖြတ်ချက်ဟာ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ် အေ ဝုဒ်က ဝေဖန်ပြောဆိုပါတယ်။ လုံခြုံရေး ကောင်စီအနေနှင့် အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည်ဖော်ရာမှာ နောက်ထပ်နည်းလမ်းတွေ ရှာဖွေဖို့ အခွင့်အရေးတစ်ခုအဖြစ် ဒါကို အသုံးပြုရမယ်လို့လည်း သူကပြောပါတယ်။
မဲမပေးဘဲနေခဲ့ကြတဲ့ တရုတ်၊ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကလည်း သူတို့ ဘာကြောင့် မဲမပေးခဲ့ကြတာနှင့်ပတ်သက်ပြီး ကောင်စီမှာ ပြောဆိုခဲ့ကြပါတယ်။
ကောင်စီ ဥက္ကဋ္ဌရဲ့ထုတ်ပြန်ကြေညာချက်တစ်ခုအဖြစ်သာ ဆောင်ရွက်ခြင်းက ပိုသင့်တော်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သ့အမတ်ကြီး ကျန်းဂျွန်က ပြောပါတယ်။ မူကြမ်းစာထဲမှာ မျှတမှု အားနည်းနေတယ်လို့လည်း သူက ဝေဖန်ပါတယ်။
အဲဒါကြောင့် တရုတ်ဟာ မဲမပေးဘဲနေခဲ့တာလို့ သူကပြောပါတယ်။
‘မြန်မာပြဿနာကို အမြန်ဖြေရှင်းလို့မရဘူး။ ပဋိပက္ခရဲ့အဖြေဟာ မြန်မာနိုင်ငံကိုယ်၌အပေါ်မှာပဲမှီတည်နေတယ်။ မြန်မာ အာဏာပိုင်တွေက အကျဉ်းသားတွေအများကြီးလွှတ်ပေးခဲ့တာကိုလည်း အသိအမှတ်ပြုအားပေးသင့်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနှင့်ဆက်စပ်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံဟာ တမူထူးတဲ့ အားသာချက်ရှိတယ်လို့ သူက အသားပေးပြောပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းဟာ အာဆီယံရဲ့အမြင်ကိုနားထောင်သင့်တယ်၊ သူတို့ရဲ့ ခေါင်းဆောင်မှုကိုအားပေးသင့်တယ်။ အဖွဲ့ကြီးကိုအချိန်ပေးသင့်ပြီး ဘုံသဘောတူညီချက်တည်ဆောက်မယ့်နေရာလွတ် တစ်ခုပေးသင့်တယ်လို့လည်းသူကပြောပါတယ်။ သူက မြန်မာနိုင်ငံနှင့်ရင်းနှီးချစ်ကြည်တဲ့ တရုတ်မူဝါဒကို ထပ်လောင်း ပြောကြားပြီး အာဆီယံနှင့်ယင်းရဲ့ဘုံသဘောတူညီချက်တွေကိုထောက်ခံအားပေးတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံဟာနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကိုယ်စားမပြုတဲ့အတွက် မဲမပေးဘဲ နေခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီ အေ နီဘင်ဇီယာကပြောပါတယ်။ မူကြမ်းစာဟာ လူ့အခွင့်အရေးတွေကို အဓိက စူးစိုက်ထားတယ်။ အဲဒါကြောင့် တတိယကော်မတီ(လူမှုရေး၊လူသားချင်း ဆိုင်ရာနှင့် ယဉ်ကျေးမှု)ဟာ ပိုပြီးဆွေးနွေး သင့်တဲ့ဖိုရမ်ဖြစ်သင့်တယ်လို့လည်းသူကပြောပါတယ်။
ဆုံးဖြတ်ချက်ကို မျှတမှုရှိအောင်ပြင်ဆင်ဖို့ သဘောတူညီမှုမရှိခဲ့ကြတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုစတင်ပြီး ကမက ထပြုခဲ့ကြတဲ့ အဖွဲ့ဝင်တွေရဲ့လုပ်ရပ်တွေကို သူက မကျေနပ်ကြောင်းဖော်ပြ ပြောဆိုခဲ့ပါတယ်။ နိင်ငံတွေဟာ စစ်အစိုးရရဲ့ မူဝါဒတွေအပေါ် အမြင်မတူကြတာကို သူက အသိအမှတ်ပြုပေမယ့် ကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ မြေပြင်က အခြေအနေတွေ မတည်မငြိမ်ဖြစ်စေအောင်နှင့် အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုကို ဟန့်သွားအောင်မလုပ်သင့်ဘူးလို့ ရုရှားသံအမတ်ကြီးကဆက်လက်ပြောဆိုပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုအားလုံး သည်းခံချုပ်တည်းကြဖို့ သူက တောင်းဆိုလိုက်ပါတယ် ၂၀၂၃မှာ ပါလီမန်ရွေးကောက်ပွဲကျင်းပဖို့အမြင်နှင့် မြန်မာစစ်တပ်ကအခြေခံဥပဒေအရ နိုင်ငံ့အရေးပေါ်အခြေအနေအတွက် ယာယီ အချိန်ဇယားတစ်ခုကို ကတိကဝတ်ပြုပြီးဖြစ်တယ်လို့ သူကထောက်ပြ ပြောဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အားလုံးသဘောတူညီတဲ့ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်းထောက်ပြပြောဆိုပြီး အဲဒါကြောင့် ရုရှားအနေနှင့် ဆုံးဖြတ်ချက်ကို မပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့တာြဖစ်ကြောင်းကိုလည်း ရုရှားသံအမတ်ကြီးက ပြောဆိုပါတယ်။ ကောင်စီရဲ့ အစီအစဉ်ထဲမှာ ရခိုင်ပြည်နယ်အခြေအနေတစ်ခုပဲပါဝင်သင့်တယ်လို့လည်း သူကဆက်လက်ဝေဖန် ပြောဆိုပါတယ်။
အိန္ဒိယဟာ မြန်မာနှင့် ရှည်လျားတဲ့နယ်စပ်ရှိနေပြီး သူ့ပြည်သူတွေနှင့်လည်း ရှည်လျားတဲ့ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှု ဆက်နွယ်မှုတွေရှိနေတာဖြစ်တယ်လို့ လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရူချီယာကမ်ဘော့ချ်က ပြောပါတယ်။
အဲဒါကြောင့် အဲဒီနိုင်ငံရဲ့ ဘယ်လိုမတည်ငြိမ်မှုမျိုးမဆို အိန္ဒိယကို တိုက်ရိုက်အကျိူးသက်ရောက်မှုရှိနေတယ်။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းတာဟာ အမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာဟာ အိန္ဒိယရဲ့ ဦးစားပေးဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့အခြေအနေတွေက တိတ်တဆိတ်နှင့် စိတ်ရှည်တဲ့ သံခင်းတမန်ခင်းကို တောင်းဆိုနေတာဖြစ်တယ်လို့ သူမကပြောပါတယ်။
အခြားသောနည်းလမ်းတွေက မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သံအမတ် ကြီးက ပြောပါတယ်။ ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ အဖွဲ့တွေကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေဖို့လုပ်လာနိုင်စေဖို့ ထက် အလျော့မပေးကြတဲ့ ရပ်တည်ချက်တွေကို ပိုပြီးအမြစ်တွယ်သွားစေနိုင်တယ်လို့လည်း သူမကဝေဖန်ပါတယ်။
ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအားလုံး ရန်လိုစိတ်တွေချက်ခြင်းရပ်တန့်ကြဖို့၊ အစွန်းရောက်နေတဲ့ရပ်တည်ချက်တွေကို စွန့်လွှတ်ကြဖို့နှင့် ဒီမိုကရေစီပြန်ရောက်အောင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဦးစီးဦးရွက်ဆောင်ရွက်ကြဖို့ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ အိန္ဒိယသံအမတ်ကြီးကပြောဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေကိုလွှတ်ပေးသင့်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေပြန်လည်ခွင့်ပြုသင့်တယ်လို့ သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။ ကောင်စီရဲ့အရေးယူဆောင်ရွက်မှုအပေါ် ဂရုတစ်စိုက်နှင့် ချင့်ချိန်ဆောင်ရွက်ရေး အရေးကြီးတယ်လို့လည်း သူမကဖြည့်စွက်ပြောပါတယ်။
မြန်မာနိင်ငံရဲ့မတည်ငြိမ်မှုကို အများဆုံး အကျိုးဆက်ခံစားရမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကိုလည်း လုံခြုံရေးကောင်စီက ထည့်သွင်းစဉ်းစားဖို့ သူမက ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။
ဒီစိုးရိမ်ပူပန်မှုတွေကြောင့် သူမရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မဲမပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သူမကပြောပါတယ်။
Source: UNSC ၏ သတင်းထုတ်ပြန်ချက်/Reuters
#UNSC_Myanmar_Resolution
#Myanmar_Politics
#Myanmar_Crisis
Published 21 December 2022
ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကို ခံယူခဲ့ပြီးသူတစ်ဦးသည် လူသားတို့၏အသက်ကို ကယ်တင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါဆရာဝန်များသည် သစ္စာမဲ့သူ၊ လူနာများအပေါ် ထိခိုက်ကျူးလွန်ခဲ့ သူတွေသာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်တဲ့ တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“သစ္စာဆိုသည့်စကား၏ အဓိပ္ပါယ်ဟာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ္စာတရားတည်ကြည်ခြင်းသည် အကျိုးရလဒ်ဖြင့် ပြည့်ဝနေမည်ဖြစ်သလို သစ္စာတရားပျက်ယွင်းခြင်းဟာ ဆုတ်ယုတ်ပျက်စီးခြင်းများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သင်ခန်းစာယူပြီး မိမိအဖွဲ့အစည်းနှင့် မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြဖို့နှင့် မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ် မြဲကြဖို့ လိုတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်မားနေချိန်အတွင်း ကျန်းမာရေးဝန်ထမ်း အချို့အနေဖြင့် အများပြည်သူ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လျစ်လျူရှုရုံသာမက ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသူများကို နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းသည် သမိုင်းတွင် မည်သို့မျှ ဖျောက်ဖျက်မရသည့် အမည်းစက်များပင် ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌတာဝန်ရယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့ကြပြီး ထူးချွန်ဆုရ ကျောင်းဆင်းဗိုလ်လောင်းတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ဆုတွေချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
-ymg/knl
#Yangon_Media_Groupp
Published 21 December 2022
ရုရှားရေတပ်ဟာ ဟိုက်ပါဆိုနစ် ဇိုင်ယာကွန် ခရုစ်ဒုံးကျည် အသစ်တွေကို လာမယ့် ဇန်နဝါရီလစောစောပိုင်းကနေ စတင်ပြီး ရရှိတော့မယ်လို့ သမ္မတဗလက်ဒီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်ကပြောပါတယ်။ အဲဒီလက်နက်ကို ရုရှားက သိပ်မကြာသေးခင်နှစ်တွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။
“ ဇန်နဝါရီကစပြီးတော့ အက်ဒ်မိုင်ရယ်လ် ဂေါ့ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောကြီးကို ဇိုင်ယာကွန်ဟိုက်ပါဆိုနစ်ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်နှင့် အဆင့်တူတာ ဒီကမ္ဘာမှာ မရှိသေးပါဘူး” လို့ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးတွေနှင့်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russsia_Military_Power
#New_hypersonic_Zircon_cruise_missiles
#Vladimir_Putin
Published 19 Dec 2022
ထိုင်းရေတပ်စစ်သင်္ဘောတစ်စီး တနင်္ဂနွေညနေက ထိုင်းပင်လယ်ကွေ့မှာနစ်မြုပ်ခဲ့ရာ ရေထဲက သင်္ဘောသားတွေကို သင်္ဘောတွေ၊ရဟတ်ယာဉ်တွေနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။
ဒီမနက်ခင်းအထိ ရေတပ်သင်္ဘောသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၃၁ ဦး ပျောက်ဆုံးနေတုန်းပဲလို့ ရေတပ်က ပြောပါတယ်။
တနင်္ဂနွေမနက်မှာ လေပြင်းကြောင့် ပင်လယ်ရေတွေဟာ အိတ်တီအမ်အက်စ် ဆူခိုထိုင်း လို့အမည်ပေးထားတဲ့ ရေတပ်သင်္ဘောရဲ့ လျှပ်စစ်စနစ်တွေ ထိခိုက်ခဲ့ရပါတယ်။အဲဒါကြောင့် ထိုင်းတော်ဝင်ရေတပ်က ဖရီးဂိတ်စစ်သင်္ဘောကြီး (၃)စီးနှင့် ရဟတ်ယာဉ်(၂)စီးတို့ကို ရွှေ့ပြောင်းရေစုပ်စက်တွေနှင့်အတူ အခင်းဖြစ်တဲ့နေရာကို ပို့လွှတ်ခဲ့ပါတယ်။ သင်္ဘောထဲက ရေတွေကို စုပ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် လေပြင်းတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။
မီးပျက်သွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေဟာ သင်္ဘောထဲပိုဝင်လာခဲ့ပြီး နောက်ဆုံးမှာ သင်္ဘောဟာ နစ်မြုပ်သွာပါတယ်။
အဲဒီစစ်သင်္ဘောဟာ ပရာချပ်ကီရီကန်ပြည်နယ် ဘန်ဆာဖန်ခရိုင်က ဆိပ်ကမ်းနှင့် မိုင် ၂၀ ဝေးကွာတဲ့နေရာမှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေစဉ် မတော်တဆမှုဖြစ်ခဲ့ရတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းမှာ ယခုနှစ် အအေးဆုံးဖြစ်နေပါတယ်။ တောင်စွန်းပိုင်းမှာတော့ မကြာသေးခင်ရက်တွေက မုန်တိုင်းတွေနှင့် ရေကြီးရေလျှံတွေဖြစ်ပေါ်ခဲ့ပါတယ်။ သင်္ဘောတွေကို ဆိပ်ကမ်းမှာဆိုက်ကပ်ထားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။
Source: AP
#Thai_Navy_ship_sink
#Thai_Royal_Navy
#Thai_Navy_accident
Published 19 December 2022
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေကို စစ်ဆေးခဲ့ရာ အဲဒီ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးပါတယ်။
အထူးစစ်ဆင်ရေးဇုန်အတွင်းက ရုရှားတပ်ဖွဲ့တွေ ရှေ့သို့နေရာယူထားတဲ့အခြေအနေတွေနှင့် တပ်ဖြန့်ထားရှိမှုတွေကို ရုရှားစစ်ဝန်ကြီးဌာနအကြီးအကဲဟာ ပျံသန်းပြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ဘယ်တုန်းကလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီခရီးစဉ်ဟာ သမ္မတပူတင်နှင့် ရှိုအီဂူအပါအဝင်ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအကြီးအကဲတွေ တွေ့ဆုံကြအပြီး နှစ်ရက်အကြာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russia_Defense_Minsiter_Inspection
#Sergei_Shoigu
#Russia_Ukraine_Crisis
Published 18 Dec 2022
ဂျပန်နိုင်ငံရဲ့ မကြာသေးခင်က အမျိုးသား ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်လိုက်တာဟာ အင်မတန်အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး ကာကွယ်မှုမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းလဲ လိုက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဂျပန်ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
ဂျပန်အစိုးရဟာ သောကြနေ့က အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်တွေကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်လည်ရေးဆွဲခဲ့ပါတယ်။
အဲဒီပြောင်းလဲမှုအရ ပြန်လည်တိုက်ခိုက်ခြင်းစွမ်းရည်လို့ အမည်တပ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်စခန်းတွေကို အခြား နိုင်ငံတွေမှာ ဂျပန်ဟာ တပ်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေ အခန်း(၉)မှာပါရှိတဲ့ အထူး သီးသန့်ကာကွယ်ရေး ဗဟိုပြုမှု အခြေခံမူကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဝေဖန်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် ဂျပန်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာတိုးမြှင့်တော့မှာလည်းဖြစ်ပါတယ်။ ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်မှာ ဂျပန်ဟာ ၂၀၂၃မှ ၂၀၂၇ အထိ(၅)နှစ်တာကလာအတွင်း အမေရိကန်ဒေါ်လာ ၃၁၄.၅ ဘီလျံနှင့်ညီမျှတဲ့ ဂျပန်ယမ်း ၄၃ ထရီလီယံကို သုံးစွဲပါလိမ့်မယ်။ဒီ ပမာဏဟာ လာမယ့်နှစ်မှာပြီးဆုံးမယ့် ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ထက်တောင် ၁ဆခွဲများနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့က ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေကနေသွေဖည်ဆောင်ရွက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာကာ လက်နက်ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေလိမ့်မှာမို့ အန္တရာယ်များတဲ့အလုပ်လို့ ပြည်သူတွေက ထင်မြင်နေကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဂျပန်အနေနှင့် ကာကွယ်ရေးမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းရွှေ့လိုက် တဲ့သဘောဖြစ်တယ်လို့ ယိုကိုဟားမား အမျိုးသားတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ရှင်ဂျီယို ဟာဂီဝါယာက ပြောပါတယ်။
“ သိပ်အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ သုံးထားတဲ့ အထူးသီးသန့် ကာကွယ်ရေးဆိုတဲ့အသုံးအနှုံးက ဗန်းပြ သက်သက်ဖြစ်နေတယ်။ ဂျပန်ဟာ ကာကွယ်ရေးကိုပဲဆက်လုပ်မှာပါလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေက အခြား နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို စတင် တိုက်ခိုက်ဖို့ စဉ်းစားတာပဲဖြစ်တယ်။ ဂျပန်ဟာ သမိုင်းသင်ခန်းစာမယူသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ဂျပန်ဟာ တရုတ်နှင့် တစ်ခါက စစ်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးပြီ။အဲဒီမှာ တရုတ်တွေအများကြီးသေသလို ဂျပန်တွေလည်း သေကြတာပဲ။အနာဂတ် မျိုးဆက်သစ်တွေကို ဒီလမ်းကြောင်းအတိုင်း ဆက်လိုက်ခိုင်းခွင့်မပေးနိုင်ဘူး” လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
ကာလရှည်ကြာထိန်းသိမ်းထားတဲ့ ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒဟာ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့မဟုတ်ဘူး။ဒီလိုပြောင်းလဲလိုက်တာဟာ ဒေသအတွင်း မတည်မငြိမ်ပိုဖြစ်စေလိမ့်မယ် လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဝေဖန်ရေးသားခဲ့ပါတယ်။
Source CCTV+
#Japan’s_national defense policy
#Japan_change_defense_strategy
#Geo_politics
Published 18 Dec 2022
မြောက်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဖက်ကမ်းခြေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ဒီဇင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောပါတယ်။
တောင်ကိုးရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) ကပြောကြားရာမှာ တာလတ်ပစ် ဒုံးကျည်နှစ်စင်းဟာ ၅၀၀ကီလိုမီတာ အမြင့်ကနေ ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး တိုရှီယိုအီနိုကလည်း ‘ ဒုံးကျည်တွေဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်အပြင်ဘက်ကျသွားခဲ့ပုံရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတွေတက်မလာဘူး” လို့ ပြောပါတယ်။
“ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ခပ်မတ်မတ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အရှေ့ပင်လယ်ထဲကျသွားတယ်” လို့ တောင်ကိုးရီးယားနိုင်ငံ (JCS)က သတင်းထုတ်ပြန်ပါတယ်။
“ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုက ထောက်လှမ်းရေးအဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ ဒုံကျည်တွေပစ်လွှတ်နေတာနှင့် ဆက်စပ်ပြီး ဘာကိုဦးတည်နေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာသုံးသပ်နေတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ မဟာဗျူဟာအစ်လက်နက်တွေထုတ်လုပ်ဖို့နှင့် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်တွေ အရှိန်မြှင့်ဖို့ ကြံစည်နေတဲ့အလျောက် မကြာသေးခင်က မြင့်မားကန်အားရှိ solid-fuel အင်ဂျင်ကိုစမ်းသပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို လျင်လျင်မြန်မြန်ရွှေ့ပြောင်းနေရာချပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ အဆိုပါအင်ဂျင်စမ်းသပ်ပြီး ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားက ယခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ကိုယ်တိုင် ကြာသပတေးနေ့က ဦးစီးခဲ့တာဖြစ်ပြီး ဒုံးပျံအင်ဂျင်တွေနှင့် အကာသပစ်တင်ယာဉ်တွေစမ်းသပ်မှုတွေအပါအဝင် ဒုံးကျည်နည်းပညာတွေ စမ်းသပ်နေတဲ့နေရာဖြစ်တဲ့ ဆိုဟေးဂြိုဟ်တုစခန်းမှာ လုပ်ဆောင်ခဲ့တာပါ။
မြောက်ကိုးရီးယားဟာ နိုင်ငံတကာကကန့်ကွက်အရေးယူမှုတွေပြုလုပ်နေတဲ့ကြားထဲက ဒီနှစ်ထဲမှာ မကြုံစဖူး ဒုံးကျည်တွေအများအပြားစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ တိုက်ကြီးအချင်းချင်းပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံကျည်တစ်စင်းလည်းပါဝင်ပါတယ်။ အဲဒီဒုံးကျည်ဟာ အမေရိကန် ပင်မကုန်းမြေကြီးအထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။
ဂျပန်နိုင်ငံကလည်း တရုတ်ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၃၂၀ဘီလျံတန် စစ်ရေးမြှင့်တင်မယ့်အစီအစဉ်ကို သောကြာနေ့ကကြေညာခဲ့ရာမှာ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။
Source:Reuters/CNA
#North_Korea_Launches_two_missiles
#North_Korea_Missile_testings
#Korea_ Peninsula_tension
Page 99 of 194