Published-2 September 2023
ဖရီးဘားမားရိန်းဂျား Free Burma Rangers လိုမျိုး အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် စစ်ဆင်ရေးဆက်လက်ဆောင် ရွက်မသွားမယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက YMG နဲ့ သီးခြား အမေးအဖြေမှာ ပြောပြပါတယ်။
၁ စက်တင်ဘာ ၂၀၂၃
လာမည့် အထွေထွေရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ် တကျ မဲပေးနိုင်ရေး ဆောင်ရွက်မယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။
ယနေ့ စက်တင်ဘာ (၁)ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပတဲ့ နစက ကောင်စီအစည်းအဝေး(၃/၂၀၂၃)မှာ နစကဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆန္ဒမဲပေးရာ တွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင် ရေးဆောင်ရွက်ပေးသွားမည်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါ တယ်။
အဲဒီ့အပြင် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ် သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမယ်လို့လည်း နစက ဥက္ကဋ္ဌက ထုတ်ဖော် ပြောဆိုပါတယ်။
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှု ရှိစေ ရေး ဆောင်ရွက်သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ တစ်နိုင်ငံလုံး အကြားအလပ် မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
မဲစာရင်းကောက်ယူ သည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိနေတယ်လိုလည်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။အဲဒါကြောင့်မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်။
နစက၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်တဲ့အတွက် အဆိုပါရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှု ရှိစေရေး ဆောင်ရွက်သွားရမယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တက်ရောက်လာတဲ့ ကောင်စီဝင်များကလည်း နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ် ပေါ်စေရေး ဥပဒေပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
၁ စက်တင်ဘာ ၂၀၂၃
တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေဟာ ပထမဆုံးအသုတ်အဖြစ် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ဝမ်တင်း ဝင်ပေါက်မှတစ်ဆင့် ဩဂုတ် ၃၁ရက်နေ့က မြန်မာနိုင်ငံကို စတင်တင်ပို့ခဲ့ပါတယ်။ နယ်စပ်မှာ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ် တိုးတက်မှုကြောင့် ပိုပြီး လွယ်ကူမြန်ဆန်လာတယ်လို့ စီစီတီဗွီသတင်းမှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးရဲတွေက လိုအပ်တာတွေစစ်ဆေးပြီးတဲ့အခါ တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေတင်ဆောက်လာတဲ့ နောက်တွဲပါကုန်တင်ယာဉ်အစီး (၅၀)ဟာ နယ်စပ်ပေါက်ကို မနက်၁၀နာရီမှာရောက်ရှိခဲ့ကြပါတယ်။
၃၁ ဩဂုတ် ၂၀၂၃
မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာပြည်သူများအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၁ ရက် ယနေ့ ညနေပိုင်းက ဘုရားဖူးလာ ပြည်သူများကို ရင်းနှီးစွာနှုတ်ဆက်ရင်းပြောကြားခဲ့ပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ကျောက်စာရုံတော်များအတွင်းတွင် လည်းကောင်း လှည့်လည်ဖူးမြော်ကြည်ညိုစဉ် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ရာတွင် ပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နစကရဲ့သတင်းထုတ်ပြန်ချက်တွင်လည်း မာရဝိဇယဘုရားကြီး ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးက အဆိုပါအစည်း အဝေးအတွင်း မှာကြားခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အဲဒီ့အပြင် ဘုရားကြီးဝင်းအတွင်းကင်မရာပါသည့်ဖုန်း၊အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်း ကင်မရာရိုက်ကူးခြင်းများကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရန်လိုကြောင်း၊ ဘုရားကြီး ဝင်းအတွင်း
ကားပါကင်သို့ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယဉ်ငယ်များကိုသာဝင်ရောက် ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန်လည်း ဆက်လက်မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလ
အဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲယာယီ စည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားဖို့နှင့် ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက်
ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့်ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှု လိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာကာလတွေ့ကြုံရမှုများ အပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရန်လည်းမှာကြားခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
၃၁ ဩဂုတ် ၂၀၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်ဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာကို ရရှိထားတယ်လို့ မကြာခင် တာဝန်ပြီးဆုံးတော့မည့် ဒုတိယဝန်ကြီးချုပ်၊ ခေတ္တ တရားရေးဝန်ကြီး ဝီဆာနု ကရီယာနမ်က ပြောပါတယ်။
ဩဂုတ် ၃၁ရက် ကြာသပတေးနေ့က သတင်းထောက်များနှင့် အစိုးရရုံးတွင်တွေ့ဆုံရာမှာ မစ္စတာဝီဆာနုက ပြောကြားခဲ့တာဖြစ်ပြီး ဒီ အသနားခံလွှာကို သက်ဆင်ကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစုဝင်တစ်ဦးဦးက တင်သွင်းခဲ့တာလားဆိုတာကိုတော့ သူက ပြောဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအပြင် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာဟာ သက်ဆင်ရဲ့ အမှု(၃)ခုစလုံးအတွက်ပဲလားဆိုတာကိုလည်း သူက ပြောဖို့ငြင်းဆန်ပါတယ်။
“ ကျွန်တော်တို့ လက်ခံရရှိထားတယ်။ကျန်တာတွေကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဥပဒေအရ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အသနားခံလွှာကို တရားရေးဝန်ကြီးမှတစ်ဆင့် ဝန်ကြီးချုပ် အဲဒီကမှ မင်းတိုင်ပင်ကောင်စီ အဲဒီကမှ ဘုရင်မင်းမြတ်ဆီ အဆင့်ဆင့် တင်သွင်းရမှာဖြစ်ပါတယ်။
စာရွက်စာတမ်းအလုပ်တွေ အဆင်ပြေပြေဖြစ်ရင် လုပ်ငန်းစဉ်တစ်ခုလုံးဟာ တစ်လမှ နှစ်လအထိကြာမြင့်နိုင်တယ်လို့ အရာရှိတွေကပြောပါတယ်။
ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ဦးဆောင်တဲ့ အစိုးရသစ်မတက်ခင် လက်ရှိအိမ်စောင့်အစိုးရသက်တမ်းက ရက်အနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ်။ မစ္စတာ ဝီဆာနုကတော့ လုပ်ငန်းစဉ်က သိပ်ကြာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ဒါဟာ ဘုရင်မင်းမြတ်ရဲ့ ကရုဏာတော်အပေါ်ပဲ လုံးလုံးလျားလျားမှီတည်နေပါတယ်။ အစိုးရဘက်က လုပ်ငန်းစဉ်တွေက မကြာပါဘူး။ ဘုရင်မင်းမြတ်က ဘယ်လောက်အချိန်ယူမယ်ဆိုတာနှင့်ပဲဆိုင်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
Source Bangkok Post
၃၀ ဩဂုတ် ၂၀၂၃
INGO နှင့် NGO အဖွဲ့များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ် ဆောင်နိုင်ရေးသက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ကို မှာကြားပါတယ်။
ဩဂုတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန််ချက်အရသိရပါတယ်။
“ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီ ပေးနေသည့် အဖွဲ့ အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိနေတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။
ယင်းအပြင် မီဒီယာလုပ်ငန်းများနှင့်ပတ်သက်၍လည်း “ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု များ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေဖို့အတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင် ရွက်သွားဖို့လိုအပ်တယ်လို့ ဝန်ကြီးတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီဒီယာကဏ္ဍအနေဖြင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုပါတယ်။
“မီဒီယာကဏ္ဏအနေနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လိုတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။လာရောက်သည့် ခရီးသွားများ အနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
အစည်းအဝေးတွင် ပညာရေး၊စိုက်ပျိုးမွေးမြူရေး၊ကုန်ထုတ်လုပ်မှုနှင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊စာရင်းဇယားများ မှန်ကန်တိကျရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း မှာကြားခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယခုအစည်းအဝေးသည် အစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးဖြစ်ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
၃၀ ဩဂုတ် ၂၀၂၃
ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်ကြေညာအပြီးတွင် အဆိုပါရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းပြီး ဂါဘွန် စစ်သားအုပ်စုတစ်စုက အာဏာသိမ်းယူလိုက်ကြောင်း ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပါတယ်။
ကြေညာနေစဉ်အတွင်း ဂါဘွန်နိုင်ငံမြို့တော် လစ်ဘရီဗီလီတွင် သေနတ်သံတွေကြားရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်များက ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းကြောင်းကြေညာတဲ့ စစ်သားများထဲမှ တစ်ဦးက “ သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ပါ ပြောကြားပါတယ်။
“ လက်ရှိအစိုးရကို နိဂုံးချုပ်ပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ဂါဘွန် ၂၄ ရုပ်သံမှကြေညာရာတွင် စစ်သားတစ်ဦးက ပြောပါတယ်။ သူဟာ “ အဖွဲ့အစည်းများ အသွင်ကူးပြောင်းရေး နှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ” ကိုယ်စားပြုပြောကြားတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ အဲဒါကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှင့် အဲဒီရွေးကောက်ပွဲရဲ့ရလဒ်တွေကို ဖျက်သိမ်းပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။
“သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းအားလုံးဖျက်သိမ်းပါတယ်။ အစိုးရ၊ဆီးနိတ်၊ အမျိုးသားလွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတွေဖြစ်ကြတယ်” လို့ သူကပြောပြီး နောက်ထပ်မကြေညာမချင်း နယ်စပ်တွေပါပိတ်လိုက်တယ်လို့ပါ ကြေညာသွားပါတယ်။
အဲဒီစစ်သားတွေထဲမှာ သမ္မတအစောင့်တွေနှင့် ပုံမှန်စစ်တပ် စစ်သားတွေနှင့်ရဲအရာရှိတွေပါဝင်ပါတယ်။
အမျိုးသားရွေးကောက်ပွဲကော်မရှင်က အာဏာ ၁၄နှစ်အထိရယူထားတဲ့ ဘွန်ဂိုဟာ တတိယမြောက်သက်တမ်းအတွက် ရွေးကောက်ပွဲမဲ ၆၄.၂၇ ရာခိုင်နှုန်းနှင့်ထပ်မံအရွေးခံရတယ်လို့ ကြေငြာအပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဘွန်ဂိုရဲ့ပြိုင်ဘက် အဲလ်ဘတ်အွန်ဒိုအိုဆာဟာ ၃၀.၇၇ ရာခိုင်နှုန်းပဲမဲရခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်ကြေညာချက်အရ သိရပါတယ်။
ရွေးကောက်ပွဲမှာ ဘွန်ဂိုရဲ့ အဖွဲ့တွေ လိမ်လည်မှုတွေကြိုးကိုင်လှုပ်ရှားခဲ့ကြတယ်လို့ မဲပေးမှုမပိတ်ခင် အွန်ဒိုအိုဆာက ရှုတ်ချပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့တုန်းက အွန်ဒိုအိုဆာရဲ့ မဲဆွယ်ပွဲ မန်နေဂျာ မိုက်ဂျောတိန်းက ဘွန်ဂို့ကို သွေးထွက်သံယိုမဖြစ်စဘဲ အာဏာလွှဲပေးဖို့ပြောခဲ့ပါတယ်။ သူက အထောက်အထားအတိအကျမပြဘဲ မဲတစ်စိတ်တစ်ပိုင်းရေတွက်မှုအပြီးမှာ အွန်ဒိုအိုတာက ရှင်းရှင်းလင်းလင်းအနိုင်ရနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ မနက် ၃နာရီ ၃၀ မိနစ်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
စနေနေ့ မဲပေးမှုမပြီးဆုံးခင် ဘွန်ဂိုအစိုးရက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အင်တာနက်တွေပိတ်ခဲ့ ပါတယ်။ အကြောင်းပြချက်က သတင်းမှားတွေ ပျံ့နှံသွားမှာ နှင့် အကြမ်းဖက်မှုတွေဖြစ်လာနိုင်တာကို ကြိုတင်ဟန့်တားဖို့လို့ဆိုပါတယ်။
ဂါဘွန်အာဏာသိမ်းမှုဟာ အနောက်နှင့်အလယ်အာဖရိကဒေသမှာ ၂၀၂၀ပြည့်နှစ်ကတည်းကဆိုရင် (၈)ခုမြောက် ဖြစ်ပါတယ်။ ယခုမတိုင်ခင်က နိုင်ဂျာနိုင်ငံမှာ ဇူလိုင်ကအာဏာသိမ်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်က မာလီ၊ဂူအင်နီယာ၊ ဘာကီနာဖာဆိုနှင့် ချက်ဒ်တို့မှာ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပါတယ်။
Source NDTV/Reuters/CNN
Page 78 of 208