၃၁ ဇန်နဝါရီ ၂၀၂၄
နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းနစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယနေ့ဇန်နဝါရီ (၃၁)ရက်နေ့တွင် နေပြည်တော် နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)တွင် သက်တမ်း(၆)လတိုးကြောင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံသက်တမ်း တိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန် များထမ်းဆောင်ခဲ့မှုအခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရှိနယ်မြေများ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုအခြေအနေများ၊တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၌ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့်
နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအားတည်ငြိမ်အေးချမ်းသည့်ပုံမှန်အနေအထား၊သာမန်အနေအထားသို့ရောက်အောင် ဆက်လက် ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ . အထူးဖိတ်ကြားထားသူများကဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့်ရန်အတွက်ထောက်ခံ ဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးတွင်ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ များအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များအားလုံး၏သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေ အနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကိုအမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊အထူးဖိတ်ကြား ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
Published_31 Jan 2024
မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦး နှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
ဇန်နဝါရီလ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင် ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦး၊စုစုပေါင်း ၁၀ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်း ဆောင် ရွက် ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်းလည်း ယင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံ ရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့် အဝ ထင်ဟပ်စေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို ပြတ်သားစွာ အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးရာ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေး ထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်းလည်း သိရသည်။
Yangon_Times/PP
၃၀ ဇန်နဝါရီ ၂၀၂၄
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နစက ဥပဒေအမှတ်၁၅/၂၀၂၄ ဖြင့် ယနေ့ ၂၀၂၄ခုနှစ်ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ဥပဒေအရ ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၆)ရက်တွင်ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)၊ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဇ)၊ပုဒ်မ ၁၇နှင့် ပုဒ်မ ၁၉ တို့ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ပြင်ဆင်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရ
ခြင်းကြောင့်ဖြစ်စေ” ဟူသော မူလဥပဒေပုဒ်မ၂ ပုဒ်မခွဲ(ဆ)ပါ စကားရပ်ကို ချပ်လှပ်ထားခဲ့ကြောင်း တွေ့ ရပါတယ်။
ထို့အပြင် “ရက်ပေါင်း ၉၀” နှင့် “ရက်ပေါင်း ၁၈၀”ဆိုသည့် စကားရပ်များကိုလည်း အစားထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ပါတီများ အတွက် ပါတီဝင်လိုအပ်ချက်ကို ဦးရေ၁၀၀၀၀၀(တစ်သိန်း)မှ ၅၀၀၀၀ (ငါးသောင်း) သို့လျှော့ချ ပေးခဲ့ပါတယ်။ ပါတီရုံးခန်းဖွင့်ရန်လည်း မြို့နယ်အားလုံး၏အနည်းဆုံး ထက်ဝက်အစား အနည်းဆုံးသုံးပုံတစ်ပုံ သို့လျှော့ချပေခဲ့ပါတယ်။
ပုဒ်မများနှင့်ပုဒ်မခွဲအလိုက်ပြင်ဆင်ခြင်းများကို ရှင်းလင်းစွာသိစေနိုင်ရန်အတွက် ဇယားကားချပ်များဖြင့် YMG က ပူးတွဲတင်ပြပေးထားပါတယ်။
@ymg/knl
၂၉ ဇန်နဝါရီ ၂၀၂၄
မြန်မာနိုင်ငံရေးအကျပ်အတည်းများကိုဖြေရှင်းရာတွင် မြန်မာကိုယ်ပိုင်ဦးဆောင်သည့် ကျယ်ပြန့်သော နိုင်ငံရေး အဖြေရှာမှုကို အာဆီယံက ထောက်ခံတယ်လို့ ယနေ့ ဇန်နဝါရီ ၂၉ရက်မှာ လာအိုနိုင်ငံ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့တွင်ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကြေညာပါတယ်။
မြန်မာနိုင်ငံ အစိုးရရဲ့ ကိုယ်စားလှယ် အဖြစ် နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန်ဒေါ်မာလာသန်းထိုက်ကို ပထမဆုံးအကြိမ်စေလွှတ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်မှာ ယင်းကဲ့သို့ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းများဖြေရှင်းရာတွင် ဘုံသဘောတူညီချက်(၅)ချက်က အဓိကကိုးကားရာ အဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိအကျပ်အတည်းများအပေါ် ငြိမ်းချမ်းပြီးကျယ်ပြန့်မှုရှိကာ ခိုင်မြဲစေမည့် အဖြေများ ရှာဖွေရာတွင် မြန်မာနိုင်ငံသည် အာဆီယံ၏ ပေါင်းစည်းသော အစိတ်အပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေလို့ အာဆီယံကကူညီမှုပေးဖို့ဆက်လက်ကတိကဝတ်ပြုတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏စည်းလုံးမှုကို ထပ်လောင်းအတည်ပြုပြီး မည်သည့်ဆောင်ရွက်မှုမျိုး မဆို ဘုံသဘောတူညီချက်(၅) ချက်နှင့် ကိုက်ညီပံ့ပိုးမှုရှိရန်နှင့် အာဆီယံဥက္ကဋ္ဌနှင့်ညှိနှိုင်းဆောင်ရွက်ရန်လည်း သတင်းထုတ်ပြန်ချက်မှာ ထပ်လောင်းအသိပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အဖြစ် လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဟောင်း Mr. Alounkeo KITTIKHOUN ကိုခန့်အပ်ခဲတာကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြိုဆို ခဲ့ကြပါတယ်။
“သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့်ထိတွေ့ဆောင်ရွက်နေသည့် သူ၏ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ လေးစားသည်။ဒေသတွင်း ငြိမ်းချမ်းကြွယ်ဝရေးကိုပံ့ပိုးပေးသည့် ငြိမ်းချမ်းတည်ငြိမ်ပြီးပေါင်းစည်းသော မြန်မာ နိုင်ငံသို့ ဦးတည်သည့် မြန်မာပြည်သူများ မြန်မာကိုယ်ပိုင်ဦးဆောင်သည့်အဖြေကိုရှာဖွေရာတွင် ကူညီမှုပေးရန် သူ၏ ဖြေရှင်းဆောင်ရွက်မှုကို ကျွန်ုပ်တို့ယုံကြည်သည်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် အာဆီယံ AHA Centre က ဒုတိယအဆင့်အဖြစ် အာဆီယံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုတိုးတက်နေမှုကို အစည်းအဝေးက အသိအမှတ်ပြုခဲ့ပါတယ်။အထူးသဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနှင့် ဆီဆိုင်မြို့များရှိ နေရပ်စွန့်ခွာ၍ ခဲ့ကြရတဲ့ ပြည်သူများထံ အကူအညီများဖြန့်ဝေပေးနိုင်ခဲ့ပြီး ယင်းကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ပြင်ပမိတ်ဖက်များနှင့်ပုဂ္ဂလိက ကဏ္ဍများမှ လည်း ဒုတိယအဆင့်ပို၍ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အကူအညီများတိုးပေးဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ကြ ပါတယ်။
လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီဘေးကင်းစွာပို့ဆောင်နိုင်ရေးအတွက် လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ပေးကြဖို့လည်း အစည်းအဝေးကတိုက်တွန်းခဲ့ပါတယ်။
“ အဖွဲ့များအားလုံး အဆုံးစွန်သည်းခံကြရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ ထိန်းသိမ်းကြပါရန်နှင့် အရပ်သားအားလုံးကို အကာအကွယ် လုံခြုံမှု အသေအချာပေးနိုင်ရန် လိုအပ်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းသည်” လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ယင်းတို့၏ ကြက်ခြေနီအဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်တလျောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမြှင့်တင်ဆောင်ရွက်နေမှုတွေကိုလည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက ကြိုဆိုခဲ့ပါတယ်။
အာဆီံယံဘုံသဘာတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံ၏ စုပေါင်းအားထုတ်မှုအပေါ် အထောက်အပံ့ဖြစ်စေနိုင်တဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြန့်ဝေနေခြင်းများကို စောင့်ကြပ်ကြည့်ရှုရာတွင် AHA Centre အနေဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အစည်းအဝေးက တိုက်တွန်းခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
@ymg/knl
၂၈ ဇန်နဝါရီ ၂၀၂၄
လာအိုမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို စေလွှတ်ဖို့ အာဆီယံကဆုံးဖြတ်ထားတဲ့အပေါ် မြန်မာနိုင်ငံနစကမှ လာအိုမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အခြား သံတမန်အရင်းအမြစ်နှစ်ခုကလည်း ဒေါ်မာလာသန်းထိုက် တက်ရောက်နေတာကို အတည်ပြုတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
“အာဆီယံရဲ့မူဝါဒမပြောင်းလဲဘူး။ မြန်မာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်လုပ်ဆောင်ရာမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ရာထူးလက်ခံပြီးသိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ပြီး နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ လွမ်ဖရာဘန်မြို့မှာ ယနေ့ ဇန်နဝါရီ ၂၈ ရက်မှာကျင်းပနေတာဖြစ်ပါတယ်။
@ymg/knl
၂၈ ဇန်နဝါရီ ၂၀၂၄
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဒေသခံတစ်ဦးကို သတ်မှုဖြင့် AA လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သည်ဟုမှတ်ယူထား သည့် မြန်မာနိုင်ငံသား (၄)ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယပြည်တွင်းသတင်းမီဒီယာများက သတင်းရေးသားပါတယ်။
အဆိုပါ (၄)ဦးထဲမှ (၃)ဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တစ်ဦးကို မီဇိုရမ် တောင်ပိုင်း ဆီယာဟာမြို့ပြင်မှာ တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အသတ်ခံရတဲ့ ဆီယာဟာမြို့ဒေသခံ ကေအယ်လ် ဇိုအာရှာသည် အဲဒီမြန်မာတွေကို သူမောင်းနှင်တဲ့ သုံးဘီးယာဉ်ဖြင့် မြန်မာ နယ်စပ်အနီး လောက်လိုင် Lawngtlai မြို့ကို ဗုဒ္ဓဟူးနေ့က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့ ရဲကဖြည့်စွက်ပြောပါတယ်။
အဲဒီညမှာ ဇိုအာရှာ အိမ်ပြန်ရောက်မလာလို့ မိသားစုတွေက စိတ်ပူပြီး ဖုန်းဆက်ပေမယ့် ဇိုအာရှာဖုန်းကပိတ်ထားပါတယ်။
ကြာသပတေးနေ့မနက်မှာတော့ သူ့သုံးဘီးယာဉ်ကို ဆီယာဟာမြို့ပြင်မှာ ပြန်တွေ့ရပြီး အဲဒီနေ့ညနေပိုင်းမှာတော့ သူ့အလောင်းကို လောင်လိုင်းမြို့အနီးမှာရှာတွေ့ခဲ့ပါတယ်လို့ ရဲကပြောပါတယ်။
မီဇိုရမ်ရဲ့ ဦးဆောင် ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မီဇိုဇီယာလိုင်းပေါ Mizo Zirlai Pawl (MZP)က အဆိုပြစ်မှု ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလာကြသူတွေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း Arakan Army (AA) နှင့် ပတ်သက်သူတွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးတော့ အဲဒီသူတွေဟာ ဒုက္ခသည်တွေမဟုတ်ဘဲ မီဇိုရမ်ကို အလုပ်ကိစ္စနှင့် ရောက်လာခဲ့ကြတာလို့လည်း MZP ကျောင်းသားအဖွဲ့ကဆက်ပြော့ပါတယ်။
@ymg/knl
၂၇ ဇန်နဝါရီ ၂၀၂၄
ယခုရက်ပိုင်းအတွင်း တပ်မတော်က တန်ပြန်ဒရုန်းစစ်ဆင်ရေးဆောင်ရွက်တဲ့ ဗီဒီယိုဖိုင်တွေ ဆက်တိုက်ဆိုသလို အွန်လိုင်းမှာ ပျံ့နှံ့လာတာ တွေ့ရပြီး အချို့နေရာတွေမှာ ဒရုန်းစစ်ဆင်ရေးတွေ ထိရောက်မှုရှိနေတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်ဘက်မှ စစ်သတင်းများကိုတင်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခု က ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာရှိတဲ့ AA လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကို တပ်က Drop Bomb ကျဲ၍ တိုက်ခိုက်တဲ့ ရုပ်သံဖိုင်ကို ဇန်နဝါရီ ၂၃ ရက်က တင်ထားတာ တွေ့ရပါတယ်။
အလားတူ အွန်လိုင်း မီဒီယာတစ်ခုကလည်း ဇန်နဝါရီ ၆ ရက်မှာ ကော့ကရိတ်မြို့တိုက်ပွဲ၌ စစ်မြေပြင်သတင်း ရယူနေစဉ် တပ်မတော်ရဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို ကြုံတွေ့ပြီး မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ ရေးသားလေ့ရှိတဲ့ အခြား တယ်လီဂရမ်ချန်နယ်တစ်ခုကလည်း လွိုင်ကော်မြို့နဲ့ အနီးပတ်ဝန်းကျင်မှ KPDF တွေရဲ့ နေရာတွေကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲ့တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ထားပါတယ်။
အဆိုပါရုပ်သံတွေနှင့်ပတ်သက်ပြီး မှန်ကန်မှုရှိကြောင်းနှင့် တပ်မတော်က တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ ခပ်စိပ်စိပ် ဆောင်ရွက်လာတာဖြစ်တယ်လို့ တပ်မတော်နှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်များက YMG ကိုအတည်ပြုပြောဆိုပါတယ်။
“ ဟုတ်ပါတယ်။ တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အချို့နေရာတွေမှာ ထိရောက်မှုရှိပြီး အောင်မြင်မှုတွေရှိပါတယ်” လို့လည်း အဆိုပါ အမည်မဖော်ပြလိုတဲ့ အရင်းအမြစ်က ဆက်လက်ပြောဆိုပါတယ်။
ဒါကြောင့် ဇန်နဝါရီလ အတွင်းမှာ တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နှင်းရေး တန်ပြန်ဒရုန်းစစ်ဆင်ရေးနှင့် ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို ခပ်စိပ်စိပ် မြင်တွေ့လာရတာပဲ ဖြစ်တယ်လို့ အခြားအရင်းအမြစ်တစ်ခုကလည်း ထပ်မံ အတည်ပြု ပေးခဲ့ပါတယ်။
--ymg/knl
Page 65 of 223