၁၃ ဖေဖော်ဝါရီ ၂၀၂၄
ကာတာအခြေစိုက် အယ်ဂျားဇီးယားသတင်းဌာနကို ဂါဇာကနေ ပုံမှန်သတင်းပေးပို့နေတဲ့ အထင်ကရ သတင်းထောက်ဟာ ဟားမာ့စ်ရဲ့ တပ်မှူးတစ်ဦးဖြစ်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရသူ အေဗီချေး အန်ဒရီက အဆိုပါ သတင်းထောက် မူဟာမက် ဝါရှားပိုင်ဆိုင်တဲ့ လက်ပ်တော့ကွန်ပျူတာကို ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ပြန်လည်ဖော်ထုတ်ထားတယ်လို့ပြောပါတယ်။
အန်ဒရီရဲ့အဆိုအရ အဲဒီလက်ပ်တော့ထဲမှ ဝါရှားအနေနှင့် အကီဲးတန်းစစ်ဆင်ရေးမှူးတစ်ဦးအဖြစ် ပါဝင်ပတ်သက်နေတာကို သက်သေပြနေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။
အဲဒီလက်ပ်တော့ထဲမှာ အသက် ၃၂နှစ်အရွယ် သတင်းထောက်ဝါရှားဟာ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားတဲ့ပုံတွေ တွေ့ရှိရပါတယ်။ အဲဒီလက်နက်တွေထဲမှာအောက်တိုဘာ ၇ ရက်စစ်ဆင်ရေးအတွင်း ဟားမာ့စ်တွေသုံးခဲ့တဲ့ ဒုံးတပ် လက်ပစ်ဗုံးတွေ ၊လက်နက်တပ်ဆင်ထားတဲ့ဒရုန်းတွေနှင့် အလားတူလက်နက်တွေပါဝင်ပါတယ်။နောက်ပုံတွေမှာတော့ သူဟာပါလက်စတိုင်းအုပ်စုအတွက် လေကြောင်းလက်နက်တွေတပ်ဆင်ပေးတာမှာ ပါဝင်ဆောင်ရွက်နေတာတွေ ပါဝင်နေ ပါတယ်။
“ အယ်ဂျာဇီးယား သတင်းထောက် မူဟာမက်ဝါးရှားပိုင်ဆိုင်တဲ့ လက်ပ်တော့တစ်ခုကို ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးစစ်တပ်က တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။ သူဟာ တင့်ကားဖျက်အခင်းအကျင်းတွေမှာ ဟားမာ့စ်ရဲ့ စစ်ဆင်ရေး အကြီး တန်းရာထူးအဆင့်ရှိခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ ပုံတွေ လက်ပ်တော့ထဲရှိနေပါတယ်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းမှာ သူဟာ အဖွဲ့ရဲ့ ကောင်းကင်လက်နက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့တယ်” လို့ အန်ဒရီက ပြောပါတယ်။
အစ္စရေးစစ်တပ်က သိမ်းဆည်းရမိတဲ့ အဲဒီလက်ပ်တော့ထဲမှာ ဝါရှားနှင့် ဟားမာ့စ်လှုပ်ရှားမှုတွေဆက်စပ်နေတာကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အန်ဒရီကပြောပါတယ်။
“ ဟေး အယ်ဂျာဇီးယား။ ကျုပ်တို့က ခင်ဗျားတို့ရဲ့ သတင်းထောက်တွေဟာ ရှေ့တန်းမှာ ဟားမာ့စ် အကြမ်းထက်တွေအနေနှင့် မပါဝင်ဘဲ အခြေအနေတွေကို ဘက်လိုက်မှုမရှိ သတင်းပေးပို့နေတယ်လို့ ထင်ထားခဲ့တာ” လို့ အန်ဒရီးက ဆိုရှယ်မီဒီယာကနေ အယ်ဂျာဇီးယားကို တိုက်ရိုက်ဝေဖန်ထားပါတယ်။
ဂါဇာဒေသခံ ဝါရှားဟာ ပြီးခဲ့တဲ့လများအတွင်း အယ်ဂျာဇီးယားရုပ်မြင်သံကြားမှာ သတင်းထောက်တစ်ဦးအဖြစ် သတင်းများ စွာထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၂၃ နိုဝင်ဘာလမှာ သူဟာ “ အယ်ဂျာဇီးယား၏ မိုဟာမက်ဝါရှား- နူဆီရက်ဒုက္ခသည်စခန်း အစ္စရေး စစ်ဆင်ရေးမြင်ကွင်းများမှ သတင်းပေးပို့သည်” လို့ အထူးပြုပြီး သတင်းဆောင်းပါးတစ်ခု ရေးသားခဲ့ပါတယ်။
ယခုထက်ထိတော့ အယ်ဂျာဇီးယားရော၊ ကာတာအစိုးရကပါ အစ္စရေးရဲ့ အပြင်းအထန်စွပ်စွဲထားတာတွေကို ပြန်လည် မတုန့်ပြန်သေးပါဘူး။
Source: NDTV
၁၂ ဖေဖော်ဝါရီ
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၂ရက် ညမှာ နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်တွင် တည့်ခင်းဧည့်ခံခဲ့ပါတယ်။
အဆိုပါညစာစားပွဲသို့ NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများတက်ရောက်ကြတာတွေ့ရပါတယ်။
အခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊နစက အဖွဲ့ဝင် များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်အတူ NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ နှင့်ကိုယ်စားလှယ် များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ MSME. လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဗိုလ်ချုပ်မှူးကြီးက ထိုပုဂ္ဂိုလ်များ အား တစ်ဦး ချင်းလိုက်လံနှုတ်ဆက်ခဲ့ကြောင်းလည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၁၂ ဖေဖော်ဝါရီ ၂၀၂၄
ယခုအပတ် ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှပြေးနေသည့် သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုကို ဘက်လိုက်ထောက်ခံပြီး မဲဆန္ဒရှင်များကို အာဏာအလွဲသုံးစားလုပ်ကာဆွယ်ခဲ့သည့် ရာထူးစွန့်တော့မည့် သမ္မတ ဂျိုကို ဝီဒိုဒို၏ လုပ်ရပ်ကို ကန့်ကွက် သည့်အနေဖြင့် ရာပေါင်းများစွာသော ကျောင်းသားကျောင်းသူများက တနင်္လာနေ့တွင် ဆန္ဒပြကြဖို့စီစဉ်ထားပါတယ်။
ဂျိုကိုဝီဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတလောင်း (၃)ဦးထဲက တစ်ဦးဦးကို အတိအလင်းထောက်ခံတာမလုပ်ခဲ့ပေမယ့် ပါရာဘိုဝိုကို ထူးထူးခြားခြားကို လူသိရှင်ကြားအတူတွဲထွက်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ဂျိုကိုဝီရဲ့အကြီးဆုံးသားကို ပါရာဘိုဝိုက သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်က စစ်တမ်း(၂)ခုအရ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပရာဘိုဝိုဟာ တစ်ကြိမ်တည်းနှင့်ပင် ဆန္ဒမဲ ထက်ဝက်ကျော်ရရှိလိမ့်ယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ အန်နီဘက်ဝီဒန်နှင့် ဂန်ဂျာပရာနိုဝိုတို့ကတော့ သူ့နောက်မှာ ၂၀ ရာခိုင်နှုန်းခန့်ကွာပြီး မဲတွေရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အချို့သော မဲဆန္ဒရှင်တွေက ဂျိုကိုဝို ကြားမနေတဲ့အပေါ် ဝေဖန်နေကြပြီး သူဟာ သမ္မတလောင်တစ်ဦးတည်းကို မမျှတတဲ့ အသာစီးတွေပေးထားပြီး အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကို သေးသိမ်အောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
“ သူဟာ ကျင့်ဝတ်နှင့်စာရိတ္တပိုင်းဆိုင်ရာတွေကို ချိုးဖောက်နေတယ်” လို့ ဂျာဗားကျွန်း ယိုဂျာကာတာမှ ဆန္ဒပြပွဲကြီးမှူး ကျင်းပသူတစ်ဦးဖြစ်တဲ့ အက်စီဂီဂျေနန်က အင်စတာဂရမ်မှာ ဝေဖန်ရေးသားပါတယ်။
များစွာသော လူ့အခွင့်အရေးအုပ်စုတွေကလည်း မြို့တော်ဂျာကာတာမှာ နောက်ထပ် ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။
အင်ဒိုနီးရှားက စုံစမ်းဖော်ထုတ်သတင်းစာဆရာ ဒန်ဒီလက်ဆိုနိုရဲ့ သတင်းမှတ်တမ်းတစ်ခုထုတ်လုပ်ပြီးတဲ့နောက် ယခုလို ဆန္ဒပြပွဲစီစဉ်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဆိုပါသတင်းမှတ်တမ်းရုပ်သံထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနှင့် အစိုးရ လူမှုဝန်ထမ်းအရင်းအမြစ်တွေအပါအဝင် အစိုးရအရာရှိတွေကို ပရာဘိုဝိုအတွက် အသုံးပြုနေ ကြတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။
အဲဒီရုပ်သံကို “ ညစ်ပတ်သည့်မဲ”လို့ အမည်ပေးထားပြီး ဒီတစ်ပတ်ထဲထုတ်လွှင့်ခဲ့ရာမှာ တနင်္လာနေ့အထိ ယူကျုတစ်ခုတည်း မှာ ကြည့်ရှုသူ လေးသန်းနီးပါးရှိခဲ့ပါတယ်။
ပရာဘိုဝိုရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဆိုပါစွပ်စွဲချက်ကိုပယ်ချလိုက်ပြီး အဲဒီရုပ်သံထဲမှာ အသေရေဖျက်ထားတာတွေ အများကြီးပါနေတယ် လို့ ပြောထားပါတယ်။
ရွေးကောက်ပွဲကာလအတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်ရေးရဲ စုစုပေါင်း နှစ်သောင်းငါးထောင်ကို ဖြန့်ကျက် ချထားမှာဖြစ်ပါတယ်။
Source Reuters
@ymg/knl
၁၁ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုသုံးသပ်နေမှုများရှိနေပြီး ယင်းနှင့်ပတ်သက်၍ ပြည်သူ လူထုပိုမိုသိရှိစေရန်အတွက်နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ထပ်မံ၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးပါတယ်။
@ymg/knl
၁၀ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ပြောကြားချက်အပြည့်အစုံ ကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၁၀ ဖေဖော်ဝါရီ ၂၀၂၄
တပ်မတော်က ကောလင်းမြို့အား ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ် ဖြစ် ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမား များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ိ
ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက် ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့လည်း အဆိုပါအဖွဲ့များက ကြေညာခဲ့ပါတယ်။
အဲဒီအတွက်ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ အနိုင်ကျင့် ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေ ဖြင့်လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာ ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တောင်း ဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီး ပတ်ဝန်းကျင်တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြကာ ယင်းမှ စစ်ဆင်ရေးစတင်ခဲ့ပြီး ယခုကောလင်းမြို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်၊အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်း များကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရတယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများ ကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ် များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါအဖွဲ့များထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည် သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင် ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl
၁၀ ဖေဖော်ဝါရီ ၂၀၂၄
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မှု ထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်နေ့(ယနေ့)တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့်နစက,ကထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မပုဒ်မခွဲ(ခ)အရ ယခုကဲ့ သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်ဟူ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ(၂)၊ပုဒ်မခွဲ(ခ)တွင်ဖော်ပြထားပါတယ်။
ယင်းအပြင် ပုဒ်မ(၂)၊ပုဒ်မခွဲ(ဂ)တွင် တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင် အမှုထမ်း လျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင် ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်” ဟူ၍ဖော်ပြပါရှိပါတယ်။
ပုဒ်မ(၂)၊ပုဒ်မခွဲ(ဃ)တွင် ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်” ဟူ၍သတ်မှတ် ထားပါတယ်။
အဆိုပါဥပဒေပုဒ်မ(၃)အရ
“၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-
(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။” ဟူ၍ ဖော်ပြထားပါတယ်။
လိုအပ်သည့်ဥပဒေနှင့်ဆက်စပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ကိုကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာ သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ် ကြောင်း”ဟူသည့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။
@ymg/knl
Page 63 of 223