၂၄ မတ် ၂၀၂၄
အာသံရိုင်ဖယ်နှင့်မီဇိုရမ်ရဲတပ်ဖွဲ့မီဇိုရမ်နှင့်မြန်မာနယ်စပ်အနီး ဇိုခေါ်သာ ရွာတွင် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းအမြောက်အများနှင့်သောကြာနေ့က ဖမ်းဆီးမိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေသဆိုင်ရာ သတင်းဌာနများက သတင်းဖော်ပြကြပါတယ်။
ဖမ်းမိတဲ့လက်နက်များမှာ ကျည်ကပ်တစ်ခုပါ M4 ရိုင်ဖယ်တစ်လက်၊ ကျည်ကပ်ပါ ဂျာမန်ပစ်စတိုတစ်လက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနှင့် ဟဲလ်မက် နှစ်လုံးတို့ဖြစ်ကြပါတယ်။
အာသံရိုင်ဖယ်တပ်က အဆိုပါမြန်မာနိုင်ငံသားကို တရားမဝင်လက်နက်ခဲယမ်းများပိုင်ဆိုင်မှုနှင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ လက်နက်များနှင့်ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားကို ဇိုခေါ်သာ ရဲတပ်ဖွဲ့လက်သို့ ဆက်လက်အရေးယူဖို့အဲဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့ပါတယ်။
Source: RW India
၂၃ မတ် ၂၀၂၄
ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာမှာပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ကုန်သွယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကဲ့သို့သော အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများက ရေးသားကြပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်သည် မြန်မာသံအမတ်အသစ် ဦးကျော်စိုးမင်းကို သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်ဟွန်မန်နက်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွေအကြား ကာလရှည် သံတမန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုခဲ့ပြီး ဦးကျော်စိုးမင်းကိုလည်း မြန်မာသံအမတ်ကြီးအသစ်အဖြစ် ကြိုဆိုဂုဏ်ပြု ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းကလည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ကိုဗစ်-၁၉ ကာလမှာ ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
သူတာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ခိုင်မြဲအောင်ကြိုးစားသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ရေးသား ဖော်ပြခဲ့ပါတယ်။
@ymg/knl
၂၁ မတ် ၂၀၂၄
ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။
အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ ရှိနေပါ တယ်။
သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။
ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။
ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့် အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။
သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။ ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။
@Source Reuters
@knl/ymg
၁၇ မတ် ၂၀၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည် ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့(မတ်၁၇ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့်ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်သားပြည်သူတွေ စည်ကားစွာတက်ရောက်ခဲ့ကြပါတယ်။
မင်္ဂလာအချိန်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်း အနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာ ကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီ တော်အထွတ်သို့ ပင့်ဆောင်ကြပြီးနောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ်၌ တင်လှူပူဇော်ခဲ့ကြပါတယ်။
အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့ သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇) ဆက် အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော်မြတ် များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ကြောင်းသိရှိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီး၏လမ်းညွှန်မှုဖြင့် ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနှစ်ရက်သားသမီး စေတနာ ရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၁၇ မတ် ၂၀၂၄
ဥရောပကော်မရှင်က ကာကွယ်ရေးအစီအစဉ်တွေအတွက် လက်နက်ခဲယမ်း ထုတ်လုပ်ရေးမြှင့်တင်ဖို့ ရန်ပုံငွေ ယူရို သန်း၅၀၀ အပါအဝင် ယူရိုငွေ ၂ ဘီလျံနီးပါးကို ခွဲဝေသုံးစွဲမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်ရေးအထောက်အကူဥပဒေရဲ့အောက်မှာ သုံးစွဲမယ့် ယူရိုသန်း၅၀၀ ဟာ ၂၀၂၅ခုနှစ်အထိ တစ်နှစ်ကို အမြောက်ဆံပေါင်း နှစ်သန်းထုလုပ်နေမှုကို နှစ်ဆတိုးစေလိမ့်မယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Source CCTV+
၁၇ မတ် ၂၀၂၄
ထိုင်းရဲတပ်ဖွဲ့က ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ် ဟက်ပန်းကို အွန်လိုင်းလောင်းကစားမှုနှင့် ဆက်နွယ်တဲ့ ငွေကြေး ခဝါချမှုနှင့် တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပါတယ်။
ယနေ့ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့ မနက်က သမ်ဆွန်းဟောင်ရဲစခန်းမှ ရဲတွေဟာ မြို့ပြရဲတပ်ဖွဲ့ဌာနခွဲ(၂)မှ နို့တစ်စာကို ဘန်ကောက်မြို့ လက်ဆီရပ်ကွက်မှာရှိတဲ့ ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်ရဲ့ အိမ်မှာ လာပေးခဲ့ပါတယ်။ အဆိုပါနို့တစ်စာက ဒုတိယရဲချုပ်ဟာ ကြာသပတေးနေ့က သူ့ကိုတရားစွဲခဲ့တာနှင့်ပတ်သက်လို့ သိရှိစေဖို့အကြောင်းကြားတာဖြစ်ပါတယ်။
အစပထမမှာတော့ ရဲတွေကို ဒုရဲချုပ်ရဲ့အိမ်ဝင်းထဲ လုံခြုံရေးတွေကပေးမဝင်ပါဘူး။ သူတို့က နို့တစ်စာကိုပြဖို့ပြောတဲ့အခါ ရဲတွေက ငြင်းဆန်ခဲ့လို့ဖြစ်ပါတယ်။
အဲဒီနောက် ရဲတွေက သူတို့ကို ဝတ္တရားနှောက်ယှက်မှုနှင့် အရေးယူမယ်လို့ သတိပေးပြီးနောက်မှ ဝင်ခွင့်ရပါတယ်။ အဲဒီအတွက် အခြေအတင်ပြောဆိုညှိနှိုင်းခဲ့ရတာ မိနစ်၂၀လောက်ကြာခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး တော်ဆက် ဆူဗီမိုလ်က နို့တစ်စာအကြောင်း အသိပေးခံခဲ့ရပြီး သူ့အနေနှင့်လည်း ဥပဒေ အရ ရဲချုပ်ကို အရေးယူတဲ့အပေါ် သဘောတူခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
နောက်ပိုင်းမှာ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်က သတင်းထောက်တွေကိုပြောကြားရာမှာ နို့တစ်စာလာပေးတုန်းက သူအိမ် မှာရှိမနေတဲ့အကြောင်းနှင့် သူ့ကိုစုံစမ်းစစ်ဆေးမှုတွေဟာ ဥပဒေကြောင်းအရ လုပ်ခဲ့တာ ဟုတ်မဟုတ် နို့တစ်စာကို အသေးစိတ် စစ်ဆေးဦးမယ်လို့ပြောပါတယ်။အကယ်၍ အဲသလိုမဟုတ်ခဲ့ရင် နို့တစ်စာဟာ တရားမဝင်ဘူးလို့ သူကပြောပါတယ်။
အင်္ဂါနေ့မှာ ဒုရဲချုပ်နှင့် သူ့ရှေ့နေတွေက သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်က သူဟာ အွန်လိုင်းလောင်းကစားကွန်ယက်ကြီးနှင့်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အပေါ် ဒုရဲချုပ်က ငြင်းခဲ့ပါ တယ်။ တရားရုံးဟာ သူ့ကိုဖမ်းဆီးဖို့ ဝရမ်းထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သူကထောက်ပြပါတယ်။
ရဲဗိုလ်ချုပ်ကြီး ဆူရာချတ်ဟာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှာ ဝါအရင့်ဆုံးသူတစ်ဦးဖြစ်နေတာကြောင့် သူ့အပေါ် အသရေဖျက်ဖို့ ကြိုးစားနေကြတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ရှေ့နေ နက်သာဝစ် နက်တီဂျာရူရုတ်က ပြောပါတယ်။
လက်ရှိ ရဲချုပ်ရဲဗိုလ်ချုပ်ကြီး တော်ဆက်ဆူဗီမိုလ်ဟာ ဒီနှစ်စက်တင်ဘာလမှာ အငြိမ်းစားယူဖို့ရှိနေပါတယ်။
မတ် ၁၃ရက်က အွန်လိုင်လောင်းကစားမှုနှင့်ဆက်နွယ်တယ်ဆိုတဲ့စွပ်စွဲချက်နှင့် ထိုင်းရဲအရာရှိကြီး (၃)ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
Source BKK Post, PBS World
၁၂ မတ် ၂၀၂၄
ဘန်ကောက်, မတ် ၁၂ (ရိုက်တာ)- ထိုင်းနိုင်ငံရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward party ကို ဖျက်သိမ်းပစ်ဖို့ တရားရုံး ကို တောင်းဆိုမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာပြောကြားပါတယ်။ နိုင်ငံရဲ အုပ်ချုပ်ရေးစနစ်ကို အဟန့် အတားလုပ်ကာ ဘုရင်စနစ်ကို စော်ကားမှုကိုဆန့်ကျင်တဲ့ ဥပဒေကို ပြင်ဖို့ ပါတီရဲ့ လှုံ့ဆော်စည်းရုံးမှုတွေအပေါ် စိုးရိမ်ပူပန်မှု ကြောင့် ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဆိုပါပါတီဟာ ဘုရင်စနစ်ကိုစော်ကားသူတွေအပေါ် အရေး ယူတဲ့ ဥပဒေကို ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်တာဟာ အခြေခံဥပဒေကိုဖောက်ဖျက်ကျူးလွန်တာဖြစ်တယ်လို့ အမိန့်ချခဲ့ပြီး နောက် ယခု လိုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။
ပါတီရဲ့ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၁၂ ပြင်ဆင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်ဆီးပစ်ဖို့ ကြိုးစားတာဖြစ်ကြောင်းတွေ့ရှိရတယ်လို့ အခြေခံဥပဒေခုံရုံးက အမိန့်ချခဲ့တာပါ။
“ ဒါဟာ ဘုရင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ထားရှိတဲ့ ဒီမိုကရက်စီစနစ်ကို Move Forward party ပါတီက အနှောက်အယှက် ပြုတဲ့ အထောက်အထားပဲဖြစ်တယ်” လို့ အင်္ဂါနေ့(မတ်၁၂)မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
“ ရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေတရားရုံးရဲ့ စီရင်ချက်ကို သုံးသပ်လေ့လာစဉ်းစားပြီးတဲ့နောက် Move Forward party ပါတီကို ဖျက်သိမ်းပေးဖို့ အခြေခံဥပဒေတရားရုံးကို တောင်းဆိုဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
တကယ်လို့သာ ပါတီဖျက်သိမ်းခံရရင် ပါတီရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအလုပ်တွေကနေ ၁၀နှစ်တိတိ အပိတ်ခံရမှာ ဖြစ်ပါတယ်။
Move Forward ပါတီကတော့ သူတို့ဟာ စည်းမျဉ်းခံဘုရင်စနစ်ကိုပိုမိုအားကောင်းလာဖို့နှင့် ဥပဒေကို အလွဲသုံးစားလုပ်တာ တွေ တားဆီးပေးဖို့ပဲ ရည်ရွယ်တာဖြစ်တယ်လို့စောဒကတက်ထားပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘုရင်က နိုင်ငံ့ခေါင်းဆောင်အဖြစ်ရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖြိုလှဲပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” လို့ အဲဒီ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ရိုးသားမှုကို တရားရုံးမှာ ပြသမှာပါ” လို့သူကဆက်ပြောပါတယ်။
Move Forward ပါတီက အမွေဆက်ခံယူခဲ့တဲ့ ယင်းအရင်ပါတီဖြစ်တဲ့ Future Forward ဟာ အလားတူမူဝါဒတွေရှိခဲ့ပြီး ပါတီ ရန်ပုံငွေစည်းမျဉ်းဖောက်ဖျက်မှုနှင့် ၂၀၂၀ပြည့်နှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။
Source: Bangkok Post
@ymg/knl
Page 57 of 223