၅ ဇူလိုင် ၂၀၂၄
SCO အဖွဲ့ကြီးသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို လုံးဝဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံပညာရှင်တစ်ဦးက SCO မီဒီယာများ စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ SCO နိုင်ငံတကာဖလှယ်ရေးနှင့် တရားဥပဒေပူးပေါင်းဆောင်ရွက်ရေး တရုတ်အမျိုးသား သိပ္ပံ ( CNISCO: China National Institute for SCO International Exchange and Judicial Cooperation) ၌ ကျင်းပခဲ့တဲ့ ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာများ စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း လူမှုရေးသိပ္ပံ အကယ်ဒမီမှပါမောက္ခ Pan Guang က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာ စကားဝိုင်းဆွေးနွေးပွဲMedia Delegations Round Table Meeting ကို SCO ၏ အောင်မြင်မှုများနှင့် မျှော်လင့်ချက်များကို မီဒီယာရှုထောင့်အမြင် ( SCO: Achievements and Prospects from the perspective of Media)ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် SCO အဖွဲ့နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်ပညာရှင်များက SCO သည် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာကောင်းများရှိနေတယ်လို့ ပြောကြားပါတယ်။ ယင်းအပြင် SCO အနေဖြင့် ကန့်သတ်ပိတ်ဆို့မှု sanctions များကို ဆန့်ကျင်ပြီး ယင်းကန့်သတ်ပိတ်ဆို့မှုများကြောင့် ကမ္ဘာပေါ်တွင် ကလေးငယ်များ၊အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ သေဆုံးနေကြရတယ်လို့လည်း ပညာရှင်တွေကထောက်ပြပါတယ်။ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတွေကို SCO နိုင်ငံတွေမှာ တိုးမြှင့်လုပ်သွားမှာဖြစ်ပြီး လေ့ကျင့်သင်တန်းတွေ ပညာရပ်ဆိုင်ရာဖိုရမ်တွေကိုလည်း တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ Ms Zheng Weiက ပြောပါတယ်၊
GNFCCSCO ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ရန်ကုန်မီဒီယာအုပ်စုဥက္ကဋ္ဌ ဦးကိုကိုသည် အဆိုပါ မီဒီယာကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်( Shanghai University of Political Science and Law)မှပါမောက္ခ ဝမ်ဝေ (Prof. Wang Wei) က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး မီဒီယာ ဆွေးနွေးပွဲသို့ SCO အိမ်နီးချင်းကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization)အတွင်းရေးမှူးချုပ် Secretary General နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပ-အလယ်အာရှရေးရာဌာန Department of European-Central Asian Affairs of MOFA သံမှူးကြီး (Minister-Counselor) မစ္စ ကျန်ဝေ Ms Zheng Weiနှင့်ပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
မီဒီယာစကားဝိုင်းဆွေးနွေးပွဲသို့ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊အီရန်၊ကာဇက်စတန်၊ တရုတ်၊ ကာဂျစ္စတန်၊ပါကစ္စတန်၊ရုရှား၊တာဂျစ်ကစ္စတန်၊ဥဇဘက်ကစ္စတန် လေ့လာသူ Observers အဆင့်နိုင်ငံများ ဖြစ်သည့် အာဖဂန်နစ္စတန်၊ဘီလာရုဇ်၊ဆွေးနွေးဖက် Dialogue Partners နိုင်ငံများဖြစ်သည့် အာဇာဘိုင်ဂျန်၊ အာမေးနီးယား၊ဘာရိန်း၊အီဂျစ်၊ကမ္ဘောဒီးယား၊ကာတာ၊ကူဝိတ်၊မော်လဒိုက်၊မြန်မာ၊နီပေါ၊တူရကီနှင့်သီရိလင်္ကာတို့ မှ မီဒီယာကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးသည် ပညာရှင်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
SCO မီဒီယာအဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ Food delivery Ele.me ၊NETA အမှတ်တံဆိပ် လျှပ်စစ်ကားထုတ်လုပ်သည့် Hozon New Energy Auto ကုမ္ပဏီ၊ကမ္ဘာ့အကြီးဆုံးပင်လယ်ရေနက်ဆိပ်ကမ်း Yangshan Port၊ ဥမင်လှိုဏ်ခေါင်းတူးဖော်သည့် ယန္တယားများထုတ်လုပ်သည့် Shanghai Tunnel Enginneeringကုမ္ပဏီ တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါတယ်။
SCO မီဒီယာအဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ် ဇူလိုင်၁ရက်မှ ဇူလိုင်၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်း၊ ဘေဂျင်းနှင့် ချင်းတောင်မြို့များတွင် လေ့လာရေးခရီးစဉ်များ ၊ဆွေးနွေးပွဲများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့်ဖိုရမ်ခွဲများ Green Development Forum and Sub forums ကို တက်ရောက်ကြမှာဖြစ်ပါတယ်။
@ymg/knl
\
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် ယနေ့ ဇွန်လ ၂၉ရက်နေ့က ဘေဂျင်းမြို့တော်တွင် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှု အသစ်များ လုပ်ဆောင်သွားမယ်လို့ မစ္စတာဝမ်ယီကပြောကြားခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မစ္စတာဝမ်ယီက သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကိုဆက်လက်ပြောကြားရာမှာ အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာရရှိခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အား တိုက်မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှ ုအတွက် အရေးပါအကျိုးထမ်းဆောင်မှု ပေး ကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။
ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ ရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာတည်ဆောက်သွားလိုတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက် ဂုဏ်ယူ မိတယ်လို့လည်း ဦးသိန်းစိန်ကဆက်လက်ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင်မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံက မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘောတူညီချက်များ ရရှိခဲ့တာဖြစ်တယ်လို့ ဦးသိန်းစိန်ကပြောဆိုခဲ့ကြောင်း တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
၂၇ ဇွန် ၂၀၂၄
နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ပြည့်အခမ်းအနားသို့တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက်တွင် အသိပေးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဦးသိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် နစက ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နစကအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ လေဆိပ်မှာ နှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai ကလည်း နေပြည်တော်လေဆိပ်မှာ နှုတ်ဆက်ခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကလည်း သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အတူလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက် ခွာသွားခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၂၆ ဇွန် ၂၀၂၄
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စောလျင်စွာပြန်သွားဖို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက မြန်မာ နစကအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံသို့အပြန်ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ခရီး တစ်ထောက်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေးရှန်ကာနှင့်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ဆိုရှယ်မီဒီယာ အိတ်စ် အကောင့်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနှင့် အိန္ဒိယနယ်စပ်မှာ မတည်ငြိမ်မှုတွေကိုလည်း သူက မြန်မာဝန်ကြီးဦးသန်းဆွေကို ဆွေးနွေးခဲ့တယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံဟာ အဲဒီကိစ္စတွေအတွက် အဖွဲ့အသီးသီးနှင့်ထိတွေ့ဆက်ဆံဖို့လမ်းဖွင့်ထားပါတယ်လို့လည်း ဆိုပါ တယ်။
အထူးသဖြင့် အဓိကစိန်ခေါ်မှုတွေဟာ တရားမဝင်မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်မှောင်ခိုတွေနှင့် လူကုန်ကူး မှုတွေဖြစ်ပြီး မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံသို့ စောလျင်စွာပြန်ပို့ပေးရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လုပ်လက်စစီမံကိန်းတွေကိုလည်း ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်စောလျင်စွာပြန်ရောက်ဖို့နှင့် အိန္ဒိယအနေနှင့်လည်း မည်သည့်ပုံစံနှင့် ဖြစ်စေ ကူညီဖို့အဆင်သင့်ရှိတယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့တယ်လို့သိရပါတယ်။
@ymg/knl
၂၆ ဇွန် ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တင်ဘရစ်သည် မြန်မာ့တပ်မတော်၊ ရေတပ်အကြီးတန်းအရာရှိကြီး တစ်ဦးနှင့် ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော်တွင်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ The Diplomat သတင်းဌာနက သတင်းဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနှင့်ပစိဖတ်ရေးရာတာဝန်ယူရတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီ ယယ်ကရင်တင်ဘရစ်သည် မြန်မာ့တပ်မတော်(ရေ)ရဲ့ တိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်လင်းဇော်နှင့်တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံမှုကိုသိသူတစ်ဦးက The Diplomat သတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။
ကရစ်တင်ဘရစ်သည် ရုရှားသမ္မတပူတင် ဗီယက်နမ်ခရီးပြီးဆုံးပြီးသိပ်မကြာ ဇွန် ၂၁ရက်နေ့မှာ ဟနွိုင်းမြို့တော်သို့ တရားဝင် ခရီးလာရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာ တပ်မတော်(ရေ) မှ ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် တွေ့ဆုံရာသို့ ကရစ်တင်ဘရစ်နှင့်အတူ အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ပီတာ လိုမန်နှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ ဆူဆန်စတီဗင်ဆန်တို့ လည်းတက်ရောက်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဟနွိုင်းမှာရှိတဲ့အမေရိကန်သံရုံးကတော့ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး သတင်းဌာနရဲ့မေးမြန်းချက်ကို ဘာမှပြန်မပြောဘူး လို့သိရပါတယ်။
ကရစ်တန်ဘရစ်နှင့် ဗိုလ်မှူးချုပ်ကျော်လင်းဇော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အဖြေရလဒ်တစ်ခုမထွက်ပေါ်ခဲ့ပေမယ့် သူတို့ကပြော ဆိုဆက်သွယ်မှုတွေ တိုးတက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ကာ မကြာမီ နောက်တစ်ကြိမ်ပြန်တွေလိမ့်ဦးမယ်လို့ The Diplomat သတင်းဌာနကို အဆိုပါသတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားပါတယ်။
အမေရိကန်နိုင်ငံဟာ ပဋိပက္ခတည်ငြိမ်သွားပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ကာ မြန်မာစစ်တပ်နှင့် ဆွေးနွေးဖို့လမ်းကြောင်း တွေဖွင့်ဖို့ကြိုးစားနေတယ်လို့လည်း The Diplomat ကသတင်းရေးသားပါတယ်။
“ ဒါပေမယ့် စစ်တပ်အထဲမှာ သိသာတဲ့ မတူညီမှုတွေကျန်ရှိနေသေးတယ်။ လိုအပ်ချက်တွေကို အပြည့်အဝလိုက်နာဖို့ထက် အစိတ်အပိုင်းတစ်ခုခုကိုသာ လက်ခံလိုတဲ့သဘောရှိနေတယ်” လို့ အဆိုပါအရင်းအမြစ်ကဆက်ပြောပါတယ်။
ကရစ်တန်ဘရစ်ရဲ့ တွေ့ဆုံမှုဟာ ဒေသအတွင်းလျို့ဝှက်လုပ်တာမဟုတ်ဘူးလို့လည်း အဲဒီသတင်းအရင်းအမြစ်ကပြော ပါတယ်။ ဗီယက်နမ်၊ စင်္ကာပူ၊အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့အပါအဝင်ဒေသတွင်းနိုင်ငံတွေကို အသိပေးပြီးတွေ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံသဘောတူညီချက်ငါးရပ်နှင့်အတူ အမေရိကန်ရဲ့ ပိုမို တက်ကြွစွာပါဝင်မှုကို ကြိုဆိုလိုကြပုံရတယ်လို့ သတင်းမှာရေးသားပါတယ်။ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံရဲ့ သဘောတူညီမှုပါ ရရှိခဲ့တယ်လို့ မြန်မာကိုအာရုံစိုက်အလုပ်လုပ်နေတဲ့ သတင်းဆရာတစ်ဦးကပြောပါတယ်။
( မူရင်း သတင်းတွင် ဗိုလ်မှူးချုပ် ကျော်လင်းဇော်၏ တပ်မတော်ရာထူးကိုဖော်ပြမထားပါ။ မြန်မာနိုင်ငံ၏ သတင်းများတွင် သူနှင့် ပတ်သက်၍ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ၌ သူသည် ရေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးခ ျုပ်ကျော်လင်းဇော် ဟု ဖော်ပြထားမှုကိုကိုးကားအသုံးပြုပါသည်။ အယ်ဒီတာ)
Source The Diplomats
၂၃ ဇွန် ၂၀၂၄
ဂျပန်ပြည်သူတွေရဲ့ ၁၀.၄ ရာခိုင်နှုန်းကသာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို လာမယ့် စက်တင်ဘာမှာကျင်းပမယ့် ဘစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်ဆက်လုပ်စေချင်တော့တယ်လို့ ကျိုဒိုသတင်းဌာနရဲ့ နောက်ဆုံး လူထုသဘောထားစစ်တမ်းအရသိရကြောင်း ဇွန် ၂၃ ရက် တနင်္ဂနွေနေ့က သတင်းဖော်ပြ ပါတယ်။
စနေနေ့မှ စတင်ပြီး နိုင်ငံအနှံ့ဖုန်းဖြင့် နှစ်ရက်တာ စစ်တမ်းကောက်ယူရာမှာ ကီရှီဒါဝန်ကြီးအဖွဲ့အပေါ် အတည်ပြုပေးတဲ့နှုန်း ကလည်း မေလက ၂၄.၂ရာခိုင်နှုန်းရှိခဲ့ရာမှ (၂)ရာခိုင်နှုန်းကျဆင်းကာ ၂၂.၂ ရာခိုင်နှုန်းသာရှိပါတော့တယ်။ဒါဟာ သူ့ရဲ့ မူဝါဒ စီမံခန့်ခွဲနေမှုတွေအပေါ် ဂျပန်ပြည်သူတွေက မကျေနပ်မှုကိုဆက်လက်ပြသနေတာပဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကီရှီဒါအစိုးရအဖွဲ့အပေါ် အတည်မပြုတော့တဲ့ရာခိုင်နှုန်းက ယခင်အတိုင်းပဲ ၆၂.၄ ရာခိုင်နှုန်းဆက်ရှိနေ ပါတယ်။
ကီရှီဒါကို လူကြိုက်မများနေမှုတွေကြားထဲမှာ ၃၆.၆ ရာခိုင်နှုန်းက သူတို့အနေနှင့် ကီရှီဒါကို ဝန်ကြီးချုပ်ရာထူးကနေ မြန်နိုင် သမျှခပ်မြန်မြန်ဆင်းပေးစေချင်နေကြပါတယ်။
၇၈.၉ ရာခိုင်နှုန်းသော စစ်တမ်းထဲကပြည်သူတွေက ပြီးခဲ့တဲ့အပတ်တုန်းက ဂျပန်ပါလီမန်က အတည်ပြုခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရန်ပုံငွေစည်းမျည်းတွေဟာ နိုင်ငံရေးထဲ ပါနေတဲ့ ပိုက်ဆံပြဿနာတွေကို ရှင်းနိုင်မှာမဟုတ်ပါဘူးလို့ပြောနေ ကြပါတယ်။
ကီရှီဒါဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအပေါ် ထောက်ခံမှုကလည်း ၂၆.၅ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် ယခင်စစ်တမ်းထက်တော့ ၁.၈မှတ်တက်လာပါတယ်။
အခြားပါတီတွေလည်း ထောက်ခံမှုကျဆင်းနေပြီး ဘယ်နိုင်ငံရေးပါတီမှမကြိုက်သူတွေကတော့ ၃၄.၈ ရာခိုင်နှုန်းသို့ တက်လာပါတယ်။
စစ်တမ်းကို မဲပေးခွင့်ရှိကြတဲ့ အိမ်ထောင်စု ၅၁၂ခုရဲ့ မိုဘိုင်းလ်ဖုန်းနံပါတ် ၂၆၂၄ ခုသို့ ခေါ်ဆိုခဲ့ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက အိမ်ထောင်စု ၄၃၁ခုမှ မိုဘိုင်းလ်ဖုန်း ၆၂၅ခုက ပြန်လည်တုန့်ပြန်ပေးခဲ့ပါတယ်။
Source Kyodo News
Page 24 of 207