Published 25 June 2022
စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ နိုက်ကလပ်တစ်ခုနဲ့ အနီးနားရှိလမ်းတွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။
သံသယရှိသူဟာ တစ်ဦးတည်းပြစ်မှုကျူးလွန်ခဲ့တယ်လို့ယူဆရကြောင်း ရဲတွေကသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်နဲ့ အနီးနားရှိကလပ်တစ်ခုကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် အနီးနားရှိလမ်းပေါ်မှာ သံသယရှိသူကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'တိုးဘာစတက်'က Aftenposten သတင်းစာကိုပြောကြားခဲ့ပါတယ်။
လန်ဒန်အရက်ဆိုင်ဟာ အော်စလိုမြို့လယ်မှာရှိပြီး ဂေးတွေလာရောက်တတ်တဲ့ နာမည်ကျော်ဘားနဲ့နိုက်ကလပ်နေရာဖြစ်ပါတယ်။
NRK ရုပ်သံမှဂျာနယ်လစ်'အိုလက်ဗ်ရိုအန်ဘာ့ဂ်'က "လူတစ်ယောက်က အိတ်တစ်အိတ်လွယ်လာပြီး သေနတ်တစ်လက်ထုတ်ကာ စတင်ပစ်ခတ်တာကို မြင်တွေ့ခဲ့ရပါတယ်" လို့ တင်ပြထားပါတယ်။
တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စနေနေ့နောက်ပိုင်းကျရင် အော်စလိုမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်တူချစ်သူများပွဲတော်ကို ကျင်းပဖို့စီစဉ်ထားပါတယ်။
လူ ၂ ဦးသေဆုံးကာ ၁၄ ဦးကဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံတင်ထားရတယ်လို့ အော်စလိုရဲတပ်ဖွဲ့က တွစ်တာမှာဖော်ပြထားပါတယ်။
VG သတင်းစာ၊ NRK ရုပ်သံနဲ့ အခြားမီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာတော့ လန်ဒန်အရက်ဆိုင်အပြင်ဘက်မှာ ရဲတွေ၊ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ အရေးပေါ်တာဝန်ရှိသူများစုရုံးနေကြတာကို မြင်တွေ့ရပါတယ်။
အော်စလိုမြို့လယ်ပေါ်ကနေ ရဟတ်ယာဉ်များပျံဝဲနေပြီး လူနာတင်ယာဉ်များနဲ့ ရဲကားဥဩသံတွေ မြို့တလျှောက်ကြားနေရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အော်စလိုတက္ကသိုလ်ဆေးရုံက အနီရောင်အဆင့်ထုတ်ပြန်ကြေညာထားပါတယ်။
Source: Reuters
Published 24 June 2022
မြောက်ကိုးရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ထားဖို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်က ထိပ်တန်းစစ်တပ်အရာရှိကြီးတွေနှင့် အရေးကြီးအစည်းအဝေးအဆုံးသတ်နေ့မှာ သောကြာနေ့က အမိန့်ပေးခဲ့ပါတယ်။
ပြုံယမ်းဟာ ငါးနှစ်အတွင်းမှာ ပထမဆုံးအဖြစ် နျူကလီယားစမ်းသပ်မှုတွေ အချိန်မရွေးလုပ်နိုင်တယ်လို့ အမေရိကန်နှင့် တောင်ကိုးရီးယားအရာရှိတွေက ပြောဆိုနေတဲ့အလျောက် ယခုအစည်းအဝေးဟာ အနီးကပ်စောင့်ကြည့်ခံနေရပါတယ်။
ကင်မ်ဟာ သုံးရက်ကြာပြုလုပ်တဲ့ (၈)ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်အစည်းအဝေးကို သဘာပတိအဖြစ် ဦဆောင်ကျင်းပ ခဲ့တာဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာ မြောက်ကိုးရီးယားရဲ့ စစ်အဟန့်အတားအစီအမံတွေကို ပိုမိုအားကောင်းအောင် မြှင့်တင်ဖို့ အတွက် စစ်ရေးဆိုင်ရာ အာမခံချက်တစ်ခုကို ထောက်ပံ့ရေး အရေးကြီးကိစ္စတစ်ခုကို အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းက ပြောပါတယ်။
ဒါပေမယ့် သတင်းမှာ အစီအစဉ်ကို အသေးစိတ်ထုတ်မပြောသွားပါဘူး။ ဒါပေမယ့် တောင်ကိုးရီးယားကို ပစ်မှတ်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။
“ မြောက်ကိုးရီးယားဟာ ယင်းရဲ့ စစ်ဆေင်ရေးအစီအစဉ်အသစ်တွေမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ခြေကို အဟန့်အတား ဆိုတဲ့ အသုံးအနှုံးအောက်ကနေ ထည့်သွင်းနိုင်တယ်။ အဲဒီအသုံးအနှုံးက နျူကလီးယား လုပ်နိုင်စွမ်းတွေကို ရည်ညွှန်းလေ့ရှိတယ်” လို့ ဆိုးလ်မြို့က အမျိုးသားပေါင်းစည်းရေးဆိုင်ရာ ကိုးရီးယားသိပ္ပံရဲ့ အကြိးတန်း ပညာရှင် ဟွန်မင်းက ပြောပါတယ်။
တောင်ကိုရီးယားရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေတည်ရှိနေတဲ့ ကိုးရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဖက်ကမ်းခြေလို့ ဖြစ်ပုံရတဲ့ မြေပုံတစ်ခုနှင့် အလုပ်လုပ်နေကြတဲ့ မြောက်ကိုးရီးယား ထိပ်တန်းအရာရှိတွေရဲ့ ဓာတ်ပုံကို KNCA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုးရီးယားအစည်းအဝေးနှင့်ပတ်သက်လို့ မေးတဲ့အခါ တောင်ကိုးရီးယားသမ္မတ ယွန်းဆတ်ယိုက ဆိုးလ်အနေနှင့် မြောက်ရဲ့ လှုပ်ရှားမှုတွေကို ထိထိမိမိတုန့်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်။
KNCA က မြောက်ကိုးရီးယားရဲ့ နျူးကလီးယား သို့မဟုတ် ဒုံးကျည်အစီအစဉ်တွေရယ်လို့ အတိအကျ ပြောဆိုခြင်းမရှိပေမယ့် မြောက်ကိုးရီးယားရဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ ရီပြုန်းချိုလ်ကို ပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
“ ရီ ကို မြောက်ကိုးရီးယားရဲ့နျူကလီးယား ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ အရေးကြီးနေရာထားလိုက်တာဟာ မဟာဗျူဟာနှင့်နည်းဗျူဟာမြောက် လက်နက်တွေကို အရှိန်မြှင့်လုပ်ဆောင်လိမ့်မယ်လို့ ပြသလိုက်တာဖြစ်တယ်” လို့ ဟွန်မင်းကပြောပါတယ်။
Source Reuters
Published 22 June 2022
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအုပ်စု အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မြန်မာနစက ကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတွင် ချန်ထားခဲ့ရန်တောင်းဆိုနေသည့်ကြားက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီက သတင်းရိုက်ကူးပေးပို့ပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကို ဖိတ်ကြားဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ အားလုံး သဘောတူခဲ့ကြတာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘန်းက ပြောတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Source AFP
Published 21 June 2022
လက်ရှိ G20 ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီလကုန်မှာ မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလက်ဒီမာပူတင်နှင့် တွေ့ဆုံစကားပြောမယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်သတင်းအေဂျင်စီက လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ် G20 ထိပ်သီးအစည်းဝေးဟာ ယူကရိန်းစစ်ပွဲအရိပ်ထိုးခံနေရပီး အချို့ အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ဖို့နှင့် ရုရှားကို အစည်းအဝေးကနေ ဖယ်ထုတ်ဖို့ ခြိမ်းခြောက်နေချိန်မှာ အင်ဒိုနီးရှားဟာ အုပ်စုအတွင်းညီညွတ်မှု ရရှိအောင် ကြိုးစားနေရတာြဖစ်ပါတယ်။
ဂျိုကိုဝီလို့ အများသိကြတဲ့ အင်ဒိုနီးရှားခေါင်းဆောင်ဟာ သမ္မတပူတင်နှင် ဇွန်၃၀ရက်မှာ တွေ့ဆုံမယ်လို့ နိုင်ငံပိုင်သတင်းဌာန အင်တာရာက ပြောပါတယ်။
“မှန်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်ပါ” လို့ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖဒ်အမ်ဒီက သမ္မတအိမ်တော်မှာ တနင်္လာနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရုရှားအစိုးရသတင်းဌာန တပ်စ်ကလည်း ဒီသတင်းကို အတည်ပြုရေးသားပါတယ်။
ရုရှားကို မသွားခင်မှာ ဂျိုကိုဝီဟာ ဂျာမနီကိုသွားရောက်ပြီး ဇွန်၂၆ကနေ ၂၈ အထိ G7 ထိပ်သီးအစည်းအဝေး တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ ရုရှားကိုမရောင်ခင် ယူကရိန်းမှာ တစ်ထောက်နားဖို့လည်း စဉ်းစာနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။
နိုဝင်ဘာလမှာ ဘာလီတွင်ကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကကိုလည်း ဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားက ဧပြီလမှာကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပူတင်ကိုဖိတ်ကြားတာကိုလည်း ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကနေဒါသမ္မတ ဂျပ်စတင် ထရူးဒေါ နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ဟာ ရုရှားသမ္မတ တက်ရောက်မှာကို ဆန့်ကျင်သူတွေအထဲမှာ ပါဝင်နေပါတယ်။
ဘယ်လိုဖြစ်ဖြစ် တက်မယ်လို့ ဩစတြေလျဝန်ကြီးချုပ် အန်သိုနီအယ်ဘန်နီဆီက ဒီလအတွင်း ဂျာကာတာရောက်စဉ် အတည်ပြုခဲ့ပါတယ်။
Source: Reuters
Published 20 June 2022
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့က သေနတ်ပစ်မှုဖြစ်ခဲ့ရာ လူတစ်ဦသေဆုံးပြီး အများအကြား ဒဏ်ရာရသွားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
မြို့ပြရဲဌာနပြောရေးဆိုခွင့်ရသူက မိုချီလာပွဲမှာ လေးဦးသေနတ်အပစ်ခံရတာဖြစ်ပြီး အဲဒီလေးဦးထဲမှာ ရဲအရာရှိတစ်ဦးပါဝင်တယ်လို့ ဖောက်စ်သတင်းဌာနကိုပြောပါတယ်။
မြို့ပြရဲဌာန ရဲမှူး ရောဘတ်ဂျေကွန်တီးက သေဆုံးသူမှာ အသက်၁၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းမှာ ထပ်ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ လူကြီးနှစ်ဦးနှင့်ရဲအရာရှိတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
သေနတ်ပစ်ခတ်မှုဟာ ညနေ (၆)နာရီခန့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာကိုရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုမှာ လူတော်ေတော်များများဟာ လမ်းပေါ်မှာလဲကျနေပြီး အရာရှိတွေက ကူညီနေကြတာတွေ မြင်ရပါတယ်။
Source: Fox News
Published 20 June 2022
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ပြင်သစ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲတွေမှာ သမ္မတ အီမန်နျူယယ်မာခရွန် အများစုနေရာ မရရှိဘဲ ရှုံးနိမ့်သွားပါတယ်။ ဒါဟာ မာခရွန်အတွက် အခက်အခဲ အကြီးအကျယ် ဖြစ်သွားစေပြီး သူ့အနေနှင့် အခြားပါတီတွေနှင့် အပေးအယူမလုပ်နိုင်ရင် နိုင်ငံဟာ နိုင်ငံရေးတုံ့ဆိုင်းမှုကြီး ဖြစ်တော့မယ့် အခြေအနေဆိုက်ရောက်သွားခဲ့ပါတယ်။
အငြိမ်းစားအသက်ကိုတိုးမြှင့်ဖို့နှင့် အီးယူနှင့်နက်ရှိုင်းစွာပေါင်းစပ်ဖို့အစီအစဉ်တွေရှိတဲ့ မာခရွန်ရဲ့ မျှတတဲ့ နိုင်ငံရေးအမြင်ရှိတဲ့ Ensemble coalition အဖွဲ့ဟာ တနင်္ဂနွေရွေးကောက်ပွဲမှာ အများစုနေရာ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
လယ်ယာစွန်းယိမ်းတွေက စံချိန်တင်နိုင်ခဲ့ပြီးလက်ဝဲယိမ်းမဟာမိတ်ပါတီတွေဟာ အကြီးဆုံး အတိုက်အခံဖြစ်သွားပါတယ်။ ကွန်ဆာဗေးတစ်တွေကတော့ သူတို့မပါမပြီးအနေအထားဖြစ်လာပါတယ်။
ရွေးကောက်ပွဲရလာဒ်ကို ဒီမိုကရက်တစ် တုန်လှုပ်မှုကြီးတစ်ခုလိုက ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမာရီက ခေါ်ဝေါ်လိုက်ပါတယ်။တကယ်လို့ အခြားအဖွဲ့တွေက မပူးပေါင်းရင် သူတို့ရဲ့ပြုပြင်ပြောင်းလဲရေးနှင့် ပြင်သစ်နိုင်ငံကို ကာကွယ်ပေးနိုင်စွမ်းတွေမှာ အတားအဆီးဖြစ်လာလိမ့်မယ်လို့လည်း ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်းမကြုံဖူခဲ့တဲ့ ပါလီမန်အတွင်း အာဏာခွဲဝေမှု အဆင့်တစ်ခုနှင့် ပါတီတွေအကြား အပေးအယူလုပ်ဖို့ လိုအပ်လာတော့မှာဖြစ်ပါတယ်။
“ ရလာဒ်ဟာ ကျွန်တော်တို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအနေနှင့်ကြည့်ရင် အန္တရာယ်ရှိနေတယ်” လို့ ဝန်ကြီးချုပ် အဲလစ်ဇဘက်ဘွန်းက ပြောပါတယ်။ တနင်္လာနေ့ကစပြီး မာခရွန်အဖွဲ့ဟာ မဟာမိတ်တွေ ရှာဖွေတော့မယ်လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။
Source: Reuters
Published 19 June 2022
မကြာမီသမ္မတသက်တမ်းကုန်ဆုံးတော့မယ့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့သမီး ဆာရာဒူတာတီး ကာပီယိုဟာ ဖိလစ်ပိုင်ရဲ့ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့ (ယနေ့)မှာ ကျမ်းသစ္စာပြုလိုက်ပြီး ရွေးကောက်ပွဲစည်းရုံးလှုံဆော်မှုတွေမှာ စိတ်ဝမ်းကွဲစေတဲ့ဖိလစ်ပိုင်မှာ အမျိုးသားညီညွတ်ရေးကို တောင်းဆိုလိုက်ပါတယ်။
“ ရှေ့လာမယ့်နေ့ရက်တွေဟာ ကျွန်မတို့အတွက်နိုင်ငံတစ်နိုင်ငံအနေနှင့် ပိုပြီးစည်းလုံးညီညွတ်ကြစေဖို့ တောင်းဆိုမယ့် စိန်ခေါ်မှုတွေ အပြည့်ပဲ” လို့ သူမရဲ့ ဇာတိမြို့ ဒါဗာအိုမှာ အခမ်းအနားမိန့်ခွန်းပြောကြားရာမှာ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမဟာ အဲဒီမြို့မှာ မိဘနှစ်ပါး အနားမှာရပ်နေစေပြီး ကျမ်းသစ္စာကျိမ်ဆိုခဲ့တာပါ။
အသက် ၄၄ နှစ်အရွယ် ဒူတာတီးကာပီယိုဟာ ဇွန်၃၀ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်မယ့် ဖာဒီနန်မားကို့စ် ဂျူနီယာနှင့်အတူ မေ ၉ ရက် က ကျင်းပတဲ့ ဒုသမ္မတနေရာ တွဲဖက်ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ ဇွန်၃၀ ရက်ကစပြီး ခြောက်နှစ်ကြာ သက်တမ်းမှာ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။
Source: Reuters
Page 160 of 208