Published_29 June 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲသည် ရန်ကုန်မြိုသို့ရောက်ရှိလာကြောင်း သိရပါတယ်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။
H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ၏ ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg_mnn
#Local_News
Published_29 June 2022
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကျေးရွာအနီးမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာမူလွန် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ သူတို့ရဲ့ နေအိမ်အသီးသီးကို ဇွန်လ ၂၈ ရက်မှာ ရောက်ရှိသွားကြပါပြီ။ပြန်ပေးသမားတွေက ငွေမပေးရင် သတ်ပစ်မယ်လို့ ပြောတာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးဘိုဝင်းကတော့ သူ့အနေနဲ့ သေလူလို ကိုယ့်ကိုကိုယ် သဘောထားလိုက်တော့တယ်လို့ YMG ကို ရင်ဖွင့်ပြောပြပါတယ်။
#Yangon_Media_Group
Published 29 June 2022
ကနေဒါနိုင်ငံ ဘရိတစ်ရှ်ကိုလံဘီယာရှိဘဏ်တစ်ခုမှာ အင်္ဂါနေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနေဒါရဲတပ်ဖွဲ့က သေနတ်သမား ၂ ယောက်ကို အသေပစ်သတ်နိုင်ခဲ့ကာ ရဲအရာရှိ ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပေါက်ကွဲနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုရှာတွေ့ခဲ့တာကြောင့် အနီးနားအိမ်တွေကလူတွေကို ထွက်ခွာခိုင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပြခဲ့ပါတယ်။
အမေရိကန် ဝါရှင်တန်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဗန်ကူဗာကျွန်းပေါ်က မောင့်ထရီယယ်လ်ဘဏ်နားက အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ နံနက် ၁၁ နာရီခန့်က ရောက်ရှိလာခဲ့ပါတယ်။
“ထိုနေရာမှာ ရဲတွေအများအပြားရောက်ရှိလာခဲ့ပြီး တရားခံတွေနဲ့ပတ်သက်တဲ့ကားတစ်စီးမှာ ပေါက်ကွဲနိုင်တဲ့ပစ္စည်းတစ်ခုတွေ့ခဲ့တာကြောင့် အခင်းဖြစ်ပွားရာအနီးနားက အိမ်တွေဆိုင်တွေကို ထွက်ပြေးခိုင်းခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့က ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
နောက်ပိုင်းမှာတော့ တားမြစ်ထားတဲ့နေရာအချို့ကို ပြန်ဖွင့်ခဲ့ပေမယ့် ဘဏ်နားတဝိုက်ကဘလောက်ကိုတော့ ဆက်လက်ပိတ်ပင်ထားပါသေးတယ်။
ကနဦးတင်ပြချက်များအရ တရားခံတွေဟာ လက်နက်အမြောက်အများကိုင်ဆောင်ထားပြီး ကျည်ကာဝတ်စုံဝတ်ထားတယ်လို့ ရဲမှူးကြီး’ဒင်းဒူသီ’က မီဒီယာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
သေနတ်ဒဏ်ရာရခဲ့တဲ့ ရဲ ၆ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အချို့ကဆေးရုံကဆင်းနိုင်ပေမယ့် အချို့ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့က ဗီဒီယိုအထောက်အထားပြုလုပ်ဖို့ မျက်မြင်သက်သေများအားမေးမြန်းလျက်ရှိပြီး ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဗီဒီယိုမှာတော့ ရဲတွေနဲ့ရဲခွေးတွေက သေနတ်သံနောက်လိုက်နေတဲ့ပုံတွေ ပါဝင်ကြောင်း CBC News မှာ ဖော်ပြထားပါတယ်။
ဒီလိုအကြမ်းဖက်လုပ်ရပ်မှာ အရပ်သားတွေတစ်ယောက်မှ မထိခိုက်ခဲ့တာ အံ့ဩစရာကောင်းလွန်းပါတယ်လို့ ‘ဒင်းဒူသီ’ကပြောပြခဲ့ပါတယ်။
ဝန်ကြီးချုပ်’ဂျက်စတင်ထရူဒူး’က ထိုဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်းဖော်ပြထားပါတယ်။
ထိုဖြစ်ရပ်မှာ ဒဏ်ရာရခဲ့တဲ့ရဲအရာရှိတွေနဲ့ အရပ်သားတွေမထိခိုက်အောင် အန္တရာယ်ထဲပြေးဝင်ခဲ့တဲ့သူတွေကို အမြဲစိတ်ထဲမှတ်သားထားပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
Source: Reuters
Published 28 June 2022
ဗြိတိန်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်နှင့်ကနေဒါတို့က ရုရှားကို အရေးယူပိတ်ဆို့မှု ထပ်မံတင်းကြပ်လိုက်တဲ့အနေနှင့် ရုရှားနိုင်ငံမှ ရွှေများတင်သွင်းတာကို ပိတ်ပင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဂျာမနီမှာ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်း အကျပ်အတည်းနှင့် ရာသီဥတုပြဿနာတွေလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
Source CCTV+/AFP
Published 28 June 2022
နေတိုးအဖွဲ့ဝင်တစ်နိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆယ်ကို မည်သည့်ကျူးကျော်ထိပါးမှုမျိုးမဆို ရုရှားကို စစ်ကြေညာတဲ့ အတိုင်းအတာဖြစ်သွားနိုင်ပြီး တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က မီဒီယာတစ်ခုကို ပြောလိုက်ပါတယ်။
“ ကျွန်တော်တို့အတွက် ခရိုင်းမီးယားဟာ ရုရှားရဲ့အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ဒါဟာ အမြဲထာဝရသဘောဆောင်တယ်။ ခရိုင်းမီးယားအပေါ် မည်သည့် ကျူးကျော်ထိပါးမှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာလိုက်တာပဲဖြစ်တယ်” လို့ မက်ဒီဒက်ဗ်က i Fakty သတင်းဝက်ဘ်ဆိုက်ကိုပြောပါတယ်။
“ ပြီးတော့ ဒါကို နေတိုး တစ်နိုင်ငံက လုပ်တယ်ဆိုရင် မြောက်အတ္တလန်တစ်မဟာမိတ်တစ်ခုလုံးနှင့် ပဋိပက္ခလို့ အဓိပ္ပါယ် သက်ရောက်တယ်။ တတိယကမ္ဘာစစ်ပဲ။ အလုံးစုံကပ်ကြီးတစ်ခု” လို့ သူကဆက်ပြောပါတယ်။
ယခု ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်နေတဲ့ မက်ဒီဒက်ဗ်က ဖင်လန်နှင့်ဆွီဒင် နေတိုးကိုဝင်ရောက်ခဲ့လျှင် ရုရှားဟာ ယင်းရဲ့နယ်စပ်ကိုပိုမိုတောင့်တင်းအောင်လုပ်ရလိမ့်မယ်” လို့ပြောပါတယ်။ ဒါဟာ လက်တုန့်ပြန်တဲ့ အဆင့်တွေဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ရဲ့အဝင်အဝတွေမှာ အစ်ကန်ဒါ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် အလားအလာတွေလည်း ပါဝင်လာလိမ့်မယ်” လို့ သူကပြောပါတယ်။
Source Reuters
Published 28 June 2022
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် တနင်္လာနေ့က နောက်တွဲပါကုန်တင်ယာဉ်ကြီး တစ်စီးပေါ်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦးကို သေဆုံးလျက်တွေ့ရှိကြရတယ်လို့ မြို့မီးသတ်ဌာနက ပြောပါတယ်။ ဒါဟာ အမေရိကန်-မက္ကဆီကို နယ်စပ်တလျောက်မှာ အဆိုးရွားဆုံး လတ်တလော လူကုန်ကူးမှု ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်နေပါတယ်။
နောက်တွဲယာဉ်အတွင်းက အပူရှပ်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ (၁၆)ဦးကိုတော့ ဆေးရုံကိုပို့ဆောင်လိုက်ရပါတယ်လို့ မီးသတ်ဌာနကပြောပါတယ်၊ အဲဒီအထဲမှာ ကလေးငယ် လေးဦးပါဝင်ပြီး လူ(၃)ဦးကို အဲဒီအဖြစ်အပျက်နှင့်ပတ်သက်ပြီး ထိန်းသိမ်းထားတယ်လို့လည်း အရာရှိတွေကပြောပါတယ်။
မြို့တောင်ပိုင်း ဆင်ခြေဖုံးက နယ်စပ်ဒေသတစ်ခုက ရထားလမ်းဘေးမှာ အဲဒီထရပ်ကားကို တွေ့ရှိကြရတာပါ။
ထရပ်ကားတွေမှာ ရွှေ့ပြောင်းသူတွေ အသက်ရှုကြပ်သေဆုံးရတဲ့အဖြစ်အပျက်ကို “ တက္ကဆပ်က ကြေကွဲစရာ” လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆီလို အီဘရန်းက တွစ်တာမှာ သုံးနှုံးရေးသားလိုက်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ အတည်ပြုလို့မရသေးလို့ ဒေသဆိုင်ရာ ကောင်စစ်ဝန်တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာ ရောက်ရှိနေပါတယ်။
မကြာသေးခင်လများအတွင်း အမေရိကန်-မက္ကဆီကို နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းကြသူတွေအရေအတွက်ဟာ စံချိန် တင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လူဝင်မှုမူဝါဒအပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ တာဖြစ်ပါတယ်။
မက္ကဆီကို နယ်စပ်ကနေ ၁၆၀မိုင်ဝေးကွာတဲ့ ဆန်အန်တိုနီယိုမှာ တနင်္လာနေ့က အပူချိန်ဟာ ၃၉.၄ ဒီဂရီဆဲလ်စီယတ်စ်ရှိနေပြီး စိုထိုင်းဆလည်းမြင့်မားနေခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ဇူလိုင်လတုန်းကလည်း ဆန်အန်တိုနီယိုက ဝေါမတ်ကားနားကွင်းမှာ ရပ်ထားတဲ့ နောက်တွဲယာဉ်ပါကားအတွင်း ရွှေ့ပြောင်းဝင်ရောက်ကြသူ ၁၀ဦး သေဆုံးခဲ့ပါသေးတယ်။ အဲဒီအဖြစ်အပျက်မှာ ယာဉ်မောင်း ဂျိမ်းစ်မက်သယူးဘရက်ဒလေ ဂျူနီယာကို လူကုန်ကူးမှုနှင့်အရေးယူပြီး ထောင်တစ်သက် အပြစ်ပေးခဲ့ပါတယ်။
Source Reuters
Published 27 June 2022
ကိုလံဘီယာနိုင်ငံတွင် ဇွန်၂၆ ရက် တနင်္ဂနွေနေ့ကနွားသိုးသတ်ပွဲကွင်းတစ်ကွင်းတွင် ပွဲကျင်းပနေစဉ်အတွင်း အထူးတန်းပွဲကြည့်စင်ပြိုကျတဲ့အတွက် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
“လက်ရှိတော့ အမျိုးသမီး(၂)ဦး၊အမျိုးသား(၁)ဦးနှင့်ကလေး(၁)ဦး သေဆုံးသွားပါတယ်” လို့ အခင်းဖြစ်ပွားတဲ့ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းက အယ်လ်အက်စ်ပီနယ်လ်မြို့ရဲ့ တိုလီမာပိုင်နက်အုပ်ချုပ်ရေးမှူး ဂျို့စ်ရီကာဒိုအိုရော့ဇ်ကိုက ဒေသတွင်းရေဒီယိုဌာနတစ်ခုကို ပြောပါတယ်။
သစ်သားနှင့်ပြုလုပ်ထားတဲ့ သုံးဆင့်ရှိ အထူးတန်းမှာ ပရိသတ်အပြည့်နှင့်ရှိနေတုန်း ပြိုကျသွားတဲ့အတွက် လူဒါဇင်ပေါင်းများစွာဟာ မြေပြင်ပေါ် လွင့်စင်ကျကုန်တာကို ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ရုပ်သံတွေ့မှာတွေ့မြင်ကြရပါတယ်။
အခြားဗွီဒီယိုတစ်ခုမှာတော့ နွားသိုးတွေဟာ ပွဲခင်းထဲမှာ ထင်ရာမြင်ရာ ပြေးလွှားနေတဲ့အချိန် လူတွေဟာ ပွဲကြည့်စင်တွေကနေ လွတ်အောင်ထွက်ပြေးကြနေကြတာ တွေ့ကြရပါတယ်။
ကနဦးသတင်းပေးပို့ချက်အရ လူ၃၀လောက် ဒဏ်ရာအပြင်းအထန်ရသွားကြပါတယ်” လို့ အိုရော့ဇ်ကိုက ပြောပါတယ်။
ဒေသဆိုင်ရာ မြို့ပြကာကွယ်ရေးအရာရှိတစ်ဦးဖြစ်တဲ့ လူးဝစ်ဖာနန်ဒိုဗီလက်ဖ်က အပျက်အစီးပုံတွေကြားထဲ လူဘယ်နှယောက်ပိမိနေသလဲဆိုတာ သူမသိဘူးလို့ပြောပါတယ်။
ဒီပွဲဟာ ဆန်ပီဒရိုပွဲတော်နှင့်အတူကျင်းပတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး ဒေသတွင်းမှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဘာဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့မေတ္တာရပ်ခံထားတယ်လို့ ရာထူးပြီးဆုံးတော့မယ် ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက တွစ်တာကနေ ရေးသားလိုက်ပြီး သေဆုံးဒဏ်ရာရတဲ့မိသားစုနှင့်အတူ ထပ်တူကြေကွဲရတယ်လို့ပြောလိုက်ပါတယ်။
Source AFP
Page 158 of 208