Published 28 March 2023
လက်နက်အများကြီးကိုင်ဆောင်ထားတဲ့ အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက တင်နက်ဆီပြည်နယ်ရဲ့ မြို့တော် နက်ရှ်ဗီးလ်က ပုဂ္ဂလိကခရစ်ယာန်ကျောင်းတစ်ကျောင်းကို မတ် ၂၇ ရက်တနင်္လာနေ့က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ကလေးငယ်(၃)ဦးနှင့် ဝန်ထမ်း(၃)ဦးသေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက အဲဒီအမျိုးသမီးကို ပစ်သတ်ခဲ့ပါတယ်။
ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ချက်ခြင်းမသိရသေးပေမယ့် သူမဟာ ကျောင်းရဲ့ အသေးစိတ်မြေပုံကိုတော့ ရေးဆွဲ ခဲ့ပါတယ်။ အဲဒီအထဲမှာ အဆောက်အအုံရဲ့ ဝင်ပေါက်တွေလည်းပါဝင်ပါတယ်။ ကြေညာစာတမ်းတစ်ခုနှင့် အခြားစာတွေ လည်းတွေ့ရပြီး ရဲက အဲဒါတွေကိုစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲချုပ် ဂျွန်ဒရိတ်က သတင်းထောက်တွေကိုပြောပါတယ်။
သူမဟာ အသက်၂၈နှစ်အရွယ် အော်ဒရေးအဲလစ်ဇဘက်ဟေးလ်ဆိုသူဖြစ်ပြီး နက်ရှ်ဗီးလ်ဒေသမှာနေထိုင်သူဖြစ်တယ်။ အမည်ကိုအသံထွက်ကြည့်ပြီး အမျိုးသမီးတစ်ဦးလို့ရည်ညွှန်းတာဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။
သူမဟာ လိင်ပြောင်းထားသူတစ်ဦးလို့သိရပြီး သူမဟာ အမျိုးသားအဖြစ် ဒါမှမဟုတ်အမျိုးသမီးအဖြစ် ဘယ်လို အသတ်မှတ်ခံထားသလဲဆိုတာကိုတော့မသိရပါဘူး။
နက်ရှ်ဗီးလ်ရဲဌာနဟာ တနင်္လာနေ့ မနက်၁၀နာရီ ၁၃နိနစ်ခန့်မှာ ကျောင်းပစ်ခတ်မှုသတင်းရရှိလို့ အခင်းဖြစ်တဲ့နေရာ ရဲအရာရှိတွေ ရောက်ရှိသွားတဲ့အခါ အဆောက်အဦဒုတိယထပ်ကနေ သေနတ်ပစ်သံတွေကြားရတယ်လို့ ရဲပြောရေးဆိုခွင့် ရသူ ဒွန်အာရွန်က သတင်းထောက်တွေကိုပြောပါတယ်။
ရဲအရာရှိနှစ်ဦးက အဲဒီပစ်ခတ်သူကို အဆောက်အဦရဲ့ ဧည့်စောင့်ခန်းမမှာ သေနတ်နှင့်ပစ်ခဲ့ပါတယ်။ သူမဟာ ၁၀နာရီ ၂၇ မိနစ်မှာသေဆုံးသွားပါတယ်။
အဲဒီအမျိုးသမီးဟာ ယခင်က ဒီကျောင်းက ကျောင်းသူဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ဒရိတ်က ပြောပါတယ်။ သူမဟာ အဝင်တံခါးတစ်ခုကို သေနတ်နှင့်ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာလို့ ရဲချုပ်ကပြောပါတယ်။
မွန်ရိုးကာရယ်ဂျူနီယာကလေးဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာကြောင့် ကလေးငယ်(၃)ဦးသေဆုံးခဲ့ပါတယ်။ ကျောင်းဝန်ထမ်း(၃)ဦးလည်း သေနတ်နှင့်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားကလေးတွေဟာ အားလုံးအသက်(၉)နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ဟာ အိဗလင်း ဒိုင်ခေါ့စ်၊ဟာလီစကရပ်နှင့် ဝီလျံကင်နေတို့ဖြစ်ကြပါတယ်။ သေဆုံးခဲ့တဲ့ ဝန်ထမ်း(၃)ဦးက အသက်၆၁နှစ်အရွယ် ကျောင်း ထိန်းသိမ်းစောင့်ရှောက်သူ မိုက်ဟေးလ်၊အသက် ၆၁နှစ်အရွယ် အစားဝင်ကျောင်းဆရာမ စင်သီယာပိခ်နှင့် ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ အသက်၆၀အရွယ် ကက်သရင်းကွန်းတို့ဖြစ်ကြပါတယ်။
သေသွားခဲ့သူတွေကလွဲပြီး ကျန်သူတွေ သေနတ်နှင့်အပစ်မခံရဘူးလို့ ရဲကပြောပါတယ်။
Source Reuters
#နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှုကလေး(၃)ဦးသေဆုံး
#တင်နက်ဆီပြည်နယ်၊နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှု
#YangonMediaGroup
Published 27 March 2023
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်တဲ့ တပ်မတော်(ကြည်းရေလေ)မိသားစုတွေက ယနေ့ မတ်လ ၂၇ရက်နေ့၊( ၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဂါရဝပြုကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။
တပ်မတော်အငြိမ်းစားအရာရှိကြီးတွေဟာ မိမိတို့၏ မိဘဆရာတွေဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြု ကန်တော့လျက်ရှိပါကြောင်း၊ ၊ဗုဒ္ဓဘာသာအစဉ်အလာ နှင့်အညီယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့်ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်း တစ်ခုပင်ဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများ ကိုယ်စားနိုင်ငံတော်သမ္မတ(ငြိမ်း) ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါ ဒစကားများပြန်လည်ပြောကြားခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#၇၈နှစ်မြောက်တပ်မတော်နေ့
#YangonMediaGroup
Published 27 March 2023
အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။
တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့ ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။
အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source: Reuters
#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်
#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ
#YangonMediaGroup
Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်ကို ပစ်ခတ်တိုက်ခိုက်သူတွေဟာ သာမန်ပြည်သူလူထု၏ ထမင်းအိုးကိုရိုက်ခွဲသူတွေ ဖြစ်ကြ တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။
မတ်လ ၂၅ ရက် တနင်္ဂနွေနေ့ မနက်မှာ မြဝတီကုန်သွယ်ရေးဇုန်ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် တုန့်ပြန်ပြောကြားရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ တစ်နိုင်ငံလုံးမှာ ပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်မှာနေကြတာမဟုတ်ဘူး။ ရွာတွေမှာနေကြတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကြသူတွေဖြစ်တယ်။သူတို့ရဲ့ထွက်ကုန်တွေဟာ မြဝတီကုန်သွယ်ရေးဂိတ် ကနေ အများဆုံးတင်ပို့နေတဲ့ထွက်ကုန်တွေဖြစ်ပါတယ်။ဒါလုပ်ဆောင်ခြင်းသည် သာမန်ပြည်သူလူထုရဲ့စားဝတ်နေရေး၊ သာမန်ပြည်သူလူထုရဲ့ထမင်းအိုးကိုရိုက်ခွဲတာနှင့်အတူတူပါပဲ”လို့ သူကပြောကြားခဲ့ပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရမှု
#ဗိုလ်ချုပ်ဇော်မင်းထွန်း
#YangonMediaGroup
Published 26 March 2023
အလယ်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ဆက်ဆံလာတဲ့ ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံမှုဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တနင်္ဂနွေနေ့က စတင်ထူထောင် လိုက်ပါတယ်။
ဟွန်ဒူးရပ်စ်ဟာ ဘေဂျင်းကြောင့် ထိုင်ဝမ်ကိုအဆက်မဖြတ်ခင်မှာ ထိုင်ဝမ်ထံမှ မတန်တဆငွေပမဏကို တောင်းဆို ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးစတင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဟွန်ဒူးရပ်စ်သမ္မတ ဇီယိုမာရာ ကတ်စထရိုကလည်း သူမရဲ့ အစိုးရဟာ ဘေဂျင်းနှင့် သံတမန်ဆက်ဆံမှုစတင်မယ်လို့ ပြောကြားပြီးတဲ့နောက် ဟွန်ဒူးရပ်စ်ဟာ ထိုင်ဝမ်နှင့် သံ တမန်ဖြတ်တောက်တော့မယ်လို့ မျှော်လင့်ထားကြ တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီး အက်ဒူရာဒို အင်ရစ်ရိန်နာတို့ဟာ တစ်ဖက်နှင့် တစ်ဖက် သံတမန်ရေးရာ အသိအမှတ်ပြုကြဖို့ ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ ဟွန်ဒူးရပ်စ်ဟာ ၁၉၄၀ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်အားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ပိုက်နက်ထဲက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ဟွန်ဒူးရပ်စ်နိုင်ငံက အသိအမှတ်ပြုတယ်” လို့ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြ ထားပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သံရုံးတို့ ဟာ သက်ဆိုင်ဆီလျော်တဲ့ သတင်းအချက်လက်တွေကို ဆုပ်ကိုင်ထားပြီး အဲဒါကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်စထရိုရဲ့ အစိုးရက ကျွန်တော်တို့ဆီကနေ စီးပွားရေးအကူအညီအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီပြီးတောင်းတယ်။ ပြီးတော့ အကူအညီပေးရေးအစီအစဉ်တွေကနေ ထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်နှင့် တရုတ်တို့ရဲ့ ငွေကြေးပမာဏကို နှိုင်းယှဉ်တယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက ပြောပါတယ်။
ထိုင်ဝမ်အနေနှင့် တရုတ်နှင့် အဓိပ္ပါယ်မဲ့တဲ့ ဒေါ်လာဒီပလိုမေစီကို ပြိုင်နေမှာမဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝန် က ဗွီဒီယိုမိန့်ခွန်းမှာပြောကြားပါတယ်။
Source Reuters
#ဟွန်ဒူးရပ်စ်နှင့်တရုတ်သံတမန်ဆက်ဆံရေးထူထောင်
#ထိုင်ဝမ်နှင့်ဟွန်ဒူးရပ်စ်သံတမန်ဖြတ်တောက်
#YangonMediaGroup
Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်အား မတ်လ (၂၅)ရက်က KKO (ခွဲထွက်)အဖွဲ့နှင့် PDFအဖွဲ့တို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့သေဆုံးခဲ့ကြကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင်KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရ
#KKO (ခွဲထွက်)အဖွဲ့နှင့် PDF
#YangonMediaGroup
Published 26 March 2023
မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံကိန်းများကို ဆက်လက်ကူညီသွားမယ်လို့ တရုတ်အစိုးရကပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့တဲ့ နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration- NEA) နှင့်တွေ့ဆုံစဉ် အဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်ကပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ကိုလည်း မစ္စတာရန်ဂျင်းဒန်ကပြောပါတယ်။ အဆိုပါ စီမံကိန်းဟာ နောင်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ဝယ်ယူရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာဝန်ကြီး ဦးသောင်းဟန်က ယခုကာလတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေသော်ငြား ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆွေးနွေးပြောကြားပါတယ်။ အဲဒါကြောင့် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲနှင့် သင်တန်းများကိုလည်း ဖိတ်ခေါ်ပေးဖို့ တရုတ်ဘက်ကို မေတ္တာရပ်ခံပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင် ရွက်ရန် လိုအပ်တယ်လို့ NEA ဒုတိယဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပေးခဲ့ပါတယ်။
ယခု ၂၀၂၃ ခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု (၇၃)နှစ်မြောက် ဖြစ်သကဲ့သို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Belt and Road (၁၀)နှစ် ပြည့်မြောက်သောနှစ် ဖြစ်သည့်အလျောက် မဟာဗျူဟာမြောက် ဆက်ဆံရေးများကို နက်နက်ရှိုင်းရှိုင်း တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အခွင့်သင့်ပါက NEA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပါကြောင်းလည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မလျှပ်စစ်စွမ်းအားဝန်ကြီးဟာ တရုတ်နိုင်ငံမှာရှိနေစဉ်အတွင်း တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း တွေကိုသွားရောက်လေ့လာခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာလျှပ်စစ်ကဏ္ဍရင်းနှီးမြှပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေနှင့်လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြား ချက်အရ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့များသို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်တရုတ်နိုင်ငံသွားရောက်လေ့လာ
#တရုတ်နိုင်ငံအမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့
#မြန်မာ_တရုတ်_လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု
#YangonMediaGroup
Page 115 of 222