Published 19 March 2023
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမယ့် အင်္ဂါနေ့မှာ သူ့ကိုဖမ်းဆီးလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မတ်၁၈ရက်က ပြောကြားလိုက်ပြီး သူ့ကိုထောက်ခံသူတွေအနေနှင့် ဆန္ဒပြပွဲတွေ စတင်ကြဖို့ လှုံ့ဆော်လိုက်ပါတယ်။
အဆိုပါကိစ္စဟာ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ပေါက်ကြားလာတာဖြစ်တယ်လို့ ထရမ့်က ကိုးကားလိုက်ပြီး သူ့ရဲ့ Truth လူမှုပလက်ဖောင်းမှာ သူကရေးသားလိုက်ပါတယ်။ “ ဦးဆောင်ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်းနှင့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်းဟာ လာမယ့်အပတ် အင်္ဂါနေ့မှာ ဖမ်းဆီးခံရပါလိမ့်မယ်။ ကန့်ကွက်ဆန္ဒပြကြ။ နိုင်ငံကိုပြန်ဆောင်ယူကြ” လို့ သူကရေးသားခဲ့ပါတယ်။
ထရမ့်နှင့် နှစ်ပေါင်းများစွာအကြာက ဇာတ်လမ်းရှုပ်ခဲ့တဲ့ စက်ဖနီကလစ်ဖို့အမည်ရင်းရှိတဲ့ စတုန်းမီဒန်နီယယ်ကို ထရမ့်က ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် သူတို့ကိစ္စတွေလူသိရှင်ကြားမလုပ်ဖို့ နှုတ်ပိတ်တဲ့အနေနှင့် ဒေါ်လာ တစ်သိန်း သုံးသောင်းပေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးရေးတွေက အာရုစိုက်ထားကြပါတယ်။
တရာလိုရှေ့နေတွေဟာ ဒီအမှုနှင့်ပတ်သက်လို ထရမ့်ကို တရားစွဲဖို့သင့်မသင့် ချိန်ဆနေကြပါတယ်။
တကယ်လို့ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ထရမ့်ကို စွဲချင်တင်ခဲ့မယ်ဆိုရင် အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုနှင့် ပထမဆုံးတရားစွဲခံရတဲ့ အမေရိကန်သမ္မတဖြစ်လာတော့မှာပါ။
တကယ်လို မန်ဟန်တန်တရားသူကြီးက သူ့ကိုစွဲချင်တင်ခဲ့ရင် သူ့အမှုသည်အနေနှင့် အမှုကိုရင်ဆိုင်လိမ့်မယ်လို့ ထရမ့်ရှေ့နေက စီအင်န်ဘီစီရုပ်သံကိုပြောပါတယ်။
ထရမ့်က ဒင်နီယယ်နှင့် ဇာတ်လမ်းရှုပ်ခဲ့တယ်ဆိုတဲ့အပေါ်ငြင်းဆိုထားပါတယ်။
စာလုံးကြီးတွေနှင့်ရေးထားတဲ့ ပို့စ်မှာ ထရမ့်က “ အကျင့်ပျက်ခြားပြီးအကြီးအကျယ်နိုင်ငံရေးလုပ်စားနေတဲ့ မန်ဟန်တန် ဒိစတြိတ်ရှေ့နေများရုံးဆီက တရားမဝင်ပေါက်ကြားလာမှု” လို့ရေးသားထားပါတယ်။
ဗုဒ္ဒဟူးနေ့တုန်းက ဒန်နီယယ်ဟာ အမှုစွဲရှေ့နေတွေနှင့်တွေ့ဆုံခဲ့ပြီး “လိုအပ်လာရင် သက်သေအဖြစ်ထွက်ဆိုပေးမယ်” လို့ ကတိပေးခဲ့တယ်လို့ သူမရဲ့ရှေ့နေ ချားလ်စ် ဘရူးစတားကပြောပါတယ်။
ဒီလစောစောပိုင်းတုန်းက ဒိစတြိတ်ရှေ့နေ အယ်ဗင်ဘရက်ရဲ့အဖွဲ့နှင့် ထရမ့်ကိုတွေ့ဖို့အခွင့်အရေးပေးခဲ့ပေမယ့် ထရမ့်က သူ့ကိုယ်သူ အပြစ်ရှိသလိုဝန်ခံတဲ့သဘောသက်ရောက်နိုင်လို့ ရှောင်ရှားခဲ့ပါတယ်။
ဒီလိုဖိတ်ခေါ်ခြင်းဟာ သူ့ကိုတရားစွဲတော့မယ်ဆိုတာ သေချာသလောက်ဆိုတဲ့သဘောပဲလို့ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။
Source WION
#သူ့ကိုဖမ်းရင်ဆန္ဒပြကြဖို့ထရမ့်ပြော
#ဒေါ်နယ်ထရမ့်#စတုန်းမီဒန်နီယယ်လ်
#YangonMediaGroup
Published 19 March 2023
အမေရိကန်ကိုတိုက်ခိုက်ရန်အတွက် မြောက်ကိုရီးယားစစ်တပ်တွင် ဆန္ဒအလျောက် ဆန္ဒပြုသူများ သို့မဟုတ် စာရင်းပေးသွင်းကြတဲ့ ပြည်သူတွေ ရှစ်သိန်းခန့်ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာတွင် သတင်း ရေးသားပါတယ်။
မြောက်ကိုရီးယားနိုင်ငံတစ်လွှားက ကျောင်းသားတွေနှင့်အလုပ်သမား ရှစ်သိန်းခန့်ဟာ အမေရိကန်ကို တန်ပြန်ဖို့အတွက် မြောက်ကိုရီးယားစစ်တပ်တွင် စာရင်းပေးသွင်းရန် ဆန္ဒရှိကြတယ်လို့ ရော့ဒွန်ဆင်မွန်းသတင်းစာကလည်းသတင်း ရေးသားပါတယ်။
“လူငယ်တွေ စစ်တပ်ထဲဝင်လိုတဲ့ စိတ်ဓာတ်ပြင်းပြမှုတွေမြင့်တက်လာတာဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးရှိလှတဲ့ ဆိုရှယ်လစ် နိုင်ငံကိုပျက်သုဉ်းစေဖို့ စစ်ရူးတွေရဲ့ နောက်ဆုံးကြိုးပမ်းမှုကို ဖျက်ထုတ်ပစ်မယ့် မျိုးဆက်သစ်လူငယ်တွေရဲ့ မယိမ်းယိုင်တဲ့ဆန္ဒတွေ၊ ကျရှုံးမှုမရှိတဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေးရရှိမှုနှင့် သူတို့ရဲ့ အလွန်တက်ကြွတဲ့ မျိုးချစ်စိတ်ကိုရှင်းလင်းပြတ်သားစွာပြသနေတာဖြစ်တယ်” လို့ အဆိုပါသတင်းစာကရေးသားပါတယ်။
အမေရိကန်နှင့်တောင်ကိုရီးယားတို့ရဲ့ လက်ရှိပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုန့်ပြန်တဲ့အနေနှင့် မြောက်ကိုရီးယားက Hwasong-17 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး မြောက်ကိုးရီးယားရဲ့ ယခုကြေညာ ချက်ထွက်ပေါ်လာခဲ့တာပါ။
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်အကြားပင်လယ်ပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ထိပ်သီးအစည်းအဝေးအတွက် တိုကျိုကို မသွားရောက်ခင် နာရီ အနည်းငယ်အကြာမှာ ပစ်လွှတ်ခဲ့တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နှင့် မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကိုတားမြစ်ထားပြီး ဒီလိုပစ်လွှတ်တာတွေကို တောင်ကိုရီးယား၊အမေရိကန်နှင့် ဂျပန်အစိုးရတွေက ရှုတ်ချထားပါတယ်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တွေဟာ ၁၁ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေကို Freedom Shield 23 အမည်နှင့် တနင်္လာနေ့ကစတင်ဆောင်ရွက်နေကြပါတယ်။ဒီလောက်ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုမျိုးကို ၂၀၁၇ခုနှစ်နောက်ပိုင်း ကတည်းကမတွေ့ခဲ့ကြရတာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်က အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ဟာ စစ်ရေးလေ့ကျင့်မှုနှင့် အတူ တင်းမာမှုတွေတိုးပွားလာအောင်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
Source Reuters
#မြောက်ကိုရီးယား
#အမေရိကန်နှင့်စစ်တိုက်ရန်ဆန္ဒပြုထားသူ#မြောက်ကိုရီးယားလူငယ်ရှစ်သိန်းခန့်ရှိ
#YangonMediaGroup
Published 17 March 2023
လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးကို ယနေ့ မတ်လ ၁၇ ရက်တွင် စတင်ပြသသည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသထားကြောင်း သိရှိရပါတယ်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့စတင်ကျင်းပတဲ့ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်ဟာ မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကျောက်မျက်ရတနာတွေကို ရောင်းချသွားရာ၌ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသောမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များကအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်းပေးချေကြရမယ်လို့ သိရှိရပါတယ်။
နိုင်ငံခြားငွေ(သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်းပေးချေရမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ymg/knl
#(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
#YangonMediaGroup
Published 17 March 2023
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping သည် ရုရှားနိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မယ်လို့ ရုရှားမီဒီယာ တွေကရေးသားကြပါတယ်။
ခရီးစဉ်အတွင်းမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့်သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တဲ့အပြင် နိုင်ငံတကာ နယ်ပယ်တွင် ရုရှား-တရုတ် ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းလာမှုအပေါ် အမြင်ချင်းဖလှယ်ရန်လည်း စီစဉ်ထား တယ်လို့သိရပါတယ်။
ထို့အပြင် အရေးကြီးတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ရုရှား မီဒီယာတွေကဖော်ပြရေးသားကြပါတယ်။
Source: Agencies
#ရုရှား_တရုတ်ဆက်ဆံရေး
#ပူတင်_ရှီ_တွေ့ဆုံမှု
Published 17 March 2023
ပြိုလဲတော့မည့်အရိပ်အယောင်မြင်နေရတဲ့အတွက် အမေရိကန်ရဲ့ First Republic ဘဏ်ကို အခြား ဘဏ်ကြီး(၁၁) ဘဏ်က ဝင်ရောက်ကူညီကယ်တင်လိုက်တယ်လို့ သိရပါတယ်။
ဆီလီကွန်တောင်ကြားဘဏ်အပါအဝင် မကြာသေးမီက အမေရိကန်ဘဏ်တွေပြိုလဲခဲ့ပြီးနောက် First Republic ဘဏ်ဟာ နောက်ထပ်ပြိုလဲနိုင်မယ်လို့ စိုးရိမ်မှုတွေရှိလာတဲ့အတွက် ပုဂ္ဂလိကဘဏ်ကြီး ၁၁ ဘဏ်က ဝိုင်းကူပေး လိုက်ကြတာဖြစ်ပါတယ်။
Citigroup ၊ JPMorgan Chase နှင့် Bank of Americaတို့အပါအဝင် အဆိုပါ ဘဏ်ကြီး၁၁ ဘဏ်က First Republic ထဲကို ဒေါ်လာ ၃၀ ဘီလျံ ထည့်သွင်းအပ်နှံပေးကြမယ့်အကြောင်း ကြေညာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ဘဏ် (၃)ပတ် ပြိုလဲသွားပြီးနောက် ဘဏ်လုပ်ငန်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဘဏ်စနစ်ကို ထောက်ပံ့ပေးတဲ့အနေနှင့် ယခုလို သိသာထင်ရှားတဲ့ ဦးစီးဦးရွက်ပြုလိုက်ကြတာပါ၊
“ အမေရိကန်ရဲ့ အကြီးဆုံးဘဏ်တွေရဲ့ ယခုလိုဆောင်ရွက်မှုဟာ First Republicနှင့် ဘဏ်အရွယ်အစားအားလုံး အပေါ်မှာ သူတို့ရဲ့ယုံကြည်မှု ထင်ဟပ်နေတာဖြစ်တယ်” လို့ အဆိုပါဘဏ်အုပ်စုရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။
“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဏ္ဍာငွေကြေးအင်အားနှင့် ငွေပေါ်လွယ်မှုတွေကို အလိုအပ်ဆုံးဖြစ်နေတဲ့ ပိုမိုကြီးမားတဲ့ စနစ်အတွင်း အတူတကွ ထိရောက်စွာ အသုံးချလိုက်ကြတာဖြစ်ပါတယ်”လို့လည်း ကြေညာချက်ကဆိုပါတယ်။
ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲအပြီး လတ်တလောမှာတော့ အမေရိကန်ဘဏ်တွေကို တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ တစ်နှစ်ငွေချေးအစီအစဉ် အသစ်အောက် ကနေ ဖက်ဒရယ်အရန်ငွေကြေးက ထုတ်ချေးထားပါတယ်။
Source:WION
#First_Republic_ဘဏ်
#အမေရိကန်ဘဏ်အကျပ်အတည်း
#YangonMediaGroup
Published 16 March 2023
ဘင်္ဂလီတွေကို မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံနိုင်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံ နစကရဲ့ တာဝန်ရှိသူအဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီဒုက္ခသည်စခန်းကိုရောက်ရှိနေတယ်လို့ ဒါကာမှလာတဲ့ သတင်းအရင်အမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။
ကော့ဘဇားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ မိုဟာမက်မီဇာနာရာမင်းကာ “အဲဒီရှေ့ပြေးစီမံချက်အရ မြန်မာနိုင်ငံကိုပြန်လည် ပို့ဆောင်ပေးမယ့် ဘင်္ဂလီ ၁၁၄၀ ဦးရှိပြီး အဲဒီအထဲက ၇၁၁ ဦးဟာ ဆောင်ရွက်စရာကိစ္စတွေရှင်းလင်းပြီးစီးပြီးဖြစ်တယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မွေးဖွားစကလေးငယ်တွေအပါအဝင် ကျန်တဲ့ ၄၂၉ ဦးကိစ္စလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
“ သူတို့ကိုပြန်ပို့ပေးဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်ပြီ” လို့သူကပြောပါတယ်။ ဒါပေမယ့် ဘယ်တော့လည်းဆိုတာတော့ ထည့်မပြောသွားပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝန်းက “ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးနေပြီး ဘင်္ဂလီပထမအသုတ်ကို မကြာမီမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်” လို့ ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆန်းဘက်ဆန်ဆသာ သတင်းဌာနက သတင်းရေးသားပါတယ်။
Source: Reuters
#ဘင်္ဂလီဒုက္ခသည်
#မြန်မာနိုင်ငံသို့ဘင်္ဂလီဒုက္ခသည်များပြန်ပို့ရေးရှေ့ပြေးစီမံချက်
#YangonMediaGroup
Published 16 March 2023
မြန်မာနိုင်ငံက တန်ဖိုးကြီး ပင်နီဆူလာ ဟိုတယ်တွဲစီမံကိန်းရဲ့ လုပ်ငန်းရှင်ကုမ္ပဏီက သူတို့ရဲ့ ရန်ကုန်မြို့က ဒေါ်လာ သန်း၁၃၀တန် စီမံကိန်းကြီးကို သင့်တော်တဲ့ အခြေအနေလို့ ယူဆတဲ့ဘယ်အချိန်ဖြစ်ဖြစ် လုပ်ငန်းတွေပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။
ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ကလီမန့်ကွတ်က သတင်းထောက်တွေက ဗုဒ္ဓဟူးနေ့ကပြောကြားရာမှာ ရန်ကုန်က ဟိုတယ်ဆောက်လုပ်ရေးကို ၂၀၂၁ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာရယူလိုက်ပြီးနောက် ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ဒါပေမယ့် လုပ်ငန်းခွင်ကို စောင့်ရှောက်ဖို့ ရင်းနှီးမြှပ်နှံမှုလုပ်ခဲ့တာဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ ကျွန်တော်တို့က သင့်တော်ပြီလို့ထင်ရင် ကျွန်တော်တို့ အချိန်မရွေးပြန်စနိုင်တယ်။ အဆောက်အဦးက ခြေရာလက်ရာမပျက်ရှိနေတယ်။ ဒါဟာသိပ်အရေးကြီးတဲ့အချက်ပဲဖြစ်တယ်” လို့သူကပြောပါတယ်။
စီမံကိန်းဟာ မြန်မာသူဋ္ဌေးကြီးဆာ့ချ်ပန်းရဲ့ ရိုးမအုပ်စု၊ စင်ကာပူမှတ်ပုံတင် Yoma Strategic Holdings နှင့် ရန်ကုန်မှတ်ပုံတင် First Myanmar Investment တို့ရဲ့ ဖက်စပ်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များကုမ္ပဏီက ၇၀ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်တာကို ရိုးမ ကပိုင်ဆိုင်ပါတယ်။
အခန်း၈၈ ခန်းပါ ဟိုတယ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းရဲ့ အချက်အခြာမှာရှိတဲ့ ယခင်ကိုလိုနီပုံစံ မြန်မာ့မီးရထားရုံးချုပ်ကြီးကို ပြန်လည်မွမ်းမံတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၄ခုနှစ်မှာစတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အပြီးဆောက်ဖို့ရက်သတ်မှတ်ထားတာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်မှာ စီမံကိန်းကို ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
မနှစ်ကအထိ ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များဟာ စီမံကိန်း စာရင်းရှိတန်ဖိုး book value ရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ impairment charge ကို ဟောင်ကောင်ဒေါ်လာ ၆၇၉သန်း( အမေရိကန်ဒေါ်လာ ၈၆.၅သန်း)ရှိတယ်လို့မှတ်တမ်းပြုထားပါတယ်။
“ ဒီစီမံကိန်းကြီးအပြီးသတ်ဖို့ သင့်တော်ပြီလို့ ကျွန်တော်တို့ထင်တဲ့အခြေအနေမှာ လုပ်ငန်းတွေပြန်လုပ်ဖို့ဟာ ကျွန်တော်တို့ လိုလားမှုဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
“ မည်သည့်အကြမ်းဖက်မှုမျိုးမဆို ကုမ္ပဏီတစ်ခုအနေနှင့် လျစ်လျူမရှုဘူးဆိုတာ ရှင်းပါတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် “ လူတွေကိုအလုပ်ခန့်ထားတာဟာ သူတို့ကိုကူညီပေးတယ်လို့ ကျွန်တော်တို့က ယေဘုယျခံယူးထားတယ်” လို့လည်း သူကပြောပါတယ်။
Source: Nikkei Asia
#ပင်နီဆူလာဟိုတယ်တွဲများစီမံကိန်းပြန်စမည်
#ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်များကုမ္ပဏီ
#YangonMediaGroup
Page 103 of 208