၁၆ ဇန်နဝါရီ ၂၀၂၅
အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် အခြေပြုသည့် သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ၏အဓိကခေါင်းဆောင် အပါအဝင် အနည်းဆုံးလူငါးဦးကို လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို မီဇိုရမ်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မာမစ်ခရိုင်အတွငး်မှာ လက်နက်ခဲယမ်း မီးကျောက်တွေနှင့်အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။
ချင်း CNF ၏ အဓိကခေါင်းဆောင်လို့သာ သတင်းမှာဖော်ပြထားပြီး ထိုသူမည်သူမည်ဝါနှင့် မည်သည့် အဆင့်ဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
သူတို့ထံမှ AK-47 တိုက်ခိုက်ရေးရိုင်ဖယ် (၆)လက်၊ ကျည်ဆန် ၁၀,၀၅၀ တောင့်၊ ကျည်ကပ် ၁၃ခုတို့ကို သိမ်းဆည်းရမိတယ်လို့ သတင်းများကရေးသားပါတယ်။
မီဇိုရမ်ပြည်နယ်ရဲနှင့် ယင်းရဲ့မိတ်ဖက်ထောက်လှမ်းရေးအဖွဲ့အစည်းတို့ပူးတွဲပြီး အနောက်ပိုင်း ဖိုင်လင်းရဲစခန်း နယ်မြေအတွင်းက ဆိုင်းသာရွာအပြင်ဘက်ဘက်မှာ စစ်ဆင်ရေးပြုလုပ်ပြီး သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ယခုဖမ်းဆီးနိုင်မှုဟာ ပြည်နယ်အတွင်း အကြီးမားဆုံးလက်နက်သိမ်းဆည်းရရှိမှုတွေထဲက တစ်ခုဖြစ်ပြီး ဒါတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုကို နှိမ်နှင်းနိုင်ခဲ့တာ လို့ ပြည်နယ်ရဲက သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို CNF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်စွယ် (CHT) မှာရှိတဲ့ United People’s Democratic Front (UPDFP) သူပုန်အုပ်စုများအကြား အရောင်းအဝယ်ပြုလုပ်ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းဖော်ထုတ်မှုများအရသိရပါတယ်။
CNF ရဲ့ အဓိကခေါင်းဆောင်ကို ဖမ်းဆီးမိလိုက်တာဟာ မီဇိုရမ်ရဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမှုကို အနောက်ပိုင်း ဖိုင်လင်းရဲစခန်းမှာဖွင့်ထားပြီး လက်နက်မှောင်ခိုမှုကွန်ယက်ကြိးကို ဖြိုခွင့်ဖို့ အတွက် ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
၁၅ ဇန်နဝါရီ၊ ၂၀၂၅
အမေရိကန်နိုင်ငံတွင် နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပ် TikTok ကို ပိတ်ပစ်ဖို့ နောက်ဆုံးရက် နီးလာတာနှင့်အမျှ တစ်တော့ခ်သုံးတဲ့ အမေရိကန်က အမေရိကန်တွေနှင့် တရုတ်လူမျိုးတွေဟာ တရုတ်ရဲ့ လူသိနည်းသေးတဲ့ တရုတ်ရဲ့နောက်ထပ် ဆိုရှယ်မီဒီယာအက်ပလေီကေးဖရှင်း RedNote ဆီသို့ ကူးပြောင်းအသုံးပြုလာလို့ အခုဆို တနင်္လာနေ့တစ်ရက်တည်းမှာ လူပေါင်းငါးသိန်းကျော် RedNote သို့ ရောက်ရှိလာကြပါတယ်။
အဲဒါကြောင့် တရုတ်လို Xiaohongshu လို့ သိကြတဲ့ အဲဒီ RedNote ဟာ ယခုတစ်ပတ်အတွင်း အမေရိကန်နိုင်ငံမှာ အများဆုံးဒေါင်းလုပ်လုပ်ကြတဲ့ အက်ပလီကေးရှင်းအဖြစ်ရောက်ရှိသွားပါတယ်။ အမေရိကန်က အသုံးပြုသူတွေရဲ့ တစ်တော့အစားထိုးအသုံးပြုကြဖို့ဆိုတဲ့ အခမဲ့ကြေညာပေးတာတွေ ကြောင့် အဲဒီ ရက်ခ်နုတ် အက်ပလီကေးရှင်းရဲ့ လူသိများမှု တဟုန်ထိုးမြင့်တက်လာနေပါတယ်။
နှစ်ရက်အတွင်းမှာပဲ ရက်ဒ်နုတ်ထံသို့ အသုံးပြုသစ်အသစ် စုစုပေါင်း ခုနှစ်သိန်းကျော် ဝင်ရောက်လာ တယ်လို့ အဆိုပါကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပြပါတယ်။
လောလောဆယ်မှာ အဲဒီ RedNote ဟာ တရုတ်ပြည်တွင်းသုံးအဖြစ်သာ ရှိနေသေးပေမယ့် လူသိများ ထင်ရှားလာတဲ့အတွက် တစ်ခ်တော့လိုပဲ ကမ္ဘာသုံးလူကြိုက်များ အက်ပလီကေးရှင်း တစ်ခုဖြစ်လာလိမ့်မယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိကြီးများက မျှော်လင့်ထားကြပါတယ်။
RedNote ဟာ လက်ရှိမှာ ဒေါ်လာ ၁၇ ဘီလျံတန်ဖိုးရှိအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အသုံး ပြုသူတွေဟာ ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုတွေနှင့် စာတိုတွေရေးသားပို့စ်တင်နိုင်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း ခရီးသွားလမ်းညွှန်၊ အိုမင်းမှုကိုကာကွယ်ပေးမယ့် ခရင်မ်နှင့် စားသောက်ဆိုင်တွေ အညွှန်းတွေအတွက် အသုံးပြုသူ သန်း၃၀၀ကျော်ဟာ ရက်ဒ်နုတ်ကို အသုံးပြုလာကြပါတယ်။
တစ်တော့ခ်ကို အမေရိကန်က ဇန်နဝါရီ ၁၉ရက်မှာ ပိတ်ပစ်ဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Ref: Reuters
၁၅ ဇန်နဝါရီ ၊၂၀၂၅
▪️စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ယနေ့ ဇန်နဝါရီ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နှင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
▪️ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သူ့ရဲ့ အိမ်တော်ထဲကို ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ကျော် သူ့ကိုဖမ်းဆီးဖို့ ဝင်ရောက်လာပြီးနောက် သူ့အနေနှင့် အကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်မှာကိုရှောင်ရှားလိုလို့ သူ့ကို စုံစမ်းစစ်ဆေးနိုင်ရန် သူ့ကိုယ်သူ အဖမ်းခံလိုက်တယ်လို့ ယွန်က ကြေညာချက်မှာဖော်ပြထားပါတယ်။
▪️“ သူတို့ဟာ လုံခြုံရေးဧရိယာထဲ မီးသတ်ကိရိယာတွေအသုံးပြုချိုးဖောက်ဝင်ရောက်လာတာ ကျွန်တော် တွေ့ရပါတယ်။ အဲဒါကြောင့်သွေးထွက်သံယိုမှုတွေကို ဟန့်တားနိုင်အောင် စုံစမ်းစစ်ဆေးမှုကိုခံယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ယွန်ကပြောပါတယ်။
Source Reuters
၅ ဇန်နဝါရီ ၊၂၀၂၅
အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သူ သမ္မတအဖြစ် ကျမ်းကျိန်မယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်အလံ တိုင်တစ်ဝက်ဆက်လက်လွှင့်ထူထားမယ့်ကိစ္စကို ပြီးခဲ့တဲ့သောကြာနေ့က အပြစ်တင်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၉ရက်က ကွယ်လွန်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမေရိကန်အလံကို ရက်ပေါင်း ၃၀ တိတိ တိုင်တစ်ဝက်လွှင့်ထူဖို့ သမ္မတဘိုင်ဒင်က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၉ရက်နေ့မှာ ဝါရှင်တန်မှာပြုလုပ်မယ့် ကာတာအတွက်အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်မယ်လို့ ကြေညာထားတဲ့ ထရမ့်က သမ္မတအသစ်အဖြစ် သူကျမ်းသစ္စာကျိန်ဆိုနေစဉ်အတွင်း အမေရိကန်အလံ တိုင်တစ်ဝက်လွှင့်ထူထားရှိနေမယ့် အပေါ် သူ့ရဲ့ ထရု ဆိုရှယ်မီဒီယာပေါ်ကနေ သောကြာနေ့က ပို့စ်တစ်ခုရေးတင်ခဲ့ပါတယ်။
“ ဒီမိုကရက်တွေဟာ ကျွန်တော်တို့ရဲ့ အံ့ချီးဖွယ်အမေရိကန်အလံကို ကျွန်တော်ကျမ်းကျိန်နေစဉ်အတွင်း တိုင်တစ်ဝက် ဆက်လွှင့်ထားနိုင်ဖို့အရေး အတော်စိတ်လှုပ်ရှားနေကြတယ်” လို့ ထရမ့်ကရေးခဲ့ပါတယ်။
“ သူတို့က အဲဒါကို သိပ်ကောင်းတယ်ပေါ၊ ပြီးတော့ ဒါကို သိပ်ပျော်နေကြတာ။ သူတို့ ကျွန်တော်တို့ နိုင်ငံကို မချစ်ဘူး။ ကိုယ့်ကိုကိုယ်ပဲချစ်ကြတာ” လို့ထရမ့်ကပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ကာတာသေဆုံးခဲ့ရတဲ့အတွက် အမေရိကန်အလံဟာ အနာဂတ်သမ္မတရဲ့ ကျမ်းကျိန်ပွဲ မှာ ပထမဆုံးအဖြစ် တိုင်တစ်ဝက်လွှင့်ထူလိမ့်မယ်” လို့ ထရမ့်ကပြောပါတယ်။
ဘယ်သူမှ ဒါကိုမမြင်ချင်ဘူး။ အမေရိကန်တွေက အဲဒီအတွက် ပျော်ရွှင်မှာမဟုတ်ဘူး။ ဘာဖြစ်မလဲ ကြည့် ကြတာပေါ့ လို့ထရမ့်ကဆိုပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ ကာရင်း ယွန်းပီယဲက သူတို့အနေနှင့် ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။
Source Reuters
၄ ဇန်နဝါရီ ၂၀၂၅
ယနေ့လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်ပါဝင်တယ်လို့သိရပါတယ်။ထို့အပြင် ပုဒ်မ ၅၀၅ဖြင့်အကျဉ်းချခံရသူများထဲမှ လူ ၆၀၀ ခန့်လည်းလွတ်မြောက်လာမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။
#knl/ymg
၃၁ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်းက အဓိက ရာဇဝတ်ဂိုဏ်းသား ၃၉ ဦးကို တရုတ်နိုင်ငံက ဒီဇင်ဘာ ၃၀ရက် တနင်္လာနေ့မှာ စတင်တရားစွဲဆိုလိုက်ပါတယ်။သူတို့ဟာ တရုတ်နိုင်ငံအရပ်သားတွေကို ပစ်မှတ်ထားပြီး ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုနှင့် ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြလို့ တရားစွဲဆိုတာလို့CCTV ကသတင်း ထုတ်ပြန်ပါတယ်။
Source CCTV+
၂၉ ဒီဇင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တိုဟစ်ဟူစိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ချိတ်ဆက်မိစေရေး အရေးကြီးတဲ့အကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။ အဲသလို ဆောင်ရွက်ခြင်းဖြင့် နှစ်ဘက်အကျိုးရှိလိမ့်မယ်လို့လည်း သူက အလေးပေးပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက သတင်းဖော်ပြကြပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများအကြား ချောမွေ့တဲ့ချိတ်ဆက်မှုလိုအပ် ပါတယ်။ အလားအလာအကောင်းဆုံးလမ်းကြောင်းကတော့ မြန်မာနိုင်ငံမှတစ်ဆင့်ဖြစ်တယ်” လို့ သူက ပြောဆိုလိုက်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရေး လိုအပ်တယ်လို့ သူက အလေးပေးပြောဆိုပါတယ်။
“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ရခိုင် ပြည်နယ်ကို ဘင်္ဂလီတွေဟာ အခွင့်အရေးနှင့်လုံခြုံမှုရှိစွာ ပြန်ပို့ပေးရေးအပါအဝင်ပေါ့။ ဒီလိုချိတ်ဆက် မှုဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အပြန်အလှန်အကျိုးကျေးဇူးရှိနိုင်လိမ့်မယ်” လို့ သူကပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နော့တ်ဆောက်တက္ကသိုလ်မှာ သောကြာနေ့ကကျင်းပတဲ့ “ တရုတ်- တောင်အာရှယဉ်ကျေးမှုနှင့်ချိတ်ဆက်မှု” ဆိုတဲ့ နိုင်ငံတကာကွန်ဖရင့်တစ်ခုဖွင့်ပွဲမှာ တိုဟစ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့၇ှ်ရဲ့ မဟာဗျူဟာမြောက်တည်ရှိမှုနှင့် စီးပွားရေးအလာအလာတွေ ဖွံ့ဖြိုးလာနေမှုတွေကို လည်း သူက အလေးပေးပြောဆိုပါတယ်။
ဒေသတွင်းချိတ်ဆက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါမှုတွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲခြင်းနှင့်စီးပွားရေး မရေရာမှုတွေလိုပြဿနာတွေကို ဖြေရှင်းရာမှာ ပိုအရေးပါလာနေတယ်လို့လည်း သူကပြောပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်လုပ်ဖော်ကိုင်ဖက်အဖြစ်သာမက မိတ်ဆွေအဖြစ်နှင့်ပါ လက်တွဲဆောင်ရွက်ရမယ်လို့သူကပြောပါတယ်။
အဲဒီကွန်ဖရင့်ကို တရုတ်-တောင်အာရှစင်တာရဲ့ လူမှုယဉ်ကျေးမှုလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ် တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကွန်ဖရင့်ဖွင့်ပွဲ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Page 6 of 213