၂၃ မေ ၂၀၂၄
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။
အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။
အဲဒါတွေကတော့
(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊
( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊
( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊
(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊
( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်
တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
@ymg/knl
၂၂ မေ ၂၀၂၄
နီပေါနိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာအုပ်စုရဲ့ပိုင်ရှင်ကို နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ အေပီသတင်းကဖော်ပြထားပါတယ်။
ကန်တီပါမီဒီယာအုပ်စုရဲ့ ပိုင်ရှင် ကိုင်လက်ရှ်ဆီရိုဟီယာဟာ သူ့ကိုတရားစွဲဆိုထားတဲ့ နီပေါနိုင်ငံ တောင်ပိုင်းက ခရိုင်တရားရုံး တစ်ခုမှာ ဗုဒ္ဓဟူးနေ့ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။
သူဟာ နီပေါနိုင်ငံ မြို့တော်ကတ္တမန်ဒူမှာရှိတဲ့ သူ့ရဲ့ ကန်တီပါရုံးမှာ အဖမ်းခံရတာဖြစ်ပါတယ်။ ကန်တီပါမီဒီယာအုပ်စုဟာ သတင်းစာတွေ၊ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ဌာနတွေ၊ မဂ္ဂဇင်းတွေနှင့် အွန်လိုင်းသတင်းဌာနတွေ တည်ထောင်ထားပါ တယ်။
သူဘာမှအမှားမလုပ်ခဲ့ဘူးလို့ ဆီရိုဟီယာက ငြင်းဆိုလိုက်ပြီး ဒါဟာ ပြည်ထဲရေးဝန်ကြီး ရာဘီလမ်မီချိန်းရဲ့ သူ့အပေါ် ကလဲ့စား ချေမှု တစ်ခုဖြစ်တယ်လို့ ပြန်ပြီးစွပ်စွဲလိုက်ပါတယ်။ငွေကြေး မလျော်မကန်ဆောင်ရွက်မှုတွေမှာ ပြည်ထဲရေးဝန်ကြီး ပါဝင် ပတ် သက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့မီဒီယာအုပ်စုုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အတိုက်အခံနိုင်ငံရေးပါတီတွေက လမ်မီချိန်းကို ငွေကြေးမလျော်မကန်ဆောင်ရွက်မှုတွေကြောင့် ရာထူးမှဆင်းပေးဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆီရိုဟီရာရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနံပါတ်ဟာ တစ်ခြားသူတစ်ဦးရဲ့နံပါတ်နှင့်တူနေပြီး ဒါဟာ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ညိစွန်း နေတယ်လို့ရဲကပြောပါတယ်။
နီပေါနိုင်ငံမှာ အထူးသဖြင့် အိန္ဒိယနယ်စပ်ဖြစ်တဲ့ နီပေါတောင်ပိုင်းမှာ လူတော်တော်များများဟာ နိုင်ငံသားမှတ်ပုံတင်အတု ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။၏
Source AP
၂၂ မေ ၂၀၂၄
နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ ရေပြင်နှင့်ဝေဟင်ပိုင်နက်တွေကို ပိုင်နိုင်စွာစိုးမိုးထားဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
မေလ ၂၁ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်တဲ့ အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်း သူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို ပထဝီအနေအထား အရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုး ထားနိုင်ရန်လိုအပ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နစကအနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပ နိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ်လျက်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌက လူငယ်တွေကို ပြောကြားပါတယ်။
အဲဒီနောက် ရေကြောင်းလူငယ်သင်တန်းမှ မနန်းစုစန္ဒီအောင်နှင့် လေကြောင်း လူငယ်သင်တန်းမှ မသဉ္ဇာနိုင်တိုက သင်တန်း အတွေ့အကြုံတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၂၁ မေ ၂၀၂၄
အမေရိကန်နိုင်ငံသားတွေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသားအတော်များများပါဝင်တဲ့ အာဏာသိမ်းဖို့ကြံစည်တဲ့ အုပ်စုတစ်စုကို တနင်္ဂနွေနေ့ မနက်လင်းအားကြီးအချိန်မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နှိမ်နှင်းလိုက်နိုင်တယ်လို့ ကွန်ဂိုအစိုးရကသတင်းထုတ်ပြန်ပါတယ်။
အဆိုပါအာဏာသိမ်းအုပ်စုကို ကွန်ဂိုလူမျိုး အမေရိကန်နိုင်ငံသားခံယူထားတဲ့ ခရစ်ရှန် မာလန်ဂါဆိုသူက ကြိုး ကိုင်ခဲ့တာဖြစ်ပြီး သူဟာ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ကြစဉ်အတွင်း သေဆုံးသွား တယ်လို့ ကွန်ဂိုစစ်တပ်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ကြီး ဆိုင်ဗိန်းအက်ကင့်ရှ်က အတည်ပြုပြောကြားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြို့တော် ကင်ရှာဆာ၊ ဂွမ်ဘီဧရိယာရှိ ကွန်ဂိုစီးပွားရေးဝန်ကြီး ဗစ်တဲလ်ကမာဟီ ရဲ့ အိမ်အပြင်ဘက်မှာဖြစ်ပွားခဲ့တာပါ။အဲဒီအိမ်ဟာ သမ္မတ ဖီလစ် ရှီဆက်ကီဒီရဲ့ ရုံးတွေရှိတဲ့ နိုင်ငံတော် သမ္မတ အိမ်တော်ဝင်းအနီးမှာတည်ရှိပါတယ်။
လူ ၄၀ ဦးခန့်ပါဝင်တဲ့ အဆိုပါ တိုက်ခိုက်သူတွေကိုဖမ်းဆီးမိပြီး အဲဒီအထဲက မာလန်ဂါအပါအဝင် (၄)ဦးဟာ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။
ဖမ်းဆီးမိသူတွေအထဲမှာ ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်ပြီး သူဟာ အဲဒီအာဏာသိမ်းအုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။မာလာဂါရဲ့သားဖြစ်သူ မာဆယ်မာလန်ဂါလည်း အာဏာသိမ်း ဖို့ကြံစည်တဲ့အုပ်စုထဲမှာ ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီးအက်ကင့်ရှ်ကပြောပါတယ်။
တိုက်ခိုက်မှုတွေမှာ ဝန်ကြီးကမာဟီနှင့်မိသားစု လွတ်မြောက်သွားခဲ့ပေမယ့် အစောင့်ရဲနှစ်ဦးကတော့ သေဆုံးသွားခဲ့ရပါတယ်လို့ ဝန်ကြီးရဲ့ အနီးကပ်သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။
အာဏာသိမ်းရန်ကြံစည်သူတွေဟာ အသစ်ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ် ဂျူဒစ် ဆူမင်ဝါနှင့် ပြည်ထဲရေး ဝန်ကြီး ယွန်းပီယဲဘမ်ဘာတို့ရဲ့အိမ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ်။ဒါပေ မယ့် သူတို့ဟာ ဝန်ကြီးချုပ်အိမ်ဘယ်မှာရှိသလဲ ရှာမရခဲ့ဖြစ်ခဲ့ရပြီး ဘမ်ဘာကိုလည်း သူ့အိမ်မှာရှာမတွေ့ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။
ဝန်ကြီးအိမ်မှာ တိုက်ခိုက်မှုမအောင်မြင်ဖြစ်ပြီးနောက် သူတို့ဟာ သမ္မတနန်းတော်ဖက်ကို ဇိုင်ယာအလံ ကိုင်ဆောင်ပြီးဆက်သွားခဲ့ကြပါတယ်။ ဇိုင်ယာဆိုတာ ၁၉၉၇ခုနှစ်မှာ ရာထူးမှဖြုတ်ချခံရတဲ့ အာဏာရှင် မိုဘူတူးဆီဆီဆီကို အုပ်ချုပ်ခဲ့တုန်းက ကွန်ဂိုရဲ့ယခင်အမည်ဟောင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့အဖွဲ့ကို လုံခြံရေးတပ်ဖွဲ့တွေက ဟန့်တားနှိမ်နှင်းနိုင်ခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက သူမအနေနှင့် သတင်းကြားရတာ အတော်တုန်လှုပ်သွားတယ်လို့ပြောပြီး အာဖရိက သမဂ္ဂကတော့ အာဏာသိမ်းရန် ကြံ့စည်မှုကိုရှုတ်ချထားပါတယ်။
အာဏာပိုင်တွေက အာဏာသိမ်းမှုနှင့်ပတ်သက်လို့ အသေးစိတ်နားလည်အောင် အချက်အလက်တွေ ကြိုးစား ရှာဖွေနေဆဲဖြစ်ကြောင်းသိရပါတယ်။
Source: Hindustan Times
@ymg/knl
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
#Just-In
၂၀ မေ ၂၀၂၄
အီရန်သမ္မတ အီဗရာဟင်ရိုင်စီလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကို ရှာဖွေတွေ့ရှိပြီး အသက်ရှင်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရဘူးလို့ အီရန် လခြမ်းကြက်ခြေနီအသင်း ဥက္ကဋ္ဌကပြောကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က သတင်း ထုတ်ပြန် ပါတယ်။
“ သမ္မတရိုင်စီရဲ့ရဟတ်ယာဉ်ဟာ အကုန်မီးလောင်ကျွမ်းသွားပြီ။ ကံမကောင်းလှစွာပဲ တစ်ယောက်မှအသက်မရှင်ဘူး” လို့လည်း အရာရှိတစ်ဦးရဲ့စကားကိုကိုးကားပြီးရိုက်တာကရေးသားပါတယ်။
သမ္မတရိုင်စီရဲ့ရဟတ်ယာဉ်ဟာ အီရန်နိုင်ငံအောက်မြောက်ပိုင်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် မြေပြင်သို့ အရေးပေါ်ဆင်းသက် ရင်း ပျက်ကျသွားရတာဖြစ်ပါတယ်။သူနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမီယာဒိုလာဟီယန်လည်းလိုက်ပါသွားခဲ့ပါတယ်။
သူတို့ဟာ အဂျာဘိုင်ဇန်နိုင်ငံနယ်စပ်မှာ ဆည်တစ်ခုဖွင့်လှစ်ပြီး အပြန်မှာ အဖြစ်ဆိုးနှင့်ကြုံခဲ့ကြရတာပါ။
“ ရဟတ်ယာဉ်ပျက်နေရာရှာတွေ့ခဲ့ပြီး ရှင်ကျန်ရစ်သူတစ်ဦးတစ်ယောက်မျှမတွေ့ရဘူး” လို့ အီရန်လခြမ်းကြက်ခြေနီအသင်း ဥက္ကဋ္ဌက တက်စ်နင်းသတင်းအေဂျင်စီကို တနင်္လာနေ့(မေ၂၀)ရက်ကပြောပါတယ်။
နာရီများစွာ အပူတပြင်းရှာဖွေပြီးနောက် အရှေ့အဂျာဇိုင်ဘန်ပြည်နယ်က တောင်ထူထပ်တဲ့ ဒေသမှာ သမ္မတရိုင်စီနှင့်သူ့ရဲ့ အကြီးတန်းအရာရှိကြီးတွေလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျ တဲ့ နေရာကိုတွေ့ရှိခဲ့ပြီလို့ သူကအစောပိုင်းမှာပြောခဲ့ပါတယ်။
Ref : RINA/Reuters
၁၉ မေ ၂၀၂၄
အီရန်သမ္မတ အီဗရာဟင် ရိုင်စီနှင့် သူ့ နိုင်ငံခြားရေးဝန်ကြီးတို့ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စီး တနင်္ဂနွေနေ့က မြူများ ထူထပ်စွာကျဆင်းနေတဲ့ တောင်တွေအပေါ် ဖြတ်သန်းပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်သွားပါတယ်။
အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့အီရန်သမ္မတ ရိုင်စီဟာ အဇာဘိုင်ဂျန်နယ်စပ်မှာ ဆည်တစ်ခုဖွင့်ပွဲကနေအပြန်မှာ ယခုလိုရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ပါ တယ်။
သမ္မတရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အသက်အန္တရာယ်ရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။
“ ကျွန်တော်တို့မျှော်လင့်ထားတုန်းပဲ။ ဒါပေမယ့် ပျက်ကျတဲ့နေရာက သိပ်စိတ်ပူစရာကောင်းတယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကပြောပါတယ်။
ဆိုးရွာတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ရတာ ရှုပ်ထွေးမှုဖြစ်စေတယ်လို့ နိုင်ငံပိုင် အိုင်အာရ်အင်န်အေ သတင်းအေဂျင်စီ ကပြောပါတယ်။
Source NDTV
Page 42 of 221