၄ ဖေဖော်ဝါရီ ၂၀၂၅
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC မှ အမေရိကန်နှုတ်ထွက်မယ့် သမ္မတအမိန့်ကို သမ္မတထရမ့်က ဒီကနေ့ မှာ လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။
ထရမ့်ဟာ သူ့ရဲ့ပထမသက်တမ်းမှာ UNHRC နှင့် ဆက်ဆံမှုဖြတ်တောက်ခဲ့ပါသေးတယ်။ အမေရိကန်ရဲ့ ပါတီနှစ်ခုစလုံးက ခေါင်းဆောင်တွေက အဲဒီအဖွဲ့အစည်းဟာ အစ္စရေးနှင့်ပတ်သက်လို့ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ကာလကြာကတည်းက ပြောထားခဲ့ကြပါတယ်။
သမ္မတရဲ့အမိန့်ထဲမှာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ UNRWA ရဲ့ အနာဂတ်ရန်ပုံငွေတွေကိုလည်း ဖြတ်တောက်ပစ်တာပါဝင်မယ်လို့ဆိုပါတယ်။ အဲဒီ UNRWA အေဂျင်စီဟာ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အစ္စရေးနှင့်ဟာမားစ်တို့ စစ်ပွဲဆက်ဖြစ်နေတဲ့အချိန်မှာ ဘိုင်ဒင်အစိုးရက ရန်ပုံငွေရပ်ပစ်ခဲ့ဖူးပါတယ်။
Source NPR
၃ ဖေဖော်ဝါရီလ ၂၀၂၄
အမေရိကန်ရဲ့ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီ USAID ကို ပိတ်ပစ်ဖို့အတွက် လုပ်ငန်းတွေ စတင်နေပြီလို့ အမေရိကန် အစိုးရဌာနများစွမ်းရည်မြင့်ရေးဌာနကို ဦးဆောင်နေတဲ့ ဘီလျံနာ အီလွန်မတ်စ်က ပြောကြားလိုက်ပါတယ်။
သူ့ရဲ့အစိုးရဌာနများစွမ်းရည်မြင့်ရေးဌာနဟာ အစိုးရရဲ့ အသုံးစရိတ်တွေဖြတ်တောက်ရတဲ့ ဖက်ဒရယ်အဖွဲ့တစ်ခုဖြစ်ပါတယ်။
USAID ကိုဖျက်သိမ်းဖို့ သမ္မတထရမ့်က သဘောတူပြီးဖြစ်တယ်လို့လည်း ထရမ့်ကပြောပါတယ်။ USAID ဟာ ပြုပြင်လို့မရတော့တဲ့အနေအထားဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
USAID ရဲ့ ဝန်ထမ်းအများစုကို တနင်္လာနေ့မှာ ရုံးမတက်ကြဘဲ အိမ်ကနေအလုပ်လုပ်ကြဖို့ ပြောထားပါတယ်လို့ ရိုက်တာကတွေ့ရှိရတဲ့ အီးမေးလ်အကြောင်းကြားစာတစ်ခုအရသိရပါတယ်။ နောက်ထပ်ညွှန်ကြားမှုတွေဆက်လာမယ်လို့လည်း အဆိုပါအီးမေးလ်မှာရေးသားထားပါတယ်။
“ USAID ကို အကြီးအကျယ်အစွန်းရောက်အုပ်စုက စီမံခန့်ခွဲနေကြတယ်” လို့ တနင်္ဂနွေနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ “ သူတို့ကိုထုတ်ပစ်ရမယ်။ ပြီးရင် ဆုံးဖြတ်ချက်တစ်ခု ချရမယ်” လို့ ထရမ့်ကပြောပါတယ်။
USAID ဟာ ကမ္ဘာမှာ အကြီးဆုံး ကူညီလှူဒါန်းနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၃ခုနှစ်မှာ တစ်ကမ္ဘာလုံးသို့ အကူအညီ အမေရိကန်ဒေါ်လာ ၇၂ ဘီလျံပေးကမ်းခဲ့တာဖြစ်ပါတယ်။ USAID မှာ ဝန်ခမ်းပေါင်း တစ်သောင်းကျော်ရှိပါတယ်။ ထရမ့်ရဲ့ အမေရိကန်ပထမ မူဝါဒကြောင့် USAIDရဲ့ အကူအညီအများစုကို ရပ်တန့်ပစ်ခဲ့ရပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေက ဆေးရုံတွေ၊ စစ်ဖြစ်နေတဲ့ဒေသ တွေက မြေမြှပ်မိုင်းရှင်းလင်းရေးတွေ၊ အိတ်ချ်အိုင်ဗီကဲ့သို့သောရောဂါတွေကိုကုသပေးနေတဲ့ဆေးဝါးတွေ စတဲ့အစီအစဉ်တွေဟာ ဖျက်သိမ်းခံရမယ့်ကိန်းဆိုက်နေပါတယ်။
Source Reuters
နယူးယောက်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် လိုလားကြောင်း၊ အထူးသဖြင့် လာမည့်လများအတွင်း ကိဗ္သည် ရုရှားနှင့် စစ်ပြေငြိမ်းရေး သဘောတူညီမှုရရှိပါက ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် ဖြစ်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနှင့် ရုရှားဆိုင်ရာ အထူးသံမန် Keith Kellogg က ရိုက်တာသို့ ပြောကြားခဲ့သည်။
Kellogg က ရုရှားနှင့် စစ်ဖြစ်နေစဉ်အတွင်း ရွေးကောက်ပွဲများ ဆိုင်းငံ့ထားရသည့် ယူကရိန်း၏ သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲများကို "ကျင်းပဖို့လိုသည်" ဟု ပြောကြားခဲ့သည်။
"ဒီမိုကရေစီနိုင်ငံအများစုသည် စစ်ကာလအတွင်း ရွေးကောက်ပွဲများ ကျင်းပကြပါတယ်။အဲဒါကြောင့် သူတို့အနေနှင့်လည်း ကျင်းပသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု Kellogg က ပြောကြားခဲ့သည်။ "ဒါဟာ ဒီမိုကရေစီအတွက် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ခိုင်မာတဲ့ ဒီမိုကရေစီရဲ့ အလှတရားပါပဲ၊ ခင်ဗျားတို့ဆီမှာ သမ္မတလောင်း တစ်ယောက်ထက် ပိုများပါတယ်” ဟုသူကပြောသည်။
ထရမ့်နှင့် Kellogg တို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် သမ္မတသစ်၏ ပထမလများအတွင်း သဘောတူညီမှုရရှိရေး စီစဉ်နေကြောင်း နှစ်ဦးစလုံးက ပြောကြားခဲ့သည်။
သူတို့က ဒုတိယကမ္ဘာစစ်အပြီး ဥရောပတွင် အသေအပျောက်အများဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ယင်းတို့၏ မဟာဗျူဟာအကြောင်း အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့သလို၊ မည်သည့်အချိန်တွင် ထိုအစီအစဉ်ကို ထုတ်ပြန်မည်ကိုလည်း မပြောကြားခဲ့ပါ။
ထရမ့်အစီအစဉ်သည် လက်ရှိတွင် ပြောင်းလဲနေဆဲဖြစ်ပြီး မူဝါဒဆိုင်ရာ မဆုံးဖြတ်ရသေးသော်လည်း Kellogg နှင့် အခြားအိမ်ဖြူတော်အရာရှိများသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရုရှားနှင့် စစ်ပြေငြိမ်းရေးသဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် ရွေးကောက်ပွဲများ ကျင်းပရေး ယူကရိန်း အနေနှင့်သဘောတူဖို့ တွန်းအားပေးရန် ဆွေးနွေးခဲ့ကြောင်း ထိုဆွေးနွေးပွဲများကို သိရှိသူ နှစ်ဦးနှင့် ရွေးကောက်ပွဲအဆိုပြုချက်နှင့် ပတ်သက်၍ အကျဉ်းရုံးသိထားသည့် အမေရိကန် အရာရှိ ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။
ထရမ့်အစိုးရ ပတ်သက်သည့် ဆွေးနွေးပွဲများနှင့်နီးစပ်သူ နှစ်ဦးက ထရမ့် အရာရှိများသည် ပိုမိုတည်တံ့သည့် သဘောတူညီမှုမရရှိခင် ပထမဆုံး စစ်ပြေငြိမ်းရေးကို တွန်းအားပေးရန် သင့်မသင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းတွင် သမ္မတရွေးကောက်ပွဲ ကျင်းပပါက၊ အနိုင်ရသူသည် မော်စကိုနှင့် ရေရှည်သဘောတူညီမှုများ ညှိနှိုင်းရန် တာဝန်ရှိလာမည်ဟုလည်း သူတို့က ဆိုသည်။
ထရမ့်အဆိုပြုချက်ကို ကိဗ်တွင် မည်သို့လက်ခံမည်ကို မသိရသေးပါ။ သမ္မတ Volodymyr Zelenskiy က ယခုနှစ်အတွင်း စစ်ပွဲပြီးဆုံးပြီး ရုရှား၏ ပြန်လည်တိုက်ခိုက်မှုများကို တားဆီးရန် ခိုင်မာသည့် လုံခြုံရေး အာမခံချက်များ ရှိပါက ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ကြောင်း ပြောကြားခဲ့သည်။
ကိဗ်၏ အကြီးတန်းအကြံပေးနှင့် ယူကရိန်းအစိုးရမှ သတင်းအရင်းအမြစ်တစ်ဦးက ထရမ့်အုပ်ချုပ်ရေးသည် ယခုနှစ်ကုန်ပိုင်းတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ယူကရိန်းအား တရားဝင်တောင်းဆိုမှု မပြုရသေးကြောင်း ပြောကြားခဲ့သည်။
Source Reuters
၂၂ ဇန်နဝါရီ ၂၀၂၅
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတပူတင်တို့ဟာ ဗီဒီယိုမှတစ်ဆင့် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးစကားပြောဆိုခဲ့ကြပါတယ်။ တရုတ်နှင့်ရုရှားတို့ရဲ့ဆက်ဆံရေးဟာ ၂၀၂၅ခုနှစ်မှာ နောက်တပ်အမြင့်တစ်ခုတက်လှမ်းဖို့ အတူတကွပူးပေါင်းဆောင်ရွက်ရေး ပူတင်ကို တိုက်တွန်းခဲ့ပါတယ်။
Source CCTV+
၂၂ ဇန်နဝါရီ ၊၂၀၂၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေအားလုံးကို ရက်ပေါင်း ၉၀ တိတိ ဆိုင်းငံ့လိုက်တဲ့ သမ္မတအမိန့်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။ သူ့အနေနှင့်အဲဒီရက်ပေါင်း ၉၀ အတွင်း အဲဒီအကူအညီတွေဟာ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနှင့်ကိုက်ညီမှု ရှိမရှိ သုံးသပ်မယ်လို့ဆိုပါတယ်။
ဘာဖြစ်လို့သူအဲသလိုလုပ်ရသလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိ၊ အမေရိကန်တန်ဖိုးတွေနှင့် ဖြောင့်ဖြောင်းကြီးဆန့်ကျင်နေလို့ဖြစ်တယ်လို့ အမိန့်မှာပါရှိပါတယ်။
-အဲဒီအစီအစဉ်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံတွင်းနှင့်နိုင်ငံအကြားရှိ သဟဇာတနှင့် တည်ငြိမ်သော ဆက်ဆံရေးများအပေါ် တိုက်ရိုက်ဆန့်ကျင်နေသော အိုင်ဒီယာများကို မြှင့်တင် ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို မတည်ငြိမ်ဖြစ်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟုဆိုပါတယ်။
ဘာတွေဖြစ်မလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီအစီအစဉ်များ ချက်ခြင်းရပ်ဆိုင်းရတော့မည်။
နောက်လာမည့် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီများသည် သမ္မတထရမ့်၏ နိုင်ငံခြားရေးမူဝါဒ နှင့် ကိုက်ညီရမည်။
-လက်ရှိအကူအညီများကို ရပ်ဆိုင်းပြီး ရက်ပေါင်း ၉၀ အတွင်းသုံးသပ်မည်။
ယင်းနောက်ဘာတွေဖြစ်မလဲ
- ပြန်လည်သုံးသပ်ပေးပြီးနောက် အကူအညီပေးရေးအစီအစဉ်များ ပြန်လည်စတင်မည်။
- နိုင်ငံခြားအကူအညီအသစ် များကို နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုရမည်။ နိုင်ငံခြားရေးဝန်ကြီးက အစီအစဉ်များကို ရပ်ဆိုင်းခွင့်ရှိသည်။
၁၉ ဇန်နဝါရီ ၂၀၂၅
▪️စနေနေ့ညနှောင်းပိုင်းက စပြီး TikTok တစ်တော့ခ်ဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်အသုံးပြုလို့မရတော့ပါဘူး။
▪️အက်ပ်ပဲလ်နှင့် ဂူဂယ်လ် အက်ပလီကေးရှင်းစတိုးတွေကနေလည်း တစ်တော့ကိုဖယ်ရှားလိုက်ပါပြီ။ ▪️အမေရိကန်မှာ အသုံးပြုသူ သန်း၁၇၀ကျော်ရှိနေတဲ့ တစ်တော့ခ်ဟာ ဥပဒေအရ ပိတ်ပစ်ခံလိုက်ရပြီဖြစ်ပါတယ်။
▪️အဲဒီအတွက် အမေရိကန်မှာ တစ်တော့ခ်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။
▪️ထရမ့်ကတော့ သူသမ္မတဖြစ်ဖြစ်ချင်း တစ်တော့ကို နောက်ထပ်သုံးလအသုံးပြုခွင့်တိုးသွားဖို့ရှိနေတယ်လို့ ပြောထားပါတယ်။
Source : Reuters/ CCTV+
၁၇ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မကြာသေးမီက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ ကုလားတန်မြစ်ကြောင်း စီမံကိန်းလုပ်ငန်း တိုးတက်မှုများကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အိန္ဒိယ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် စစ်တွေမြို့တွင် ရောက်ရှိနေထိုင်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) ) စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်တွေဆိပ်ကမ်းတွင် ဆိပ်ကမ်း အော်ပရေတာဖြစ်သည့် India Ports Global Limited(IPGL) မှတာဝန်ရှိသူများနှင့်အတူ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တွေဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပြီးချိန်မှစ၍ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ နှင့် စက်ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောအစီးရေ ၁၅၀ ကျော် ဆိုက်ကပ်ကာ ကုန်တင်ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။
ခရီးစဉ်အတွင်း အိန္ဒိယသံအမတ်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကိစ္စဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားအကျိုးပြုရန်အတွက် ဒေသ၏ လိုအပ်ချက်နှင့်ဦးစားပေးမှုများနှင့်အညီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာကိစ္စရပ်များကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့ကြပါတယ်။
လာမည့်နှစ်များတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသည် ကမ်းရိုးတန်း၊ဒေသတွင်းနှင့် နိုင်ငံ တကာတို့ကို ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ရှေး ပဝေသဏီကတည်းကရှိခဲ့သောပြည်သူအချင်းချင်းကြား ဆက်နွယ်မှုအရ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာလိမ့်မယ် လို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့ သဘောတူဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) စီမံကိန်း၏အကျိုးရှိမှုများကို အပြည့် အ၀အသုံးချနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးသည် အရေးကြီး တယ်လို့လည်း သံအမတ်ကြီးက အလေးပေးပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သံအမတ်ကြီးသည် Sri Sri Moha Dev Bari ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အသိုက်အဝန်းမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အိန္ဒိယနွယ်ဖွားများအတွက် ကောင်စစ်ဆိုင်ရာ ဝန်ဆောင် မှုများအကြောင်းနှင့် အိန္ဒိယနှင့်၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များကိုအသိပေး ပြောကြားခဲ့ ပါတယ်။ ယင်းအပြင် သံအမတ်ကြီးသည် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ လည်း သွားရောက်ခဲ့ပါတယ်။
သံအမတ်ကြီး နှင့်အတူ India Ports Global Ltd (IPGL) ၏ မန်နေဂျင်းဒါရိုက်တာ Shri Sunil Mukundan ၊ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများလည်း ခရီးစဉ်မှာပါဝင်ခဲ့ကြ ကြောင်း သိရှိရပါတယ်။
#ymg/knl
Page 5 of 213