၂၃ ဧပြီ ၂၀၂၄
တော်ဝင်မလေးရှားရေတပ်စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေကြတဲ့ ရေတပ်ရဟတ် ယာဉ်နှစ်စီး ယနေ့ ဧပြီ ၂၃ရက် က လေပေါ်တွင် အချင်းချင်းတိုက်မိကြပြီး လူ၁၀ ဦးသေဆုံးခဲ့တယ်လို့ မလေးရှားရေတပ်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ၂၃ရက် မနက် ၉နာရီ၃၂မိနစ်မှာ မလေးရှားနိုင်ငံ အနောက်ပိုင်း ပါရက်ပြည်နယ်မှာရှိတဲ့ လမ်မတ် ရေတပ်အခြေစိုက်စခန်းမှာ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်နှစ်စီးလုံးမှာလိုက်ပါလာ သူ ၁၀ဦးစလုံးသေဆုံးသွားတယ်လို့ ရေတပ်ကပြောပါတယ်။
“ အခင်းဖြစ်တဲ့နေရာမှာပဲ အားလုံးသေဆုံးသံားကြပါတယ်။ သူတို့ကို လမ်မတ်စစ်ဆေးရုံကို ဘယ်သူဘယ်ဝါသတ်မှတ်အတည်ပြုဖို့ ပို့ဆောင်ပေးလိုက်ပါပြီ” လို့ ရေတပ်ကဆက်ပြောပါတယ်။
Source: Reuters
၂၂ ဧပြီ ၂၀၂၄
မြဝတီအနီးတစ်ဝိုက် တိုက်ပွဲတွေ မရှိတော့တဲ့အတွက် မဲဆောက်မှာရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်သွား ကြလို့ စစ်ဘေးရှောင် အရေအတွက်ဟာ တနင်္ဂနွေနေ့က ၃၀၀၀ဦးခန့်ရှိခဲ့ရာမှ ယခုဆို ၁၀၀၀ဦးခန့်ပဲကျန်ရှိတော့တယ်လို့ ထိုင်း စစ်ဒေသအမှတ်(၃) တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆေအင်ဆီရီယက် ကပြောတယ်လို့ ဘန်ကောက်ပို့စ်က သတင်း ဖော်ပြပါတယ်။
ပဋိပက္ခမှာပါဝင်တဲ့ နှစ်ဘက်တပ်တွေဟာ အခုဆို ဆွေးနွေးညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေပြီး မြန်မာအစိုးရရဲ့ စစ်ကူ တပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီကိုမရောက်သေးဘူးလို့လည်း သူက ထိုင်း ပီဘီအက်စ်သတင်းဌာနကိုပြောပါတယ်။
စစ်ပွဲရှောင်လာကြတဲ့ မြဝတီက လူတော်တော်များမျာဟာ ယခုဆိုရင် မဲဆောက်ကနေ အိမ်ကိုပြန်နေကြပြီဖြစ်ပါတယ်။
အမှတ်(၁)ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားဟာ ခြေလျှင်သွားသူတွေနှင့် စီးပွားရေးလုပ်ငန်းသုံးယာဉ်တွေအတွက် ဆက်လက် ဖွင့်ပေးထားပါတယ်။
ဒေသ(၃) စစ်တိုင်းအနေနှင့် နယ်စပ်တလျောက်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မဲဆောက်က အိမ်တစ်လုံး ပေါ် ကျည်ဆံကျလို့ လောလောဆယ်ကန့်ကွက်မှုပြုလုပ်ထားတယ်လို့လည်းဒေသတိုင်းမှူးက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
@ymg/knl
၂၁ ဧပြီ ၂၀၂၄
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်ပွဲတွေကြောင့် မြဝတီမှ မဲဆောက်သို့ ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ဦးခန့်ကို လက်ခံထားရတယ်လို့ ထိုင်းအရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာကရေးသားလိုက်ပါတယ်။
မဲဆောက်ကိုရောက်လာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ခန့်အထိ မြင့်တက်လာပြီး သူတို့ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စောင့်ကြပ်မှု အောက် ထားရှိထားတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနူကာရာက ဧပြီ ၂၁ရက် တနင်္ဂနွေနေ့က ပြောဆိုတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
အရင်က မြန်မာဒုက္ခသည်တွေ မဲဆောက်မှာ တစ်သောင်းခန့်ရှိခဲ့ပြီး သူတို့နိုင်ငံမှာ အခြေအနေတွေပုံမှန်ဖြစ်ပြီးနောက် သူတို့ ပြန်သွားကြတယ်လို့ လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
မဲဆောက်က သာဆိုင်းလုယတ်ခရိုင်ခွဲ ဘန်ဝမ်တက်ခီယမ်းရွာက ထိုင်းအိမ်တစ်အိမ်ကို ကျဉ်ဆံတစ်ခုထိမှန်တဲ့အတွက် မြန်မာဘက်ကို သတိပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါပေမယ့် ထိခိုက်သူတစ်ဦးတစ်ယောက်မျှမရှိပါဘူး။
မြန်မာဒုက္ခသည်တွေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေနှင့် ကလေးသူငယ်တွေဖြစ်ကြပြီး အများစုဟာ အပူဒဏ်ခံစားနေကြရတယ်လို့ လုံခြုံရေးအဖွဲ့တွေကပြောပါတယ်။
လုံခြုံရေးအာဏာပိုင်တွေက အဲဒီဒုက္ခသည်တွေအတွက် မဲဆောက်မှာ ယာယီစခန်းခြောက်ခုဖွင့်လှစ်ထားရှိပေးပြီး သူတို့ကို ရှေးဦးသူနာပြုစုမှုနှင့် ဆေးဝါးကုသမှုတွေလုပ်ပေးနေတယ်လို့ သိရပါတယ်။
မြဝတီက ထိခိုက်ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံမှာ ဆေးဝါးကုသပေးနေတယ်လို့လည်းဆိုပါတယ်။
နယ်စပ်တံတားအမှတ်(၁)ကို တနင်္ဂနွေနေ့မှာ ဆက်လက်ဖွင့်ပေးထားပြီး စနေနေ့ညနေမှာ မြဝတီက မဲဆောက်ကူး လာကြသူတွေများလာပြီးတဲ့နောက် ယာဉ်ကြောနှေးကွေးနေတယ်လို့လည်းသိရပါတယ်။
ပြည်သူ့ကျန်းမာရေးစစ်ဆေးရေးအရာရှိချုပ် ဒေါက်တာဆိုဖွန်လမ်ဆီယစ်သာဝန်က လောလောဆယ်မှာ မြန်မာဒုက္ခသည် ၁၆၈၆ဦး စာရင်းဝင်နေပြီး ပိုရောက်လာဖို့ရှိနေတယ်လို့ပြောပါတယ်။ ကာကွယ်ရေဝန်ကြီးဆူတင် ကလန်ဆန်က မြဝတီမှာ စစ်ရှိန်မြင့်နေဆဲဖြစ်ပြီး ထိခိုက်ခံစားရသူတွေအတွက် ထိုင်းအစိုးရကလူသားချင်းဆိုင်ရာအကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။ အလုံးစုံအခြေအနေကတော့ ထိုင်းအစိုးရ မျှော်လင့်ထားတဲ့ အတိုင်းပဲရှိနေပါသေးတယ်လို့ သူကပြောပါတယ်။ သူဟာ မဲဆောက်ကို လာမယ့်ရက်အနည်းငယ်အတွင်း သွားရောက်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။
အင်္ဂါနေ့မှာ ဝန်ကြီးအဖွဲ့အစည်းအဝေးခေါ်ယူမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဖေ့စ်ဘုတ်မှာ ရေးတင် ထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးကိစ္စအပါအဝင်အခြေအနေတွေ စောင့်ကြပ်ကြည့်ရှုရအောင်နှင့် အဲဒီမှာရှိတဲ့ ဒေသခံတွေနှင့် လုံခြုံရေးအဖွဲ့တွေကို အားပေးဖို့အတွက် မဲဆောက်ကို သူသွားမယ်လို့လည်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားပါတယ်။
စစ်ပွဲဟာ ထိုင်းမြေကို မထိခိုက်စေဖို့အတွက် သူလိုလားပြီး မဲဆောက်ကိုပြေးလာကြသူတွေထဲ မြဝတီမှာ အလုပ်လုပ်နေကြတဲ့ လူလိမ်လူညာတွေပါမလာဖို့ အရာရှိတွေ စောင့်ကြည့်ဖို့လည်း သူက ဖေ့စ်ဘုတ်မှာရေးသားထားပါတယ်။
@ymg/knl
၂၁ ဧပြီ ၂၀၂၄
လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ဂျပန်ရေတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီး ပင်လယ်ထဲပျက်ကျခဲ့ရာ ရဟတ် ယာဉ်ပါ တပ်သား(၈) ဦးအနက် အနည်းဆုံး (၁)ဦးသေဆုံးသွားရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။
စနေနေ့ညက SH-60 ကင်းလှည့်ရဟတ်ယာဉ်နှစ်စီးဟာ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ တောင်ပိုင်းကမ်းခြေ အလွန် အီဇူးကျွန်းစု တိုရီရှီမာအနီးမှာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေ့ကျင့်ခန်းလုပ်ဆောင်နေစဉ် ပျက် ကျခဲ့တာဖြစ်ပါတယ်။
ပျက်ကျရတဲ့အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ပျံသန်းမှုအသံမှတ်တမ်း flight recorderနှစ်ခုကို တစ်ခုနှစ့်တစ်ခု နီးနီးကပ်ကပ်နေရာမှာ ရှာတွေ့ပြီး ဒါဟာ ရဟတ်ယာဉ်နှစ်စီးတိုက်မိတာဖြစ်ဖို့များတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂျပန်ပင်လယ်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ် (MSDF) နှင့် ကမ်းခြေစောင့်တပ်တွေက ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ပါ စစ်သား (၇)ဦးကိုရှာဖွေနေပါတယ်။
အခြားနိုင်ငံတစ်နိုင်ငံက ဒီပျက်ကျမှုမှာပါဝင်ပတ်သက်တယ်လို့ သူမယုံကြည်ဘူးလို့ MSDF အကြီးအကဲ ယိုရှီတာကာ ဆာကေးက ပြောပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ်အီမန်နျူယယ်က အမေရိကန်နိုင်ငံအနေနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီပေးပါမယ်လို့ ဆိုရှယ်မီဒီယာ အိစ်တ်စာမျက်နှာကနေ ကမ်းလှမ်းလိုက် ပါတယ်။
Source Reuters
၂၀ ဧပြီ ၂၀၂၄
အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်နိုင်ငံနယ်စပ်အနီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် KNU KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် အကျအဆုံးများစွာဖြင့် ယနေ့ ဧပြီ ၂၀ ရက်ညနေ ၅နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဧပြီ၂၀ ရက်မနက်ပိုင်းက စတင်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုအဖွဲ့သည် လက်နက်ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲဖော်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ယင်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည် တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူ ပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ အဆိုပါ ပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက် ဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
Published 20 April 2024
သောကြာနေ့က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လျှို့ဝှက်လာဘ်ပေးကိစ္စ တရားရင်ဆိုင်နေရတဲ့ မန်ဟက်တန်တရားရုံး အပြင်ဘက်မှာ မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ဖလော်ရီဒါမှ အမျိုးသားဟာ သူ့ကိုယ်သူ စုံစမ်းစစ်ဆေးရေး သုတေသီတစ်ဦးလို့ ဖော်ပြခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့နှစ်က ပိုပြီးတော့ အပြုအမူမမှန်တဲ့ပုံစံ ဖြစ်လာပြီး အထက်တန်းလွှာလူတန်းစားနဲ့ ပတ်သက်လို့ ပူးပေါင်းကြံစည်မှု အရှုပ်တော်ပုံသီအိုရီများအကြောင်း စာတမ်းရှည်ကြီးဖြင့် ထုတ်ဖော်ပြခဲ့သူ ဖြစ်ပါတယ်။
စိန့်အော်ဂတ်စတင်မှ အသက် ၃၇ နှစ်ရှိ မက်စ်အက်ဇရယ်လိုဟာ လက်ကမ်းစာစောင်တွေ ပစ်ကျဲပြီးနောက် ကော်လက်ရေကန်ဥယျာဥ်မှာ သူ့ကိုယ်သူ ဓာတ်ဆီတွေနဲ့လောင်းပြီး မီးရှို့ခဲ့ပါတယ်။
စာစောင်ခေါင်းစဥ်မှာ ‘’ထရမ့်တရားရင်ဆိုင်သောရုံးအပြင်ဘက်တွင် ကိုယ့်ကိုယ်ကို မီးရှို့လိုက်ပါသည်’’လို့ ဖော်ပြထားပြီး ခရစ်ပ်တိုငွေကြေးနဲ့ ဟောလိဝုဒ်သရုပ်ဆောင်များကစလို့ ကိုဗစ်ကိစ္စ၊ သမ္မတဟောင်း ဘီလ်ကလင်တန်အထိ အကြောင်းအရာမျိုးစုံ ဖော်ပြထားတဲ့ အရှုပ်တော်ပုံတွေကို ကြေငြာချက်ဖြင့် ဖော်ပြထားပါတယ်။
ဒီလိုမျိုး အစွန်းရောက်ဆန္ဒပြရတာဟာ အရေးကြီးတဲ့ တွေ့ရှိမှုကို သိရှိစေလိုတာကြောင့် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ အာဏာရှင်စနစ်ကြီးရဲ့ သားကောင်ဖြစ်နေကြကြောင်း၊ ဒီအစိုးရက ဖက်ဆစ် အာဏာ သိမ်းမှုကို ပြတ်ပြတ်သားသား လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း စာစောင်ထဲမှာ ဖော်ပြ ထားပါတယ်။
၂၀၂၃ ခုနှစ် ဘဏ်ပြဿနာတွေ၊ အထက်တန်းစား စီးပွားရေးသမားများဖြစ်တဲ့ မာ့ခ်ဇူကာဘက်ခ်၊ အီလွန်မက်စ်တို့အကြောင်း ဖော်ပြထားတဲ့အပြင် ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေဟာ ကွဲပြားတဲ့ ရပ်တည်ချက်တွေနဲ့ ပျက်ပြားတဲ့ အခြေအနေကို ဖြစ်လာစေပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့လည်း ဆိုပါတယ်။
သူဟာ ဘစ်အက်ပဲလ်ဆီကို ယခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့ပြီး ထိုမြို့ကို သွားခဲ့တာကို သူ့မိသားစု သတိမထားမိခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။
တရားရုံးအပြင်ဘက်ကို အက်ဇရယ်လိုကို ဓာတ်ပုံတွေရိုက်ခဲ့ကြရာ ထရမ့်နဲ့ဘိုင်ဒင်က အတူတူပဲဖြစ်ပြီး ဖက်ဆစ်အာဏာသိမ်းတော့မှာ ဖြစ်တယ်ဆိုတဲ့ စာတမ်းကိုင်ဆောင်ထားခဲ့ပါတယ်။
အက်ဇရယ်လို တရားစွဲဆိုဖူးတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာ ဘီလ်ကလင်တန်၊ မာ့ခ်ကူဘန်၊ ရစ်ချတ်ဘရန်ဆန်၊ ဆော်ဒီအာရေဗျနိုင်ငံ၊ တက္ကဆပ်ဘီလျံနာ၊ ၁၉၉၂ သမ္မတရွေးကောက်ခံ ရော့စ်ပဲရော့တို့အပါအဝင် ၁၀၀ ကျော်ရှိခဲ့ပါတယ်။
အက်ဇရယ်လို မီးရှို့ပြီးနောက် လူနာတင်ကားပေါ်သို့ တင်ပြီးတဲ့အချိန်မှာ NYPD မီဒီယာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးမှူးချုပ် ဟိုဆပ်ကင်နီက ဒီဖြစ်ရပ်ဟာ ဝါဒဖြန့်ခြင်းသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ NYPD လက်ထောက်ကော်မရှင်နာ ကက်ဇ်ဒေါ့ထရီက ပြောပြသွားပါတယ်။
Source: New York Post
၁၉ ဧပြီ ၂၀၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရ ပါတယ်။
မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသား များ ဆူပူ သောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင် ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြ ပြီး ဖျက်ဆီးမှု တွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတဲ့အတွက် အခြေအနေကို ထိန်းသိမ်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက် ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျ ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
အဲဒါကြောင့်ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေ အား ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်ကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပါ တယ်။
ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဉ်လို့ သတင်းရရှိပါတယ်။
@ymg/knl
Page 35 of 208