၁၅ မေ ၂၀၂၄
မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေတွေကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နေပြည်တော်သို့ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Alounkeo KITTIKHOUN ၊အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN တို့ ယနေ့ မေလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံမှုကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ် စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မေလ၅ရက် နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ .. အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့်ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိမှုအခြေအနေများကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းအပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များ ကိုသိရှိအောင်ဆောင်ရွက် ရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များဆွေးနွေးရန်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ၊ AHA Center အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လိုသတင်းရရှိပါတယ်။
@ymg/knl
၁၅ မေ ၂၀၂၄
ပင်လယ်ပြင်အတွင်း တရုတ်ကုန်တင်ရေယာဉ်တစ်စီးတွင် အမြင့်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရသူ တရုတ် သင်္ဘောသားတစ်ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ် နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင် ရေယာဉ်ကြီးပေါ်မှ ရေယာဉ် အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့်ဟိုင်းကြီးကျွန်းမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် (ရေ)မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး အတွက် အဆိုပါကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရ လူနာတရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ် အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ လူနာအား ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ယင်းနောက်ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ပြီးနောက်လိုအပ်သော ဆေးအကာအကွယ်ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့ သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
@ymg/knl
#Just-In News
၁၅ မေ ၂၀၂၄
ဆလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုသည် အစိုးရအစည်းအဝေးတစ်ခုအပြီးတွင် သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ TASR သတင်းအေဂျင်စီက ယနေ့မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ်ဖစ်ကိုဟာ သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိသွားတယ်လို့ ပါလီမန်ဒုတိယဥက္ကဋ္ဌ လုဘော့ဘလာဟာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး TASR က သတင်းရေးသားပါတယ်။
သေနတ်သံတော်တော်များများကြားရပြီး လူတစ်ဦးကို ရဲကဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
ဆလိုဗက်အစိုးရရုံးထံမှ မှတ်ချက်မရရှိသေးပါဘူး။
Source Reuters
၁၅ မေ ၂၀၂၄
အိမ်နီးချင်းမြန်မာနိုင်ငံမှ တရားမဝင် ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ လူသတ်မှု၊ပြန်ပေးဆွဲမှုနှင့် အခြားသော ရာဇဝတ် မှုတွေမှာ ပါဝင်ပတ်သက်နေကြလို့ သူတို့ကို မြန်မာနိုငငံရှိ သူတို့နေရပ်သို့ ချက်ခြင်းပြန်ပို့ဖို့ မဏိပူဥပဒေပြုလွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ လေရှီယီကိုင်ရှင်းက ပြည်နယ်ဝန်ကြီးချုပ် အင်နဘီရင်ဆင်းကို စာရေးတောင်းဆိုခဲ့တယ်လို့ အိန္ဒိယ ဒေသတွင်း မီဒီယာအချို့က သတင်းရေးသားဖော်ပြကြပါတယ်။
အိမ်အမျိုးမျိုးမှာ ခိုလှုံနေကြတဲ့ အဲဒီတရားမဝင်မြန်မာဒုက္ခသည်တွေဟာ ဒေသခံတွေနှင့်ခိုက်ရန်ဖြစ်ပြီး ဒေသခံတွေကို ရိုက်နှက်ကြလို့ ဥပဒေစိုးမိုးရေးပြဿနာတွေဖြစ်နေရတယ်လို့ လွှတ်တော်အမတ်ကိုင်ရှင်းကပြောပါတယ်။သူဟာ မဏီပူ ဥပဒေပြုလွှတ်တော်မှာ ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့တဲ့သူ့ရဲ့စာထဲမှာ မဏိပူကို တရားမဝင် ဝင်ရောက်လာသူတွေရဲ့ ပြဿနာတွေကို မီးမောင်းထိုး ပြထားပါတယ်။ အထူးသဖြင့် ၂၀၂၃ နိုဝင်ဘာလကစပြီး တရားမဝင်ရောက်ရှိလာသူတွေဟာ ၅၈၀၀ ဦးကျော်သွားပြီလို့ စာထဲ မှာရေးထားပါတယ်။ အဲဒါကြောင့် အရေးယူမှုတွေချက်ခြင်းလုပ်ဖို့လိုနေပြီလို့ သူကတောင်းဆိုထားပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ တရားမဝင်ရောက်ရှိလာသူတွေအနက် ၅၁၇၃ ဦးရဲ့ ဇီဝအချက်အလက်တွေကို ပြုစုထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့် မြန်မာဒုက္ခသည်တွေကို နေရပ်ချက်ခြင်းပြန်ပို့သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကို လည်း သူက စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ သူတို့ဟာ အရပ်ထဲက ဒေသခံတွေနှင့်တင်းမာမှုတွေကိုပြင်းထန်လာ နေပြီး လုပ်ခနှင့်အခြားသော ကိစ္စများကြောင့် အငြင်းပွားပြီး အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေတာဖြစ်တယ်လို့ သူက အကြောင်းပြထားတာပါ။
ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အရေးတကြီးလိုအပ်နေပြီလို့ သူကစာထဲမှာရေးသားထားပါတယ်။
Source HinduPost
၁၄ မေ ၂၀၂၄
ရုရှားသမ္မတဗလက်ဒီမာပူတင်သည် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ မေလ ၁၆ ရက်မှ ၁၇ ရက် အထိ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ကရင်မလင်က သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပူတင် အတွက် နောက်ထပ်သမ္မတသက်တမ်းအသစ်မှာ ပထမဆုံးသော နိုင်ငံရပ်ခြားခရီးဖြစ်ပါတယ်။
ရုရှားနှင့်တရုတ်ခေါင်းဆောင်နှစ်ဦးဟာ ပြည့်စုံကျယ်ပြန်တဲ့ မိတ်ဖက်နှင့် မဟာဗျူဟာမြောက် အပြန်အလှန် ဆက်သွယ်မှုတွေနှင့်ပတ်သက်တဲ့ ကိစ္စအလုံးစုံကို အသေးစိတ်ဆွေးနွေးကြမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအပြင် ရုရှားနှင့်တရုတ်ဆက်ဆံရေး နောက်ထပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ဦးတည်မှုတွေကိုလည်း ဆုံးဖြတ်ကြမယ်လို့ဆိုပါတယ်။
ပူတင်နှင့်ရှီတို့ဟာ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အပူတပြင်းအဖြစ်ဆုံးပြဿနာတွေကိုလည်း ဆွေးနွေးကြပါလိမ့်မယ်။ ခေါင်းဆောင်နှစ်ဦးဟာ ပူးတွဲကြေညာချက်တစ်စောင်နှင့် နိုင်နိုင်ငံအကြား စာချုပ်များစွာကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပြီး အသေးစိတ်ကိုတော့ထုတ်မပြောထားပါဘူး။
ပူတင်ဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအဆင့်မြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် လီကျန်းနှင့်လည်း နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊စီးပွားရေးနှင့် လူသားချင်းပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေး ကြပါလိမ့်မယ်။အဲဒီအပြင်ပူတင်ဟာ ရုရှား-တရုတ်သံတမန်ဆက်ဆံရေး ၇၅နှစ်မြောက်အခမ်းအနားကိုလည်း ရှီနှင့်အတူတက်ရောက်ဖို့ရှိပြီး ရုရှား-တရုတ် ယဉ်ကျေးမှုနှစ်များ အစီအစဉ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။
၂၀၂၃ခုနှစ် မတ်လက တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်ဟာ မော်စကိုသို့ အထင်ကရသွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီတုန်းကနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များစွာလက်မှတ် ရေးထိုးခဲ့ပါသည်။ အဲဒီနှစ်အောက်တိုဘာမှာ ပူတင်ဟာ ဘေဂျင်းမှာပြုလုပ်တဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်း တစ်သွယ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီး ရှီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
@ymg/knl
၁၄ မေ ၂၀၂၄
ပဋိပက္ခပြွမ်းနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ကြားဝင်စေ့စပ်ပေးဖို့ ခံဝန်ဖြင့်နေနေရတဲ့ ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ အလောတကြီး အစပျိုးလုပ်ဆောင်လာမှုဟာ ဘယ်သူတစ်ဦးတစ်ဖွဲ့မှ အပစ်အခတ်ရပ် ရေး ပြောလိုစိတ်မရှိကြတဲ့အလျောက် အချိန်မကျသေးဖြစ်နေတယ်လို့ သမ္မားဆက်တက္ကသိုလ်မှ ပညာရှင်တစ်ဦးက ပြောကြား လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကိုပြန်လာကာ ခြောက်လထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာခဲ့တဲ့ သက်ဆင်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနှင့် နစကအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကြားဝင်စေ့စပ်ပေးနိုင်မယ့် အလားအလာတွေကို ရှာ ဖွေဖို့အတွက် NUG နှင့် ပဋိပက္ခပြွမ်းနေတဲ့ မြန်မာနိုင်ငံမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဧပြီလက တွေ့ဆုံ ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ KNU၊KNPP၊ KIO နှင့် RCSSတို့မှ ကိုယ်စားလှယ်တွေကို သူ့ရဲ့ငြိမ်းချမ်းရေး ဖျန်ဖြေရေးအစီအစဉ် ကမ်းလှမ်းဖို့ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
“ကမ်းလှမ်းမှုဟာ အချိန်မကျသေးဖြစ်နေတယ်။ နစကအနေနှင့် အကြမ်းဖက်လို့ သူတို့သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေ နှင့် ဘယ်တော့မှ အတူထိုင်မှာမဟုတ်လို့ပဲ” လို့ သမ္မားဆက်တက္ကသိုလ်၊ အရှေ့အာရှလေ့လာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒူလျာပက် ပရီချာရတ်က Thai PBS World နှင့် အင်တာဗျူးမှာပြောပါတယ်။
အပစ်အခတ်ရပ်ရေးအတွက် ကြားဝင်ဖျန်ဖြေပေးဖို့ သက်ဆင်ကို အခွင့်ပေးတဲ့ တရားဝင်စာရွက်စာတမ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကြိုးစား မှုက မအောင်မြင်ဖြစ်သွားခဲ့တယ်လို့ ဒူလျာပက်ကပြောပါတယ်။ ဒါပေမယ့် သက်ဆင်ဟာ လက်မြှောက်လိုက်မယ့် ပုံမပေါ် ဘူးလို့လည်း သူကဆက်ပြောပါတယ်။
သက်ဆင်ရဲ့အစပျိုးလုပ်ဆောင်မှုအပေါ် နစကဘက်ကလည်း တုန့်ပြန်မှုမလုပ်သေးပါဘူး။
“မြန်မာနစကသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းပြမြေပုံအောက်တွင် အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပပြီး ရှေ့သို့လှမ်းချီမည့် အစီအစဉ်ကို ကြေညာခဲ့ပြီးသည့်အလျောက် ငြိမ်းချမ်းရေးဆိုင်ရာမည်သည့် ဦးစီးဦးရွက်ပြုမှုမျိုးကိုမဆို သူတို့စိတ်ဝင်စားလိမ့်မည်မဟုတ်”လို့ “မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြုခြင်းနိုင်ငံရေး” ဆိုတဲ့ စာအုပ်ကိုလည်းရေးသားခဲ့တဲ့ ဒူလျာပက်က ပြောပါတယ်။
နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မြန်မာနိုင်ငံသို့ ယခု တစ်ပတ်လာရောက်သည့်အခါ ရွေးကောက်ပွဲအစီအစဉ်ကို ဟွန်ဆန်နှင့်ဆွေးနွေးပါလိမ့်မယ်။
ထိုင်းနယ်စပ်တလျောက် တိုင်းရင်းသားလက်နက်ကိုင်များက ထိုးစစ်အကြီးကြီးတစ်ခု ဆင်နွှဲနေချိန်တွင် သက်ဆင်၏ ငြိမ်းချမ်း ရေးဦးစီးဦးရွက်အစပျိုးမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီလစောစောပိုင်းက ထိုင်းနိုင်ငံ တက်ပြည်နယ်ရှိ မဲဆောက်ခရိုင်ဟိုဘက်က မြန်မာ့စစ်တပ်၏ အမာခံထိန်းချုပ်ရာ မြဝတီ မြို့ကို ကေအင်န်ယူ၏ စစ်ရေးအဖွဲ့ KNLA နှင့် NUG ၏ PDF တို့က တိုက်ခိုက်လာသည့်အခါ ထိုင်းအာဏာပိုင်များက ယင်းကို သတိကြီးစွာထားခဲ့ကြပါတယ်။
သက်ဆင်၏ မထင်မှတ်သည့် ယခုဆောင်ရွက်မှုသည် ဖွေထိုင်းပါတီဦးဆောင်သည့် အစိုးရအတွက် နိုးကြားသွားစေခဲ့ပါတယ်၊
ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းဆွန်ခရမ်ပွဲတော်အတွင်းတွေ့ဆုံခဲ့ပါ တယ်။ ထိုအချိန်ပိုင်းလောက်မှာပင် သက်ဆင်က မြန်မာအတိုက်အခံအုပ်စုကိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဆာရက်သာက မေးခွန်းထုတ်စရာ အဆိုပါ တွေ့ဆုံမှုကို သူမသိဟု သတင်းထောက်များကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ရဖို့ ထိုင်းအစိုးရကမြင်လိုတယ်လို့ ဆာရက်သာကပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုံခြုံရေးအဖွဲ့အစည်းတွေအပါအဝင် အစိုးရဌာနတော်တော်များများဟာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနှင့် တိတ်တိတ်ဆိတ် ဆိတ်အလုပ်လုပ်နေကြပါတယ်လို့လည်း သူကပြောပါတယ်။
အသစ်ခန့်အပ်ခံရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂျာပွန်ဆာက သက်ဆင်လုပ်ခဲ့တဲ့အစည်းအဝေးကို သူသိခဲ့တယ် လို့ပြောပြီး သက်ဆင်အစပျိုးလုပ်တာဟာ ထိုင်းအစိုးရနှင့်မဆိုင်ဘူးလို့လည်း သူကထပ်ပြောပါတယ်။
လူတော်တော်များများကိုသူသိပြီး သက်ဆိုင်တဲ့အဖွဲ့တွေအကြားလည်း အတော်သိထားပြီးသားဖြစ်နေလို့ ထိုင်းဝန်ကြီးချုပ် ဟောင်းဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို သူ့ပုဂ္ဂလိကသဘောနှင့်သူလုပ်ဆောင်တာဖြစ်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး အသစ်က ပြောပါတယ်။
ထိုင်းအောက်လွှတ်တော် လုံခြုံရေးနှင့်နယ်စပ်ရေးရာကော်မတီအနေနှင့် သက်ဆင်လုပ်ဆောင်မှုနှင့်ပတ်သက်လို့ ထွက်ဆိုပေး ဖို့ အစိုးရအရာရှိကြီးတွေကို ဆင့်ခေါ်မယ်လို့ အဆိုပါကော်မတီဥက္ကဋ္ဌ ရန်ဆီမန်ရုမ်းက ပြည်တွင်းမီဒီယာတစ်ခုကိုပြောပါတယ်။
သက်ဆင်ရဲ့ အခန်းကဏ္ဍကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့ အစိုးရမူဝါဒအပေါ် နိုင်ငံတကာအသိုက်အဝန်းက မရှင်းမလင်းဖြစ်စေတယ်လို့လည်း သူကပြောပါတယ်။
သက်ဆင်ဟာ သူအာဏာရတဲ့ ၂၀၀၁မှ ၂၀၀၆ အတွင်း အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု ကြီးမားခဲ့သူဖြစ်တယ်လို့ တော်တော်များများလက်ခံသိထားကြပါတယ်။
၂၀၀၃ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်အောက်က မြန်မာအစိုးရနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပြန်လည်သင့်မြတ်ဖို့ ဘန်ကောက်လုပ်ငန်းစဉ်လို့သိကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သူ့အစိုးရက ကမကထပြုလုပ်ခဲ့ပါ တယ်။
အဲဒီကမကထပြုမှုကနေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရည်မှန်းချက်မရရှိခဲ့ပေမယ့် နိုင်ငံတကာအသိုက်အဝန်းမှာ သက်ဆင် အစိုးရဟာ အတော့်ကို အကျိုးအမြတ်ထွက်စေခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် သက်ဆင်ထိတွေ့ဆက်ဆံမှုဟာ အားလုံးကောင်းခဲ့တာမဟုတ်ပါဘူး။ ၂၀၀၆ခုနှစ်မှာ ထိုင်းမှာ စစ်တပ်အာဏာ သိမ်းပြီးနောက် အဲဒီတုန်းက ရှင်နာဝါထရာပိုင် ထိုင်းကွန်းမ်ဂြိုဟ်တုကနေ ဆက်သွယ်ရေးပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေရယူ နိုင်ဖို့ ထိုင်းထုတ်ကုန်သွင်းကုန်ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံကို ၂၀၀၄မှာ ထိုင်းဘတ်ငွေ ၄ ဘီလျံချေးငှားခဲ့တာဟာ သက်ဆင်ရဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခတစ်ခုဖြစ်တယ်လို့ အာဏာသိမ်းထိုင်းစစ်အစိုးရက သက်ဆင်ကိုစွပ်စွဲခဲ့ပါတယ်။
သက်ဆင်ဟာ အဲဒီကိစ္စနှင့်ပဲ ထောင်(၃)နှစ်အပြစ်ပေးခံခဲ့ရတာပါ။
သက်ဆင်ဟာ နစကထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း နက်ရှိုင်းပြီးရှည်ကြာတဲ့ အဆက်အသွယ် ရှိခဲ့ပါတယ်။ ၂၀၁၃ခုနှစ် ဆွန်ခရမ်ပွဲတော်အတွင်းမှာ သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကိုယ်ရေးကိုယ်တာ အလည် အပတ်ခရီးသွားရောက်ခဲ့ပြီး ပြင်ဦးလွင်က ဇိမ်ခံစံအိမ်ကြီးမှာနေထိုင်ခဲ့ပါတယ်။ ဒါဟာ အများသိကြတဲ့ သက်ဆင်ရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေဖြစ်ပါတယ်။
သူ့ရဲ့မြန်မာအဆက်အသွယ်က သူ့နှမ ယင်လတ်ရှင်နာဝါထရာ အစိုးရအနေနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း မဂ္ဂါစီံမံကိန်းကြီး ကို ရယူရာမှာ အဆင်ပြေချောမွေ့စေခဲ့ပါတယ်။အဲဒီစီံမံကိန်းက အစမပျိုးနိုင်ခဲ့သေးပါဘူး။
သက်ဆင်ရဲ့ လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အကြီးအကျယ်အကျိုး သက်ရောက်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဗျူရိုကရက်ကြီးစိုးတဲ့ မဏ္ဍိုင်ကြီးသုံခုအပေါ် တည်ထားလို့ဖြစ်ပါတယ်။ အဲဒါတွေက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် စစ်တပ်တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံလို လုံခြုံရေးကိစ္စက အရေးကြီး ပူပန်စရာဖြစ််နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရာမှာ ရွေးကောက်ခံအစိုးရတစ်ရပ်ဟာ လွတ်လပ်မှုမရှိပါဘူး။
ဆာရက်သာအစိုးရဟာမြန်မာနိုင်ငံမူဝါဒကို အနည်းအကျဉ်းလောက် ချိန်ညှိတာရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အလုံးစုံ မူဝါဒအနေနှင့်ကတော့ ဗိုလ်ချုပ်ကြီး ပရာဝတ်ချန်အိုချာလက်အောက်က စစ်တပ်ကျောထောက်နောက်ခံအစိုးရက လွန်ခဲ့တဲ့ နှစ်များမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒနှင့် သဘောချင်းထပ်တူဖြစ်နေဆဲပဲလို့ ဒူလျာပက်က ပြောပါတယ်။
ထိုင်းစစ်တပ်နှင့်မြန်မာ့တပ်မတော်အကြား ဆက်သွယ်မှုဟာ ထိုင်းနှင့်မြန်မာအကြား နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံ ဖြစ်နေဆဲပဲ လို့ သူကဆက်ပြောပါတယ်။
ထိုင်းရဲ့မဏ္ဍိုင်ကြီးသုံးရပ်စောင့်ကြပ်မှုအောက်မှာ ထိုင်းနိုင်ငံဟာ အမျိုးသားအကျိုးစီးပွားအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် သူ့အစိုးရကို ဆက်လက်ထောက်ခံအားပေးနေခဲ့တာဖြစ်တယ်လို့ ပညာရှင်ဒူလျာပက်ကပြောပါတယ်။
ဆာရက်သာရဲ့အစိုးရဟာ ယင်းရဲ့ လူသာချင်းစာနာထောက်ထားမှု ဦးစီးဦးရွက်အလုပ်တွေဆက်လုပ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ခရီးရောက်ပြီးထိရောက်ဖို့ ပိုကြိုးစားအားထုတ်သင့်တယ်လို့လည်း ဒူလျာပက်ကပြောပါတယ်။
အာဆီယံက အသိအမှတ်ပြုပေးထားတဲ့ ထိုင်းအစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု စင်္ကြဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေ သတွေက လိုအပ်မှုတွေရှိနေကြတဲ့ လူပေါင်းနှစ်သောင်းကို အကူအညီပေးဖို့ ကနဦးရည်မှန်းထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအစီအစဉ်အပေါ် ဝေဖန်မှုတွေနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက လူတစ်ဦးချင်းစီကို အကူအညီတွေရောက်ရှိရေးမှာ အဲဒါတွေ ကို စစ်ဆေးစောင့်ကြည့်နိုင်တဲ့ ဒါမှ မဟုတ် ပိတ်ပင်နိုင်တဲ့ လုံခြုံရေးအဖွဲ့တစ်ခုကဲ့လို ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေက ရှုမြင်ထားတဲ့ မြန်မာ့ကြက်ခြေနီအသင်းက နေတစ်ဆင့် အကူအညီတွေပေးခဲ့လို့ဖြစ်ပြီး အဲဒါဟာ ဝေဖန်ရခြင်းရဲ့အခြေခံအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။
မြန်မာအရေးကို စိတ်ဝင်တစားလိုက်ပါလေ့လာနေတဲ့ ဒူလျာပက်က လူသားဆိုင်ရာအကူအညီတွေကိစ္စမှာ ထိုင်းအစိုးရ အနေ နှင့် ပြည်တွင်းနှင့်နိုင်ငံတကာမှ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနှင့် အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြော ပါတယ်။ အဲဒီအပြင် နေရပ်ရွှေ့ပြောင်းခဲ့ရသူတွေထံ အဲသလိုလူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ထိထိ ရောက် ရောက်ပေးပို့နိုင်တဲ့ မြန်မာနိုင်ငံက ပြည်သူ့အဖွဲ့အစည်းတွေနှင့်လည်း လက်တွဲဆောင်ရွက်သင့်တယ်လို့ သူကပြောပါတယ်။
( Thai PBS World သတင်းဌာန၏ နိုင်ငံရေးသတင်းအဖွဲ့ကရေးသားသည့် Thaksin’s half-baked peace plan for Myanmar unlikely to take off သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုပါတယ်)
၁၂ မေ ၂၀၂၄
ထိုင်းနိုင်ငံက မြန်မာနယ်စပ်တစ်လျောက်ပိုမိုတင်းကြပ်စွာထိန်းချုပ်ဖို့စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီရှင်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက်မီဒီယာများက ယနေ့ မေလ ၁၂ရက်နေ့မှာ သတင်းရေးသား ဖော်ပြကြပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆာရက်သာဟာ စနေနေ့က ကန်ချန်နာပူရီပြည်နယ်ရှိ အမှတ်၉ ခြေလျင်တပ်မဌာနချုပ်သို့သွားရောက်ပြီး အမှာစကားပြောကြားခဲ့ရာမှာ ယင်းကိစ္စ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ယင်းရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ရေး တက်ကြွစွာပြင်ဆင်နေပြီး စွမ်းရည်မြှင့်နေတယ်လို့ သူက ပြောပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆာရက်သာကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဆက်တိုက်လိုဖြစ်နေတဲ့ ပဋိပက္ခတွေကို သူက ဂရုပြုပြောကြားရင်း နယ်စပ်ပိတ်ဖို့အရေးကြီးတာကို လည်း အလေးပေးပြောဆိုပါတယ်။ ဒေသဆိုင်ရာ တပ်မှူးတွေက လက်ရှိနယ်စပ်ကာကွယ်ရေးဆောင်ရွက်မှုနှင့်အတူ ပွိုင့်တွေနှင့် စစ်ဆေးရေးပွိုင့်တွေံကို ပိတ်ဖို့ အဆိုပြုချက်တွေ သူရရှိထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။
“ပြဿနာက အမျိုးစုံပဲ။ ကုန်စည်အတုတွေနှင့် မူးယစ်ဆေးဝါးမှောင်ခိုသွင်းမှုတွေလို ပြဿနာတွေအထိခြုံငုံပါဝင်နေတယ်” လို့ သူကဆက်ပြောပါတယ်။
“ ဖြေရှင်းရမှာတွေအများကြီးပဲ။ တစ်ကိုယ်ရည်နှင့် လူသားချင်းအကူအညီတိုးမြှင့်ပေးဖို့၊ အထောက်အကူပြုပွိုင့်တွေ ပြင်ဆင်ဖို့ နှင့် ပွိုင့်တစ်ခုမှာ လူ၅၀၀ကနေ ၁၅၀၀ အထိလက်ခံနေထိုင်နိုင်မယ့် ပွိုင့် ၂၀ စတာတွေအပါအဝင်ဖြစ်တယ်။ ကျွန်တော်တို့ နည်းပညာကို အကျိုးရှိရှိသုံးမယ်။ တရားမဝင်ကုန်စည်တွေ ထောက်လှမ်းနိုင်ဖို့ ဒရုန်းတွေနှင့် အိစ်စ်ရေးစက်တွေသုံးမယ်။ ဒါတွေကို ဆွေးနွေးနေတုန်းဖြစ်တယ်။ ဒီကိစ္စတွေဖြေရှင်းဖို့ ဘတ်ဂျက်အတည်ပြုပေးရမယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ကြိုးပမ်းအားထုတ်မှုအားလုံးဖြစ်တယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
Source The Nation
@ymg/knl
Page 29 of 207