Published 21 February 2022
တွစ်တာနှင့်ဖေ့စ်ဘုတ်ခ်တို့ကဲ့သို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်က သတင်းအမှားတွေကို ဟန့်တားထိန်းချုပ်ဖို့ ပါကစ္စတန်က ဥပဒေတွေကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။
သမ္မတ အာရစ်အယ်လ်ဗီက ပါကစ္စတန်နိုင်ငံရဲ့ အီလက်ထရွန်းနစ်ရာဇဝတ်မှုခင်းများတားဆီးကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲဒီပြင်ဆင်ချက်အရ ဆိုရှယ်မီဒီယာကပို့စ်တစ်ခုခုအပေါ် မည်သူမဆို အမှုဖွင့် တိုင်ကြားနိုင်ခွင့်ရသွားပါတယ်။ အဲဒီအပြင်ထောင်ဒဏ်ကိုလည်း (၃)နှစ်ကနေ (၅)နှစ်အထိတိုးမြှင့်လိုက်ပါတယ်။ ပြင်ဆင်ချက် မှာ အွန်လိုင်းကနေ သတင်းမှားဖြန့်သူတွေရဲ့ကျူးလွန်မှုကို အာမခံပေးလို့မရတဲ့ပြစ်မှုအဖြစ်ပါ ပြင်ဆင်ထားပါတယ်လို့ တရား ရေးဝန်ကြီးဖာရော့တ်နက်ဆမ်က တနင်္ဂနွေနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
Source: Bloomberg
#WorldPolitics
Published - 21 February 2022
ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ဖို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'တို့ ကြိုတင်သဘောတူညီထားပြီလို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့မှခေါင်းဆောင်များက ဖော်ပြခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲဟာ လတ်တလောဆယ်စုနှစ်များအတွင်း ဥရောပမှအန္တရာယ်အကြီးမားဆုံးပဋိပက္ခကြီးတစ်ခုကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းဖြစ်လာနိုင်ပါတယ်။
ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'က ဥရောပမှာ လုံခြုံရေးနဲ့ ဗျူဟာမြောက်တည်ငြိမ်အေးချမ်းရေး ရရှိရန်ရည်ရွယ်ချက်ဖြင့် အဆိုပါခေါင်းဆောင်နှစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါခဲ့ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ရုရှားဘက်က ကျူးကျော်မှုမပြုလုပ်မှသာ 'ဘိုင်ဒန်'က တွေ့ဆုံဆွေးနွေးဖို့လက်ခံသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"သံတမန်ရေးအရဖြေရှင်းဖို့ ဆိုရင် အမြဲတမ်းအဆင်သင့်ပါပဲ။ ရုရှားတို့ ကစစ်ရေးလမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်လည်း လျင်မြန်ထိရောက်စွာ ဒဏ်ခတ်အရေးယူသွားဖို့ ပြင်ဆင်ထားပါတယ်" လို့အိမ်ဖြူတော်မှ မီဒီယာရှင်းလင်းပွဲတာဝန်ခံ 'ယန်းဆာကီ'က ပြောဆိုလိုက်ပါတယ်။
ထိပ်သီးအစည်းအဝေးပွဲနဲ့ပတ်သက်ပြီး ရုရှားဘက်က ချက်ခြင်းတုန့်ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။အစည်းအဝေးပွဲပြုလုပ်ဖို့ 'မက်ခရွန်'၊ 'ဘိုင်ဒန်'၊ 'ပူတင်'၊ ဗြိတိန်ဝန်ကြီးချုပ် 'ဘိုရစ်ဂျွန်ဆန်'တို့ တယ်လီဖုန်းဖြင့် အကြိမ်ရေများစွာဆက်သွယ်ပြောဆိုခဲ့ကြပေမယ့် အကြောင်းအရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'တို့ တွေ့ဆုံဆွေးနွေးသွားကြရင်း ထိပ်သီးအစည်းအဝေးပွဲအတွက် အကြောင်းအရာများကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြင်သစ်အစိုးရရုံးနဲ့ အိမ်ဖြူတော်တို့က ပြောကြားခဲ့ပါတယ်။
ယူကရိန်းနယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့များအင်အားတိုးချဲ့လာခြင်းကြောင့် တင်းမာမှုများရှိလာခဲ့ပြီးနောက် အခုလိုအစည်းအဝေးပွဲပြုလုပ်ဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ်ဖွဲ့အများအပြား ဖြန့်ကျက်ထားရှိနေတာကြောင့် ကျူးကျော်ဖို့ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း အနောက်နိုင်ငံတွေက စိုးရိမ်နေခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံတွင်းမှာလည်း ရုရှားစစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်နေတယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားတဲ့အပြင် ယူကရိန်းအနီးမှာ ရုရှားဘက်က သံချပ်ကာယာဉ်တွေ၊ စစ်သည်တွေ ထပ်မံရောက်ရှိလာတာကို အမေရိကန်အခြေစိုက်မက်ဆာဂြိုဟ်တုကုမ္ပဏီရဲ့ ဂြိုဟ်တုပုံရိပ်များမှတဆင့် မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့ပြုလုပ်လာတာက ရုရှားတို့ကျူးကျော်တော့မယ့်အရိပ်အယောင်ဖြစ်ကြောင်း 'အန်တိုနီဘလင်ကန်'က သတိပေးထားပြီး ရုရှားတို့ကတော့ ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ ထပ်ခါထပ်ခါငြင်းဆိုထားပါတယ်။
"တကယ့်စစ်ပွဲဖြစ်မလာခင်အထိတော့ ရသမျှအခွင့်အရေးတိုင်း အချိန်မိနစ်တိုင်းကိုအသုံးချပြီး သမ္မတ'ပူတင်'နဲ့ သံတမန်ရေးဆွေးနွေးသွားနိုင်ဖို့ ကြိုးပမ်းသွားမှာပါ" လို့ 'ဘလင်ကန်'က ဆိုပါတယ်။
ယူကရိန်းအစိုးရအဖွဲ့တွေနဲ့ ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေးသမားတွေကြား ပစ်ခတ်မှုတွေ အဖြစ်များလျက်ရှိနေပါတယ်။
ယူကရိန်းအရှေ့ဘက်ရှိ ခွဲထွက်ရေးအဖွဲ့များကြီးစိုးရာ ဒိုနက်စ်မြို့လယ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တနင်္လာနေ့အထိ တိုက်ခိုက်မှုဖြစ်ပွားတဲ့အသံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။
ယူကရိန်းအစိုးရတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းအရှေ့ဘက်ရှိ ရုရှားထောက်ခံခွဲထွက်ရေးသမားတွေက တနင်္လာနေ့က စွပ်စွဲပြောကြားလိုက်ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ယူကရိန်းအစိုးရအဖွဲ့ရဲ့တုန့်ပြန်ချက်မှာတော့ ရုရှားထောက်ခံရေးသမားတွေက ယူကရိန်းအရှေ့ဘက်ရှိ သူတို့လူမျိုးတွေကိုပြန်သတ်ပြီး အစိုးရအဖွဲ့အပေါ် အပြစ်လွှဲချဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို စွပ်စွဲလိုက်ပါတယ်။
"မကြာခင် ဥရောပမှာ စစ်ဘေးကပ်ဆိုက်တော့မယ်ထင်ပါတယ်" လို ချက်ပြည်သူ့သမ္မတနိုင်ငံမှ ဝန်ကြီးချုပ်'ပီတာဖီယာလာ'က တီဗီအင်တာဗျူးတစ်ခုမှာ မှတ်ချက်ပြုခဲ့ပါတယ်။
Source: Reuters.
Published 20 February 2022
သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်တစ်ခုဖြစ်တဲ့ Truth Social ဟာ ဖေဖော်ဝါရီ(၂၁)ရက် တနင်္လာနေ့(မနက်ဖန်)မှာ အက်ပဲလ်ရဲ့ စတိုးကနေ စတင်လွှင့်တင်တော့မယ်လို့ ရိုက်တာကရေးသားပါတယ်။
ရိုက်တာက တွေမြင်ခဲ့ရတဲ့ အမှုဆောင်အရာရှိတစ်ဦးစမ်းသပ်အသုံးပြုနေတဲ့ အဲဒီအက်ပလီကေးရှင်းမှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ သိရတာလို့ သတင်းကရေးသားပါတယ်။
သောကြာနေ့က စမ်းသပ်အသုံးပြုသူတွေထဲက ဘီလီဘီလ်လို့ဖော်ပြထားတဲ့ Truth Social ကွန်ယက်ရဲ့ ထုတ်ကုန်အရာရှိချုပ်က ဖိတ်ခေါ်ပြီးစမ်းသပ်အသုံးပြုခွင့်ရတဲ့သူတွေရဲ့ မေးခွန်းတွေကို သူ့ရဲ့ တရားဝင်အကောင့်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။တစ်ဦးက ဒီအက်ပလီကေးရှင်းကို ဘယ်တော့စသုံးနိုင်မလဲလို့မေးတဲ့အခါ “ ကျွန်တော်တို့ ဖေဖော်ဝါရီ၂၁ရက် တနင်္လာနေ့မှာ စတင်အသုံးပြုနိုင်ဖို့ လက်ရှိမှာ စီစဉ်ထားပါတယ်” လို့ သူကပြန်ဖြေထားပါတယ်။
ရိုက်တာက screenshots မှာ မြင်ခဲ့ရတဲ့ မှာ အက်ပလီကေးရှင်းရဲ့ဗားရှင်းဟာ အဆင့်(၁၀)ဖြစ်နေပြီး ဒါဟာ အများပြည်သူသုံးနိုင်တဲ့အဆင့် လို့ ဆိုပါတယ်။ဗုဒ္ဓဟူးနေ့ညအထိ ဗားရှင်းက (၉)အထိပဲရှိသေးတာဖြစ်ပါတယ်။
Source Reuters
Published 20 February 2022
ယူကရိန်းနိုင်ငံ ရုပ်သံလိုင်းတစ်ခုမှာ ဖေဖော်ဝါရီ(၁၉)ရက်က ဆွေးနွေးခန်း တိုက်ရိုက်တင်ဆက်နေစဉ် သတင်းထောက်တစ်ဦးက ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမားတစ်ဦးကို လက်သီးနှင့်ထိုးခဲ့ပါတယ်။
သတင်းထောက်ယူရီဘူတူဆော့ဗ်က ရုရှားလိုလားတဲ့ အတိုက်အခံပါတီ For Life က ပါလီမန်အမတ်နက်စတာရှုဖရစ်ကို ဆွေးနွေးခန်းတိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း လက်သီးနှင့်ဆတ်ခနဲထိုးခဲ့ပါတယ်။ သူ့မျက်နှာကိုရိုက်လိုက်ပြီးနောက် တစ်မိနစ်ခန့်ကြာသည်အထိ သူ့လည်ပင်းကိုချုပ်ထားပါတယ်။ ရှူဖရစ်ဟာ ယူကရိန်းပါလီမန်အမတ်၄၅၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ တစ်မိနစ်နီးပါး လုံးထွေးသတ်ပုတ်ခဲ့ကြတာကို ရုပ်သံမှာမြင်တွေ့ရပါတယ်။ အခြာသူတွေက သူတို့နှစ်ဦးကို ခွဲထုတ်ဖို့ ဝိုင်းကြိုးစားကြပါတယ်။
ယူကရိန်းနာတီဗွီရဲ့ ရုပ်သံတင်ဆက်သူ ဆာဗစ်ရှုစတားရဲ့“ လွတ်လပ်စွာပြောဆိုခွင့်” ဆိုတဲ့ ပုံမှန်ဆွေးနွေးခန်းအစီအစဉ်မှာ ရှုဖရစ်နှင့်အတူ အနောက်လိုလားတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟောင်း အာဆင်နီယက်ဆင်ယတ်နှင့် သမ္မတဟောင်း ပီထရိုပိုရိုရှင်ကိုတို့ကလည်း ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။
ဆွေးနွေးခန်းအတွင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ယတ်က ရှုဖရစ်ကို “ပူတင်ဟာ လူသတ်သမားနှင့်ရာဇဝတ်ကောင်ဟုတ်သလား မဟုတ်ဘူးလား” လို့မေးခဲ့ပါတယ်။ ရှုဖရစ်က ပူတင်ကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။
“ ယူကရိန်းအာဏာပိုင်တွေ ဒီပြသနာကိုရှင်းကြပါစေ” လို့သူကတုန့်ပြန်ခဲ့ပါတယ်။
အဲဒီအခါသမ္မတဟောင်း ပိုရိုရှင်ကိုက “ ဒီစတူဒီထဲမှာ ရုရှားသူလျှိုတစ်ယောက်ရောက်နေပြီ” လို့ သူ့ရဲ့တုန့်ပြန်ချက်အပေါ် ပြန်သရော်ခဲ့ပါတယ်။
အော်ကျယ်ဟစ်ကျယ်ဖြစ်ပြီးတဲ့နောက် သွေးစွန်းပေနေတဲ့ ရှဖရစ်က ဆွေးနွေးပွဲပြန်ဆက်ဖို့ ပြန်ထိုင်ခဲ့ပါတယ်။ သူက သတင်းထောက် ဘူတူဆော့ဗ်ကို “ ကုတ်ခြစ်လိုက်တာ တကတည်း ကောင်မလေးတစ်ယောက်လိုပဲ” လို့ပြန်လှောင်ပြောင်ခဲ့ပါ သေးတယ်။
ယူကရိန်းကိုရုရှားကျူးကျော်မယ့် အရိပ်အငွေ့တွေ လက်ငင်းဖြစ်ပေါ်နေချိန်မှာ ဒီဆွေးနွေးခန်းရိုက်ကူးတင်ဆက်ခဲ့ တာ ဖြစ်ပါတယ်။
Source: Business Insider/twitter@gkates>
Published 20 February 2022
ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု အကြီးစားကြီးတစ်ခုကို ဖေဖော်ဝါရီ၁၉ရက် စနေနေ့က ပြုလုပ်ခဲ့ရာ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်
ရုရှားဒုံးယာဉ်တပ်တွေ၊ တောင်ပိုင်းစစ်ဒေသ၊မဟာဗျူဟာဒုံးကျည်တပ်တွေ၊မြောက်ပိုင်းနှင့် ပင်လယ်နက်ရေတပ်တွေဟာ ယခု စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်
အဲဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတပူတင်ဟာ ဘီလာရု(စ်)သမ္မတ အလက်ဇင်းဒါးလူကာရှင်ကိုနှင့်အတူ ကရင်မလင်ရှိ ဝန်းကျင်အနေအထားစင်တာကနေ အတူတကွ ကြည့်ရှုခဲ့ပါတယ်
တိုက်ကြီးအတွင်းပစ်ခရုစ်ဒုံးကျည်၊ဟိုက်ပါဆိုနစ်ဒုံးကျည်တွေအပါအဝင် နျူကလိယနှင့်နျူကလီးယားမဟုတ်သောလက်နက်တွေနှင့် ယခုစစ်ရေးလေ့ကျင့်မှုမှာ ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်
ယခုမဟာဗျူဟာ ဟန့်တားလေ့ကျင့်ခန်းတွေကို ယခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီး တပ်တွေရဲ့ တိုက်ခိုက်ရေး အသင့်ပြင်ဆင်ထားမှုတွေနှင့် လက်နက်တွေရဲ့ယုံကြည်စိတ်ချရမှုတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်
လုပ်ငန်းတွေအားလုံးအပြည့်အဝပြီးဆုံးပြီး ဒုံးကျည်တွေအားလုံး သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်
Source CMG/Russia Defense Ministry
Published 19 February 2022
ယူကရိန်းနိုင်ငံထဲက ကိုယ့်ကိုကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံဒေသမှာရှိတဲ့ အရပ်သားတွေဟာ နေရပ်ကိုစွန့်ခွာပြီး ရုရှားနယ်စပ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ရုရှားကိုဝင်ရောက်ဖို့ တန်းစီနေကြပါတယ်။
ယူကရိန်းရဲ့ခွဲထွက်ရေးဒေသနှစ်ခုက ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၁၉ရက်စနေနေ့မှာ အဲဒီကအရပ်သားတွအပေါ် အထွေထွေစုရုံးခြင်းအမိန့် ကြေညာထားပြီးနောက် ယခင်ဆိုဗီယက်နိုင်ငံဟောင်းတစ်ခုမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်မှုကြီးထွားလာနေကြတာဖြစ်ပါတယ်
အရန်ထားထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ စစ်မှုထမ်းရုံးကိုလာရောက်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ယနေ့မှာ ကျွန်တော်ဟာ အထွေထွေ စစ်စည်းရုံးခြင်းအမိန့်ကိုထုတ်ပြန်ပါတယ် လို့ ကိုယ့်ဘာသာကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံရဲ့ခေါင်းဆောင်ဒင်းနစ်ပူရှီလင်ကရုပ်သံနှင့်သတင်းထုတ်ပြန်ပါတယ်
လုဂန့်စ်ခွဲထွက်ရေးဒေသခေါင်းဆောင် လီယိုနစ်ပါရှက်နစ်ခ်ကလည်း ကျူးကျော်ရန်စမှုကိုတွန်းလှန်ဖို့ ပြင်ဆင်ရေး အမိန့်တစ်ရပ်ကိုလည်းထုတ်ပြန်လိုက်ပါတယ်
ယူကရိန်းပြသနာကြောင့် ရုရှားနှင့် အနောက်အုပ်စုအကြား တင်းမာမှုတွေကြီးထွားနေပြီး ရုရှားဟာ ယူကရိန်းကို မကြာမီကျူးကျော်မှာသေချာတယ်လို့ အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က ပြောဆိုထားတဲ့အချိန်မှာပဲ ခွဲထွက်ရေး ခေါင်းဆောင် နှစ်ဦးရဲ့ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်နှင့် မော်စကိုကထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေအကြား ၂၀၁၄ခုနှစ်မှာ စတင်ခဲတဲ့ တိုက်ပွဲတွေကတည်းကနေ ယခုအထိ လူပေါင်း တစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
Source AFP
Page 198 of 207