Published_3 Sept 2024
တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုမဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အ ဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း နစက ဥက္ကဌက ပြောသည်။
ယနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများအား တောင်ကြီးမြို့၊မြို့တော်ခန်းမ၌တွေ့ဆုံ အမှာစကား ပြောကြားစဉ်အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရအကြပ်အတည်း များဖြစ် ပေါ်နေမှုကိုအခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရကြောင်း၊ ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ် များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံ နေကြရကြောင်းလည်း ယင်းကဆို သည်။
လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ရွာများ၌တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက် အဦများ၊အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကိုအသုံးပြုခြင်း၊အပြစ်မဲ့ပြည်သူလူထုတို့ကိုလူသားတံ တိုင်းအဖြစ်အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကိုပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်း အဓမ္မလူသစ်စုဆောင်းခြင်းများ ကိုလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
ယင်းအပြင်လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက်ကောင်းရာကောင်းကျိုးဆောင်ရွက်မည့် သူများ၊ ရဲတပ်ဖွဲ့ ဝင် များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ် ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့် ဆင့် သတင်းပေးသည့်စနစ်ကို ဖော်ဆောင် ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေး ချမ်းမှု ကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများတစ်ဦးချင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ လုံခြုံ ရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက် အကူပြု မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
၂ စက်တင်ဘာ ၂၀၂၄
The Myanmar National Democratic Alliance (MNDAA) ၊ Ta’ang National Liberation Army (TNLA) နှင့် United League for Arakan (ULA)/ Arakan Army (AA)AA တို့အား အကြမ်းဖက်အုပ်စုများအဖြစ် နစက၏ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဗဟိုအဖွဲ့က ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ စက်တင်ဘာ ၂ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၄ အရ MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။
ယင်းအပြင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ ဖြင့် ULA/AA သောင်းကျန်းသူအဖွဲ့ကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကိုပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာကြောင်း အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
အဆိုပါအဖွဲ့များသည် “အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်ထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံး ပြုလျက်ရှိသည့် လမ်း၊တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်းခြင်း၊နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များ ကို လုပ်ဆောင် ကျူးလွန်လျက်ရှိကြကြောင်းနှင့် နိုင်ငံတော်အတွင်းအခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း” အမိန့်ကြေညာစာများတွင်ဖော်ပြပါရှိသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂၊ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြေညာစာများကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။
@ymg/knl
၂ စက်တင်ဘာ ၂၀၂၄
(သတင်းနှင့်အမြင် ကဏ္ဍကို ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)
ပစိဖိတ်ကျွန်းခေါင်းဆောင်တွေဟာ ရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကြီးတစ်ခုကို သောကြာနေ့က ကျင်းပတဲ့ သူတို့ရဲ့ဖိုရမ်မှာ ထောက်ခံလိုက်ကြပေမယ့် ထိုင်ဝမ်ကို ဘေးထုတ်ဖို့ တရုတ်မဟာမိတ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုတော့ ငြင်းဆန်လိုက်ကြပါတယ်လို့ အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။
ယခုနှစ် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လုံခြုံရေးဟာ အဓိက ဆွေးနွေးကြတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ တရုတ်ရဲ့မိတ်ဆွေနိုင်ငံတွေနှင့် ထိုင်ဝမ်နှင့် ယခုထက်တိုင် ဆက်ဆံရေးရှိနေဆဲနိုင်ငံတွေ ပါဝင်ကြတာဖြစ် ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျနိုင်ငံက အဲဒီဒေသက နိုင်ငံက ရဲတပ်ဖွဲ့တွေကို သင်တန်းပေးမယ့် အထင်ကရ အစီအစဉ်ကြီးတစ်ခုကို ထောက်ခံပေးဖို့ ပစိဖိတ်အိမ်နီးချင်းနိုင်ငံတွေကို ကြိုးပမ်းခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ ပစိဖိတ်ကျွန်းများဒေသမှာ ဒေသဆိုင်ရာရဲသင်တန်းကျောင်းတွေ လေးခုအထိနှင့် နိုင်ငံစုံ အကျပ်အတည်း တုန့်ပြန်ရေးတပ်ဖွဲ့တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ အစီအစဉ်ကြီးတစ်ခုကို ဩစတြေးလျက ကနဦးရန်ပုံငွေ ဒေါ်လာ ၂၇၁ သန်း မတည်ပေးမယ်လို့ဆိုပါတယ်။
လက်ရှိပိုနေမြဲ ကျားနေမြဲအစီအစဉ်ကို ပြောင်းလဲပစ်မယ့် အဆိုပါအစီအစဉ်ကိုတော့ ဂျပန်ကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ ဖီဂျီလိုနိုင်ငံအချို့က ကြိုဆိုလိုက်ပေမယ့် ဘေဂျင်းနှင့်နီးနီးကပ်ကပ်ဆက်ဆံနေတဲ့ နိုင်ငံတွေကတော့ အဲဒီစိတ်ကူးကို တုံဏှိဘာဝေ ဆိတ်ဆိတ်ပဲနေခဲ့ကြပါတယ်။
“ ကျွန်တော်တို့ရဲ့ ပြည်တွင်းလုံခြုံရေးအပေါ် စည်းကမ်းသတ်မှတ်ထျက်တွေထားတာတစ်ခုကိုတော့ ကျွန်တော်တို့ သဘောမတူဘူး” လို့ ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပီတာ အက်ဂိုဗာကာက ပြောခဲ့ပါတယ်။
တကယ်တမ်းတော့ ရဲဆိုတာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး သူတို့က ပစိဖိတ်ကျွန်းနိုင်ငံတွေအနေနှင့် တရုတ်ကို အရေးမပါတဲ့နေရာမှာ ထားရှိပေးစေလိုတာဖြစ်တယ်လို့ သုံးသပ်ဝေဖန်သူတွေကပြောကြပါတယ်။
အဲဒီစိတ်ပူပန်မှုတွေဟာ ဩစတြေလျားဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီးစ်နှင့် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးတို့က ကုန်ကျစရိတ်တစ်ယောက်တစ်ဝက်လေလို့ နောက်ပြောင်ပြောဆိုခဲ့ကြတာကြောင့် ပိုပြီးကြီးထွားလာပါတယ်။
အဲဒါကြောင့် နောက်ဆုံးမှာ ရဲအစီအစဉ်ကို ထောက်ခံကြတယ်လို့သာ ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။အချို့သော နိုင်ငံတွေက သူတို့အနေနှင့် ဒီကိစ္စအပေါ် ပြည်တွင်းမှာ သုံးသပ်ဆွေးနွေးဖို့လိုဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမှုအရှိဆုံးမိတ်ဆွေ ဆော်လမွန်ကျွန်းများနိုင်ငံက သူတို့ဖိုရမ်ရဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ်ကနေ ထိုင်ဝမ်ကိုထုတ်ပယ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဆော်လမွန်နိုင်ငံခြားရေးဝန်ကြီး အက်ဂိုဗာကာက ဖိုရမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအတွက်ဖြစ်ပြီး အခြားသော စီရင်ပိုင်ခွင့်အာဏာပိုင်တွေကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေအတွက်မဟုတ်ဘူး လို့ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။
အဲဒါကြောင့် နောက်ဆုံးကြေညာချက်ထဲမှာ အဆိုပါ ရဲစိတ်ကူးကို မထည့်သွင်းခဲ့ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ပါဝင်ဖို့ လမ်းဖွင့်ပေးတဲ့ ၁၉၉၂ သဘောတူညီချက်ကိုတော့ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
ပစိတ်ဖိတ်ကျွန်းနိုင်ငံများဖိုရမ်အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ကို တရုတ်အထူးသံတမန်က ယုံကြည်မှုကင်းမဲ့စွာတုန့်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ဖိုရမ်သဘောထားကြေညာချက်ထဲမှာ ထိုင်ဝမ်သို့ရည်ညွှန်းမှုတွေကို ဖယ်ထုတ်ပေးခဲ့ရပါတယ်။
“ ဒါတစ်ခုခုမှားနေတာပဲ။မှားနေတာပဲ။ အများသဘောတူထားတဲ့အထဲ မပါဝင်ခဲ့တာ အသေအချာပဲ” လို့ သူက ထိပ်သီးအစည်းအဝေးမှာရှိနေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ ဒါဟာ နောက်ဆုံးကြေညာချက်မဖြစ်သင့်ဘူး။ အမှားပြင်ဆင်ချက်လုပ်ရမယ်” လို့ သူကပြောပါတယ်။
တောင်ပစိဖိတ်နိုင်ငံတွေဟာ ထိုင်ဝမ်ကိုထောက်ခံတဲ့ ခံတပ်တစ်ခုလို အရင်ကရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဆော်လမွန်ကျွန်းများနိုင်ငံ၊ ကီရီဘာတီနှင့် အာအူရူးတို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲပြီး အသိအမှတ်ပြု လာခဲ့ကြပါတယ်။
အမေရိကန်ရဲ့ အချုပ်အခြာနယ်မြေထဲပါဝင်တဲ့ ဂူအမ်နှင့် အမေရိကန်ဆာမိုအာတို့ဟာ ဖိုရမ်ရဲ့ တွဲဖက်အဖွဲ့ဝင်တွေ အဖြစ် ရရှိခဲ့ကြပါတယ်။ သူတို့က ဆော်လမွန်ရဲ့ ဆန္ဒတွေကို ကန့်ကွက်ဆန့်ကျင်နေခဲ့ကြပါတယ်။
PIF လို့သိကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်ဟာ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပစိတ်ဖိတ်ကျွန်းနိုင်ငံများနှင့် နယ်မြေများ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ဆိုပြီး ၁၉၇၁ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ ဩစတြေလျ၊နယူးဇီလန်နှင့် ပစိတ်ဖိတ်ကျွန်းနိုင်ငံတော်တော်များများပါဝင်ပြီးလက်ရှိမှာ အဖွဲ့ဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်နေပါတယ်။
မကြာသေးခင်က ပြီးစီးသွားတဲ့ အဆိုပါဖိုရမ်ထိပ်သီးအစည်းအဝေးကိုကြည့်ရင် တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြားက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုကြီးထွားလာနေတာကို မြင်နိုင်ပါတယ်။
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးနှစ်နိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေဒေသမှာ ဩဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင်ကြိုးစားလာနေကြပါတယ်။ အဲဒီဒေသတည်နေရာဟာ မဟာဗျူဟာမြောက်အရေးကြီးသလို သဘာဝအရင်းအမြစ်တွေနှင့် တိုးလက်လာနေတဲ့ စီးပွားရေး တွေကြောင့် ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်အရာရှိကြီးတွေရဲ့ သွားရောက်လည်ပတ်မှုတွေနှင့် ပစိဖိတ်ကျွန်းများဒေသမှာ သံခင်းတမန်ခင်း ဖြန့်ကျက်နေပါတယ်။ အဲဒီအပြင် BRI အစီအစဉ်ကြီးအောက်ကနေ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးနှင့် ငွေကြေးဘဏ္ဍာကူညီထောက်ပံ့မှုတွေကို လည်း အလေးပေးဆောင်ရွက်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ ဆိပ်ကမ်းတွေ၊လမ်းမကြီးတွေနှင့် ဆက်သွယ်ရေးကဏ္ဍတွေမှာ အကြီးအကျယ်ရင်းနှီးမြှပ်နှံနေပါတယ်။ စီးပွားရေးအရှိန်အဝါကနေတစ်ဆင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတွေအထိ နိုင်ငံရေးဩဇာကြီးမားလာနေပါတယ်။
အဲဒီအပေါ် အမေရိကန်က စိုးရိမ်မှုတွေရှိလာခဲ့ပုံရပါတယ်။ ဘိုင်ဒင်အစိုးရဟာ ပစိဖိတ်ကျွန်းနိုင်ငံငယ်ကလေးတွေကို ပြန်ပြီး မျက်စေ့ကျလာပါတယ်။ပစိတ်ဖိတ်ကျွန်းများကို အမေရိကန်က ယင်းရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် အလွန်အရေးကြီး တယ်လို့ ရှုမြင်လာနေပါတယ်။ အထူးသဖြင့် သူတို့က ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ပြန်ကန်ဖို့ က အမေရိကန် အတွက် အဓိက ဖြစ်ပုံရပါတယ်။အဲဒါကြောင့်လည်း အမေရိကန် စစ်တပ်တွေထားရှိဖို့နှင့် ကာကွယ်ရေးအရ မိတ်ဖက်တွေ လုပ်ဖို့ သူ့ဩဇာညောင်းတဲ့ ဩစတြေလျလိုနိုင်ငံမျိုးကို အသုံးချစေခိုင်းလာတဲ့သဘောရှိပါတယ်။
ပစိဖိတ်ကျွန်းများဒေသနိုင်ငံလေးတွေဟာ အဲဒီနှစ်ဖက်ယှဉ်ပြိုင်မှုကနေ သူတို့နိုင်ငံတွေအတွက် ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာ ကိုလည်း စဉ်းစားလာနေကြပါတယ်။ အဲဒါကြောင့်လည်း အဲဒီနိုင်ငံငယ်လေးတွေဟာ သူတို့ရဲ့ သံတမန်မဟာမိတ် တွေကို ဘက်ပြောင်းလာကြတာအချို့တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ဒေသဆိုင်ရာ ဒိုင်းနမစ်တွေကို အပြောင်းအလဲဖြစ်လာဖို့ ဦးတည်လာနေပါတယ်။ အဲဒီအပြင် ပစိဖိတ်ကျွန်းများဖိုရမ်အဖွဲ့ကြီးအတွင်း ဩဇာသက်ရောက်မှုပုံစံတွေလည်း ပြောင်းလဲလာနေတာကို စိတ်လှုပ်ရှားစရာတွေ့ ရှိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ဖြစ်တဲ့ ဝင်ရိုးတစ်ခု ကမ္ဘာ့အစီအစဉ် Uni-polar-World Order ကနေ တရုတ်၊ရုရှား၊ အိန္ဒိယနှင့် အခြားသော အနောက် အုပ်စုမဟုတ်တဲ့ ထွန်းသစ်စနိုင်ငံတွေ ဦးဆောင်တဲ့ ဝင်ရိုးစုံကမ္ဘာ့အစီအစဉ် Multi-polar-World Order သို့ ရွေ့လျားနေတဲ့ မျက်မှောက်အခြေအနေကို အစိုးရိမ်ဆုံးဖြစ်နေသူတွေဟာ အမေရိကန်နှင့် ယင်းရဲ့မဟာမိတ် ဥရောပနိုင်ငံအချို့ပဲဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း အမေရိကန်ဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေကို ပေါ်ပေါ်တင်တင်နှင့် ခပ်ကြမ်းကြမ်းလုပ်လာနေတာမြင်ကြရပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လက်တွေအမြင်ပဲဖြစ်ပါတယ်။
အဲဒါကြောင့် ကမ္ဘာကြီးမှာ အင်အားကြီး နိုင်ငံတွေအကြား ပွတ်တိုက်မှုတွေကြီးထွားလာနေကာ ယင်းမှတစ်ဆင့် ဒေသတွင်းစစ်ပွဲတွေကနေ နိုင်ငံစုံစစ်ပွဲကြီးတွေ အထိ ဖြစ်လာမှာကိုလည်း ဖွံ့ဖြိုးဆဲ ရုန်းကန်ဆဲ နိုင်ငံတွေက စိုးရိမ်လာကြရပါတယ်။
ပထဝီနိုင်ငံရေးလှိုင်းတံပိုးတွေအကြားက ပစိတ်ဖိတ်ကျွန်းနိုင်ငံများဒေသရဲ့ အနာဂတ်နှင့် ဦးတည်ရာကိုတော့ ရင်မသည်းဖို စောင့်ကြည့်ကြရဦးမှာဖြစ်ပါကြောင်း။
-ကောင်းမြတ်ကျော်
@ymg/knl
(သတင်းနှင့်အမြင် ကဏ္ဍသစ်ကို ယနေ့မှစ၍ တင်ဆက်လိုက်ပါတယ်။ ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် ယခုကဏ္ဍကို အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)
၁ စက်တင်ဘာ ၂၀၂၄
အစ္စရေးနိုင်ငံ ဟိုင်ဖာကမ်းလွန်မှာရှိတဲ့ လီဗီယက်သန် Leviathan သဘာဝဓာတ်ငွေ့တွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။ ကနဦးသတင်းများအရ အဲဒီ သဘာဝ ဓာတ်ငွေ့ တွင်း ပေါက်ကွဲမှုဖြစ်ရတာဟာ ချို့ယွင်းမှုတစ်ခုခုကြောင့်ဖြစ်တယ်လို့ အစ္စရေး သတင်းအရင်း အမြစ်တွေက ပြောပါတယ်။
ဒါပေမယ့် အခြား မီဒီယာတွေကတော့ လီဗီယက်သန်ဓာတ်ငွေ့တွင်းဟာ ဒရုန်းတိုက်ခိုက်မှုခံရတာလို့ပြောကြပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အီရတ်နှင့် ယီမင်ဟောက်သီ ဆန့်ကျင်ရေးအုပ်စုတွေ ပါဝင်ပတ်သက်ဖွယ်ရှိတယ်လို့ သံသယရှိနေကြပါတယ်။ ဒါပေမယ့် မည်သည့် တရားဝင် အတည်ပြုချက်မှာတော့ မရှိသေးပါဘူး။
လီဗီယက်သန် ဓာတ်ငွေ့တွင်းဟာ ဟိုင်ဖာ ကမ်းခြေမှ ၁၃၀ကီလိုမီတာအကွာခန့် အစ္စရေးနိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် Exclusive Economic Zone (EEZ) မှာ တည်ရှိတာဖြစ်ပါတယ်။
ပင်လယ်ရေအောက်တွင်း (၄)တွင်းကို မန်နီဖိုးလ် manifold (ဖြာဝင်ပေါက်)ကြီးတစ်ခုနှင့်ချိတ်ဆက်ထားပါတယ်။ အဲဒီကမှ ကမ်းလွန်ပလက်မောင်းသို့ ၁၂၀ ကီလိုမီတာရှည်လျားတဲ့ ပိုက်လိုင်းနှင့်ဆက်သွယ်ထားတာဖြစ်ပါတယ်။ အဲဒီပလက်ဖောင်းမှာ ဓာတ်ငွေ့တွေလုပ်ငန်းစဉ်လုပ်ဆောင်ပေးပါတယ်။
နိုင်ငံတွေရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေဖြစ်လာနေခဲ့ပါတယ်။ ကမ္ဘာအနှံ့မှာ စွမ်းအင် အရင်းအမြစ်တွေနှင့် အခြေခံအဆောက်အဦတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြရာမှာ ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၆ ရက်က ရုရှားကနေ ဥရောပကို ဘောလ်တစ်ပင်လယ်မှတစ်ဆင့် ဆက်သွယ်ထားတဲ့ Nord Stream ဓာတ်ငွေ့ပိုက်လိုင်း အကြမ်းဖက်ဖောက်ခွဲခံခဲ့ရတာဟာ အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ရုရှားနှင့် ယူကရိန်းရဲ့ ပဋိပက္ခ များအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုပါ အကြမ်းဖက်မှုကို ဘယ်သူလဲဆိုတာကို ခန့်မှန်းနိုင်ကြပေမယ့် လုပ်ခဲ့တဲ့သူတွေက ဝန်မခံ ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကြမ်းဖက်မှုဟာ မကောင်းဘူးဆိုတာ လုပ်တဲ့သူတွေကိုယ်တိုင်သိနေလို့ပဲဖြစ်ပါတယ်။
စီးပွားရေးတွေကူးလူးဆက်သွယ်နေတဲ့ ယနေ့ကမ္ဘာကြီးမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေဟာ ပြည်တွင်းထဲမှာပဲ တည် ဆောက်ထားတာတွေရှိသလို နိုင်ငံတွေဖြတ်ကျော်တည်ဆောက်တာတွေလည်းရှိပါတယ်။ အကြမ်းဖက်သူတွေရဲ့ ပစ်မှတ် တွေ ဖြစ်လာနေတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအတွက် လုံခြုံရေးဆိုင်ရာ အစီအမံတွေ စနစ်တကျရှိလာဖို့လိုအပ်လာ နေပါတယ်။ အဲဒီစွမ်းအင်အခြေခံအဆောက်အအုံတွေကိုလည်း အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်နိုင်မယ့် နည်းပညာတွေ နှင့် အခြားသော ဗျူဟာမြောက်တုန့်ပြန်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက စီစဉ်ထားရှိဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ အတိုက်အခိုက်ခံရရင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု၊ စီးပွားရေးဆုံးရှုံးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေနိုင်မှုစတဲ့ အန္တရာယ်တွေ ရှိနေလို့ဖြစ်ပါတယ်။
အဲဒါကြောင့် တိုက်ခိုက်ခံရခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုအပ်လာပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးကတော့ အတားအဆီးများထားရှိခြင်း၊ကြိုတင်ထောက်လှမ်းကိရိယာများတပ်ဆင်ခြင်း၊လုံခြုံရေးတင်းကြပ်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံတွေပဲဖြစ်ပါတယ်။
နောက်အရေးကြီးတာက ထောက်လှမ်းရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး သတင်းတွေလက်ဦးမှုရအောင်စုံစမ်းထောက်လှမ်းရပါ မယ်။ အရေးပေါ်စီမံခန့်ခွဲခြင်းနှင့် အကျပ်အတည်းဖြေရှင်းခြင်းတွေကိုလည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်သင့်ပါတယ်။ နောက်တစ်ခုကတော့ လူမှုအသိုက်အဝန်းတွေကပါ သိရှိနားလည်အောင်လုပ်ပြီး ပြည်သူတွေကပါ အသိနှင့်ပါဝင် ကာကွယ် လာဖို့ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အကြမ်းဖက်မှုတွေပြွမ်းတီးလာနေတဲ့ ကမ္ဘာကြီးမှာ ပစ်မှတ်တွေဖြစ်လာနိုင်တဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေလုံခြုံရေးကို ဦးစားပေးလုံခြုံရေးအဆင့်ထားရှိခြင်း၊ လုံခြုံရေးအသိ အမြဲနိုးကြားနေခြင်းနှင့် ကြိုတင် ကာကွယ်နိုင်မည့် လက်တွေ့ကျသော အစီအမံများ ထားရှိဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သင့်ပါကြောင်း။
-ကောင်းမြတ်ကျော်
၃၁ ဩဂုတ် ၂၀၂၄
TNLA ကို စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် တရုတ်နိုင်ငံမှ သတိပေးခဲ့သည့်ဆိုသည့် သတင်းဟုတ်မဟုတ် တရုတ်နိုင်ငံအခြေစိုက် AFPသတင်းဌာန၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမပြုဘဲ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမယ်လို့ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။
ယမန်နေ့ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်း လင်းပွဲမှာ AFP ရဲ့အမေးကို ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးက သတင်းထုတ်ပြန်ပေးတာဖြစ်ပါတယ်။
“တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန်မာမီဒီယာအချို့မှာ သတင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆို မှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲ” ဟု AFP သတင်း ထောက်ကမေးမြန်းခဲ့တာဖြစ်ပါတယ်။
အဲဒီမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
“ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ Mr. Lin Jian ကဆက်လက်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
@ymg/knl
၂၈ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကနှင့် အရေးကြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တရုတ်သံအမတ်ကြီး မစ္စ မာကျား Ms. Ma Jia က ယမန်နေ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်သို့ သွားရောက်တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါပေမယ့် မည်သည့်အရေးကြီးသဘောတူညီချက်တွေလည်းဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏မြန်မာနိုင်ငံ ခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွားကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်သံအမတ်ကြီး Ms. Ma Jia ကလည်း မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝပေါ်လွင်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂ စသည့်နိုင်ငံတကာပလက်ဖောင်းများတွင်အပြန်အလှန်ထောက်ခံအားပေးမှုကိုမြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၂၆ ဩဂုတ် ၂၀၂၄
ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွ ဘလော့ချ်လွတ်မြောက်ရေးတပ်(ဘီအယ်အေ)အဖွဲ့က အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ကားများကိုရပ်တန့်ပြီး ခရီးသည်များတစ်ဦးချင်းစစ်ဆေးကာ အနည်းဆုံး လူ ၂၂ဦးကိုပစ်သတ်ခဲ့ကြပါတယ်။
အဆိုပါဖြစ်ရပ်မှာ ဩဂုတ် ၂၆ ရက် တနင်္လာနေ့စောစောပိုင်းမှာ ပါကစ္စတန်နိုင်ငံ ဘလော့ချ်ချစ်စတန်ပြည်နယ် မူဆာဟေးလ် ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီ ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်ဟာ ပါကစ္စတန်စစ်တပ်နှင့် ဂိုဏ်းဂဏစွဲကြီးတဲ့ လူမျိုးစုတွေနှင့်ခွဲထွက်ရေးအကြမ်းဖက်တွေ နှင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။
ဘတ်စ်ကားတွေ၊ဗန်ကားတွေနှင့် ထရပ်ကားတွေဟာ ပန်ဂျပ်နှင့် အဲဒီပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမ တစ်နေရာမှာ တန်းစီရပ်ခဲ့ကြရပါတယ်။
စစ်သွေးကြွတွေအရေအတွက်က ၃၀ နှင့် ၄၀ ဦးအကြားရှိပြီး သူတို့က ကား ၂၂စီးကိုရပ်တန့်ခဲ့ကြတယ် လို့ အကြီးတန်းအရာရှိ နာဂျစ်ဘူလာကာကာ က အေအက်ဖ်ပီကိုပြောပါတယ်။
ကားတွေပေါ်ပါလာတဲ့ ပန်ဂျပ်က သူတွေကို ပစ်သခတ်ခဲ့တာလို့ သူကဖြည့်ပြောပါတယ်။
သေဆုံးသူ ၂၂ဦးရှိပြီး အများစုဟာ ပန်ဂျပ်က အလုပ်ကြမ်းသမားတွေနှင့် ပြည်သူ့စစ် နှစ်ဦးတို့ဖြစ်ကြတယ်လို့ သူကပြော ပါတယ်။
သူတို့ဟာ လူတွေကိုပစ်သတ်ပြီးတဲ့အခါ ကား အနည်းဆုံး ၁၀စီးကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဘီအယ်လ်အေကတော့ သူတို့ဟာ အရပ်သားလိုဝတ်ဆင်ထားတဲ့ စစ်သားတွေကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ ကြေညာထားပြီး ဘာအထောက်အထားတစ်ခုကိုမှ ထုတ်ပြန်ပေးထားခြင်းမရှိပါဘူး။
ဘလော့ချ်ချစ်စတန်ပြည်နယ်ဟာ ထုတ်မသုံးရသေးတဲ့ သဘာဝ အရင်းအမြစ်တွေ အလျံပယ်ရှိနေပေမယ့် ပါကစ္စတန်မှာ အကြီးဆုံးနှင့် အဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါတယ်။
Page 16 of 207