Published: 24 July 2022
တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ မြို့တော်ဒေသမှာ ကျင်းပတဲ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုမှာ သေနတ်ပစ်ခတ်မှု တစ်ခုကြောင့် လူ(၃)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ မတည်ငြိမ်တဲ့ နိုင်ငံတောင်ပိုင်းက မြို့တော်ဝန်ဟောင်းတစ်ဦးလည်းပါဝင်တယ်လို့ ရဲကပြောပါတယ်။
သေနတ်ပစ်ခတ်မှုဟာ တောင်ပိုင်း လာမီတန်မြို့တော်ဝန်ဟောင်း ရို့စ်ဖူရီဂေးကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရတယ်လို့ ကွီဇွန်မြို့ရဲဌာနမှဓး ရီမတ်စ် မီဒီနာက ပြောပါတယ်။
ကျောင်းဝင်းလုံခြုံရေးအရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပစ်ခတ်သူလို့သံသယဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး သူ့ကို ကားနှင့် လိုက်ဖမ်းဆီးရာမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ယခုအခါ သူ့ကို စစ်ကြောမေးမြန်းမှုတွေလုပ်နေတယ်လို့ ရဲဌာနမှူးက သတင်းထောက်တွေကိုပြောပါတယ်။
“ သူ့ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်ကြံရေးသမားတစ်ဦးဖြစ်ပုံရတယ်” လို့ မီဒီနာက ဆက်ပြောပါတယ်။
ကွီဇွန်ဟာ မြို့တော်မနီလာဒေသရဲ့ အစိတ်အပိုင်းဒေသတစ်ခုဖြစ်ပြီး မြို့ပေါင်း ၁၆မြို့နှင့် နေထိုင်င်သူပေါင်း ၁၃သန်းခန့် ရှိပါတယ်။
ဖူရီဂေးဟာ အန်တီနီယိုဒီ မနီလာ တက္ကသိုလ် ဥပဒေကျောင်းဘွဲ့ရ သမီးဖြစ်သူရဲ့ ဘွဲနှင်းသဘင်ကို တက်ဖို့ဆဲဆဲမှာ သေနတ်နှင့် အပစ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီတက္ကသိုလ်ဟာ ဖိလစ်ပိုင်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်တွေထဲမှာ တစ်ုအပါအဝင်ဖြစ်တယ်လို့ မီဒီနာကပြောပါတယ်။
သေနတ်ပစ်သမားလို့သံသယဖြစ်ရသူဟာ ဘွဲ့နှင့်သဘင်တက်တဲ့ ဆွေမျိုးသားချင်းတွေမရှိပါဘူး။ ပြီးတော့ သူဟာ ဘာဆီလန် ပြည်နယ်၊လာမီတန်ဒေသခံတစ်ဦးဖြစ်ပါတယ်။အဲဒီနေရာဟာ ဓားပြတိုက်မှု၊ပြန်ပေးဆွဲမှုတွေ လုပ်နေတဲ့ အစ္စလမ်ထောက်ခံလိုလားသူ အစွန်းရောက်အဖွဲ့ အာဘူဆေယက်ဖ်ရဲ့ အမာခံနယ်မြေလည်းဖြစ်ပါတယ်။
နောက်ထပ်သေဆုံးသူနှစ်ဦးမှာ တက္ကသိုလ်ဝင်းလုံခြုံရေးအရာရှိနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ရဲကပြောပါတယ်။
သေနတ်ပစ်မှုကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ သေနတ်ပစ်မှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူရှေ့ သေနတ်ကိုင်ဆောင်ဖို့ လိုင်စင်ရယူရန် လိုအပ်လို့ဖြစ်ပါတယ်။
ဒီလူသတ်မှုကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေက ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကတိပေးပါတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
#Source_Reuters
#Philippines_shooting
#shooting_at_university_graduation
#Philippines_violence
Published 24 July 2022
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီရဲ့ ဩဂုတ်လအတ္ငင်း ထိုင်ဝမ်ကို သွားရောယ်ဖွယ်ရှိတဲ့ ခရီးနှင့်ပတ်သက်လို့ တရုတ်နိုင်ငံက ဘိုင်ဒင်အစိုးရအဖွဲ့ကို တင်းမာတဲ့ ပုဂ္ဂလိကသတိပေးချက်တွေ ပေးပို့ထားတယ်လို့ ဖိုင်နင်ရှယ်တိုင်းမ်စ်က စနေနေ့ကရေးသားပါတယ်။
အဲဒီသတင်းဟာ တရုတ်ရဲ့သတိပေးချက်တွေနှင့် နီးစပ်တဲ့ သူ ခြောက်ဦးဆီက ရတာဖြစ်ပြီး သတိပေးချက်တွေဟာ အတိတ်တုန်းက အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ လုပ်ဆောင်မှုတွေ မူဝါဒတွေနှင့်ပတ်သက်လို့ တရုတ်နိုင်ငံက မကျေနပ်မှုတွေရှိလာတဲ့အခါ ပြုလုပ်ခဲ့တဲ့ ခြိမ်းခြောက်မှုတွေဆိုတာထက်ကို သိသိသာသာပြင်းထန်နေတယ်လို့ အဲဒီသတင်း အရင်းအမြစ်တွေက ပြောကြပါတယ်။
အဲဒီစကားလှလှလေးတွေနှင့်ပြောထားတဲ့ပုဂ္ဂလိက သတိပေးချက်ထဲမှာ ဖြစ်ရေးရှိတဲ့ စစ်ရေးတုန့်ပြန်မှုကို ဖော်ပြထားတဲ့ အကြောင်း အခြေအနေတွေနှင့် ရင်းနှီးကျွမ်းဝင်သူ အတော်များများကို ကိုးကားပြီး ဖိုင်နင်ရှယ်တိုင်းမ်က ရေးသားပါတယ်။
ဒီသတင်းနှင့်ပတ်သက်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွေက မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံကလည်း ရိုက်တာသတင်းဌာနရဲ့ တနင်္ဂနွေနေ့က မှတ်ချက်တောင်းခံမှုအပေါ် ချက်ခြင်းမတုန့်ပြန်သေးပါဘူး။
ပီလိုစီဟာ ထိုင်ဝမ်ကို ဩဂုတ်လမှာ သွားရောက်မယ်လို့ ဖိုင်နင်ရှယ်တိုင်းမ်က တနင်္လာနေ့တုန်းက သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ ထိုင်ဝမ်သွားရောက်မယ့်ကိစ္စဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုအပေါ် ပြင်းထန်စွာ အနှောက်အယှက်ပေးမှုဖြစ်လိမ့်မယ်။ အမေရိကန်ပြည်ထောင်စုဟာ တရုတ်ရဲ့ တုန့်ပြန်မှု အကျိုးဆက်ကို ခံရလိမ့်မယ်လို့ အဲဒီသတင်းပါရှိပြီးနောက်တစ်နေ့မှာပဲ တရုတ်နိင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဒီလကုန် မှာပြောဆိုဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
“စစ်ရေး စဉ်းစား စိတ်ကူးတာဟာ အခုအချိန်မှာ ကောင်းတဲ့စိတ်ကူးမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒါဟာ ဘယ်လိုအခြေအနေရှိနေတယ် ကျွန်တော်မသိဘူး” လို့ ဘိုင်ဒင်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
#Source_Reuters
#Taiwan_Pelosi_Visit
#US_China_Tension
#Taiwan_crisis
Published 23 July 2022
မြန်မာနိုင်ငံတွင် အထက်တန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်နိုင်တဲ့ အဆင့်ရှိတဲ့သူတွေ လွန်စွာနည်းပါးနေတဲ့အတွက် ဆယ်စုနှစ်များစွာဆိုပါက နိုင်ငံအတွက် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေတယ်လို့လို့ နစက ဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၃ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားတွေ ဂုဏ်ပြုပွဲတစ်ခုမှာဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တန်းစဉ်ကူးပြောင်းနိုင်မှုမရှိဘဲ လျော့နည်းသွားတဲ့အင်အားဟာ မူလတန်းမှာ ၃၁.၈၈ ရာခိုင်နှုန်းနှင့် အလယ်တန်းတွင် ၂၇.၆၅ ရာခိုင်နှုန်း ရှိနေတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့အရ နိုင်ငံသားအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ဟာ အလယ်တန်းအဆင့်အထိသာပညာသင်ကြားခဲ့ကြရတာကိုတွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
အဲဒါကြောင့် စနစ်သစ်ပညာရေးကို KG-12 အထိ ဖော်ဆောင်လျက်ရှိပြီး မူလတန်းပညာ မသင်မနေရ ပြဋ္ဌာန်းထားပေမယ့် နစက အနေနှင့် KG-9အခြေခံပညာအလယ်တန်းအဆင့်အထိ ပညာသင်ကြားခွင့်ရရေးနှင့် အောင်မြင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
ယခုအခမ်းအနားမှာ ၂၀၁၉-၂၀၂၀နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းမှာထူးချွန်စွာအောင်မြင်ခဲ့တဲ့ တပ်မတော်စစ်သည်တွေ၊စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းတွေရဲ့သားသမီးတွေ၊စစ်သည်အစားခန့်အရပ်ဘက်ဝန်ထမ်းတွေ ရဲ့သားသမီးတွေနှင့်ဘက်စုံပညာထူးချွန်သည့်လူငယ်တွေကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။
#ymg/knl
#Myanmar_eduation
Published 23 July 2022
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အာရီဇိုနားပြည်နယ်မှာ လာမယ့် ရီပတ်ဘလီကင် ပထမအဆင့် ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင် ၂၂ရက်က လူထုစည်းဝေးပွဲကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ထရမ့်က အမေရိကန်ကပ္ပီတယ်လ် တိုက်ခိုက်မှုကိစ္စ ကွန်ဂယက်ကြားနာနေမှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သူ့ကို ပုံစံအမျိုးမျိုးနှင့် လုပ်ကြံဖျက်ဆီးနေကြတာ ဖြစ်ပြီး ဒါဟာ လုပ်ဇာတ်သက်သက်သာဖြစ်တယ်လို့လည်းသူကပြောလိုက်ပါတယ်။
အဆိုးရွားဆုံးသမ္မတ ငါးဦးပေါင်းပြီး လုပ်ခဲ့တာတွေက ဂျိုးဘိုင်ဒင်တစ်ယောက်တည်းက တိုင်းပြည်ဖျက်စီးခဲ့တာလောက်ကိုမရှိဘူးလို့လည်း သမ္မတဘိုင်ဒင်ကို သူက တိုက်ခိုက်လိုက်ပါတယ်။
#Source_AFP
#Trump_attacks_Biden
#Arizona_Republicans_rally
#Trump_Biden
Published-23 July 2022
ထိုင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနှင့် သူ့ရဲ့ ဝန်ကြီး၁၀ ဦးကို စနေနေ့က အယုံအကြည်မရှိ အဆို ပါလီမန်တွင် မဲခွဲရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့ ၁၁လ အလိုမှာ ပရာရွတ်ကို နောက်ဆုံး စမ်းသပ်ခြင်းတစ်ခုဖြစ်ပါတယ်။
အသက်၆၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းစစ်တပ်ဦးစီးချုပ်ဟောင်းဖြစ်တဲ့ ပရာရွတ်ဟာ ၂၀၁၄ခုနှစ်က ထိုင်းမှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။သူ့ကို အယုံအကြည်မရှိအဆိုမှာ သူ့ကိုထောက်ခံမဲ ၂၅၆ မဲ၊ကန့်ကွက်မဲ ၂၀၆မဲ နှင့် မဲမပေးသူ ၉ ဦး ရှိခဲ့ပါတယ်။ သူ့ရဲ့ ဒုဝန်ကြီးချုပ်(၃)ဦးနှင့် ဝန်ကြီး(၇)ဦးလည်း မဲခွဲရာမှာ အနိုင်ရရှိခဲ့ကြပါတယ်။
အတိုက်အခံတွေအနေနှင့် ဝန်ကြီးချုပ်ကို ထုတ်ပယ်ပစ်ဖို့ ပါလီမန်အမတ်နေရာ ၄၇၇ ဦးမှာ အနည်းဆုံးမဲ ၂၃၉ မဲရရှိဖို့လိုအပ်ပါတယ်။
“ အခုဆိုအပြစ်တင်တဲ့ ငြင်းခုံပွဲက ပြီးဆုံးသွားပြီမို့ နိုင်ငံနှင့်ပြည်သူတွေအတွက် ကျွန်တော်တို့နှင့်လက်တွဲလုပ်ဖို့ အတိုက်အခံ တွေကို တိုက်တွန်းပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ သန်နက်ခွန် ဝန်ဘွန်ကွန်ချန်နာကပြောပါတယ်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီး(၁၀)ဦးတို့ကို အဂတိလိုက်စားမှုတွေနှင့် စီးပွာရေးစီမံခန့်ခွဲမှု အလွဲအမှားတွေရှိတယ်လို့ စွပ်စွဲပြီး အတိုက်အခံတွေက (၄)ရက်တိုင်တိုင် ရုပ်မြင်သံကြားမှာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ပြီး အခြေအတင်ပြောဆိုခဲ့ကြပါတယ်။ဒါဟာ ရွေးကောက်ပွဲမတိုင်ခင် ၁၇ပါတီညွန့်ပေါင်းအစိုးရကို သိက္ခာချဖို့ကြိုးစားခြင်း လည်းဖြစ်ပါတယ်။
ပရာရွတ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ ၂၀၂၉ခုနှစ်ကစပြီး သူ့ရဲ့ လုပ်ရည်ကိုင်ရည်နှင့်ပတ်သက်လို့ ယခုလိုပြစ်တင်မဲခွဲခဲ့ကြတာ ဟာ ယခုအကြိမ်နှင့်ဆို လေးကြိမ်မြောက်ရှိပါပြီ။ ရွေးကောက်ပွဲဟာ သူ့ကိုအာဏာတည်မြဲအောင် အခင်းအကျင်းလုပ်ထားပြီး ကျင်းပတာဖြစ်တယ်လို့ အတိုက်အခံတွေက ပြောကြပေမယ့် သူက အဲဒါတွေကိုပယ်ချခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲဘယ်တော့လုပ်မလဲဆိုတာကို ပရာရွတ်က ယခုထက်တိုင် အရိပ်အယောင်တောင်မပြောသေးဘဲ ရှိပါတယ်။
#Source_Reuters
#Thailand_Politics
#Prayuth_Wins_No-confidence_Vote
#Thai_Government_survives
Published 23 July 2022
ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကနိုင်ငံတကာတရားဥပဒေများနှင့်အညီ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည် ဆောင်ရွက်သွားမယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာတရားဥပဒေကို အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းဖြစ်တာနှင့်အညီ ICJ ဟာ မှန်ကန်တဲ့
ICJ တရားရုံးက မြန်မာနိုင်ငံက တင်သွင်းတဲ့ ကန့်ကွက်ချက်တွေကိုပယ်ချတာဟာ ကမ္ဘာ့နိုင်ငံတွေအပေါ် သက်ရောက်မှုရှိတယ်လို့လည်းသူကပြောပါတယ်။
"နိုင်ငံတကာဥပဒေဆိုတာကကျွန်တော်တို့ပြည်တွင်းဥပဒေတွေလိုပုဒ်မတွေပြဌာန်းထားမှုတွေမရှိပါဘူး။သူကနိုင်ငံတကာတရားဥပဒေမှာကစီရင်ဆုံးဖြတ်တာတွေကဘယ်အပေါ်မှာမူတည်သလဲဆိုရင်နံပါတ်တစ်ကအရင်တုန်းကပြုလုပ်ခဲ့တဲ့စီရင်ထုံး တွေနံပါတ်နှစ်ကတော့အစဉ်အလာတွေပေါ့၊နံပါတ်သုံးကတော့ဥပဒေပညာရှင်တွေရဲ့အဆိုအမိန့်တွေမှာမူတည်ပြီးတော့အကြမ်းအားဖြင့်ဆုံးဖြတ်တာပေါ့။အခုအချိန်မှာတော့ဒီဆုံးဖြတ်ချက်ကမြန်မာနိုင်ငံအပေါ်မှာအကျိုးသက်ရောက်မှူရှိလိမ့်မယ်လိုအားလုံးကပြောတာပါပဲ။သို့သော်တကယ်တွက်ကြည့်ရင်ဒီဆုံးဖြတ်ချက်သည်စီရင်ထုံးဖြစ်သွားတာဖြစ်တယ်။စီရင်ထုံးဖြစ်သွားတာဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအားလုံးအပေါ်မှာသက်ရောက်ပါတယ်။ကျွန်တော်တို့အနေနဲ့ကရှေ့ဆက်လက်ပြီး တော့တရားဥပဒေနဲ့အညီ ၊ နိုင်ငံတကာတရားဥပဒေနဲ့အညီ မြန်မာနိုင်ငံအစိုးရအနေနဲ့ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိုင်စီဂျေအနေနဲ့လည်းနိုင်ငံတကာတရားဥပဒေကိုအဓိကကိုယ်တွယ်ဆုံးဖြတ်ရတဲ့အဖွဲအစည်းဖြစ်တာနဲ့အညီ နိုင်ငံတကာတရားဥပဒေမှာမှန်ကန်တဲ့မှတ်ကျောက်အတင်ခံနိုင်လိမ့်မယ်လို့ကျွန်တော်ဆက်လက် မျှော်လင့်ထားလျက်ရှိပါတယ်။နံပါတ်သုံးကတော့ကျွန်တော်တို့ကုလသမဂ္ဂမှာအဓိကပင်မအဖွဲ့အစည်း(၆)ဖွဲ့ရှိပါတယ်။အဲဒီ(၆)ဖွဲ့ထဲမှာအိုင်စီဂျေက လည်းအပါအဝင်ပဲ၊သူကတရားစီရင် ရေးမဏ္ဍိုင်ပေါ့။ကျန်တဲ့အဖွဲ့တွေကြားထဲမှာကုလသမဂ္ဂရဲ့ပင်မအဖွဲအစည်း(၆)ဖွဲ့ထဲမှာအိုင်စီဂျေမှအပ ကျန်တဲ့အဖွဲ့တွေကမြန်မာနိုင်ငံအစိုးရ ကျွန်တော်တို့ရပ်တည်မှုနဲ့ပတ်သက်ပြီးသံသယရှိတယ်၊အငြင်းပွားဖွယ် ပေါ့ဗျာ။ဒါတွေ ဆောင်ရွက်နေတာရှိတယ်။သို့သော်အိုင်စီဂျေအနေနဲ့ကမြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားလှယ်တွေကိုလက်ခံပြီး ဆောင်ရွက်ခဲ့ခြင်းကတရားဥပဒေအရပေါ့၊နိုင်ငံတကာတရားဥပဒေအရမြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကိုဒါအသိအမှတ်ပြုတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်"လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံအနေနဲ့ သူတို့အခေါ် ရိုဟင်ဂျာမွတ်ဆလင်(ဘင်္ဂါဘီ) တွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ အမှုမှာ ICJ တရားရုံးကနေ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့မြန်မာဘက် က တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်ချက် လေးချက်လုံးကို တရားသူကြီးတွေက ပယ်ချပြီး တရားရုံးကနေ ဒီအမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်လိုက်တာပါ။
မြန်မာဘက်က တင်သွင်းခဲ့တာမှာ ပထမ ကန့်ကွက်ချက်အနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ အမှန်တကယ် တရားစွဲဆို တိုင်ကြားသူဟာ ဂမ်ဘီယာ နိုင်ငံမဟုတ်ဘဲ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OIC)က နောက်ကွယ်က စေခိုင်းနေတာဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
ဒုတိယ ကန့်ကွက်ချက် ကတော့ တရားစွဲဆိုသူ ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ဒီအမှု မှာ တိုက်ရိုက် ထိခိုက်နစ်နာမှုမရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူညီ ချက် ဂျနီဗာ ကွန်ဗင်းရှင်းရဲ့ အခန်း (ဂ) အရ ICJ တရားရုံးကနေ စီရင်ခွင့် မရှိဘူးဆိုတာ ဖြစ်ပါတယ်။
တတိယ ကန့်ကွက်ချက် ကတော့ ICJ တရားရုံးဟာ နိုင်ငံတွေအကြားမှာ အငြင်းပွားမှု တွေကို စစ်ဆေး ဆုံးဖြတ်ပေးရတာ ဖြစ်ပြီး ဂမ်ဘီယာဘက်က တရားစွဲဆိုချိန်မှာ မြန်မာ နိုင်ငံနဲ့ အငြင်းပွားမှု မရှိတဲ့အတွက် တရားရုံးအနေနဲ့ စီရင်စစ်ဆေးခွင့် မရှိတဲ့အ ကြောင်းကိုတော့ စတုတ္ထ ကန့်ကွက်ချက်အဖြစ် တင်သွင်းခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းကသူတို့အခေါ် (ရိုဟင်ဂျာမွတ်ဆလင်) တွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်တာတွေလုပ်တယ်လို့စွပ်စွဲပြီး လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးကွန်ဗင်းရှင်းပါ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ ၂၀၁၉ ခုနှစ်မှာ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ymg/mt
Yangon_Media_Group
#ICJ_Myanmar
#Myanmar_Politics
Published 21 July 2022
သမ္မတ ဘိုင်ဒင် ကိုဗစ်-၁၉ကူးစက်ခံရကြောင်း ဇူလိုင်၂၁ ရက်ကြာသပတေးနေ့မှာ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
သူဟာ ကာကွယ်ဆေးအပြည့်ထိုးထားပြီး အားမြှင့်ကာကွယ်ဆေးက နှစ်ကြိမ်ထိုးထားပြီးသားပါ လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ကက်သရင်း ဂျိန်း ပီယားက ပြောပါတယ်။
“ သူဟာ ရောဂါလက္ခဏာ အပျော့စားပဲ ခံစားရပါတယ်” လို့ သူမကပြောပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ဟာ Paxlovid ဆေးကို စတင်သောက်နေပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ အဲဒီဆေးဟာ ကိုဗစ်ကူးစက်ခံရရင် အန္တရာယ်မြင့်မားစွာရှိနေနိုင်တဲ့သူတွေ အထူးသဖြင့် အသက်၅၀ကျော်တွေအတွက် ကုဆေးတစ်မျိုးဖြစ်ပါတယ်။
ဘိုင်ဒင်ကို အိမ်ဖြူတော်မှာ သီးသန့်ခွဲထားပြီး အဲဒီသီးသန့်ခွဲထားတဲ့ကာလအတွင်း သူ့တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ ဂျိန်းပီယားရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူဟာ ဒီမကန်မှာ အိမ်ဖြူတော်ဝန်ထမ်းတွေကို ဖုန်းနှင့်ဆက်သွယ်ခဲ့တယ်။ဒီမနက်မှာပဲ အိမ်ဖြူတော်မှာ ကြိုတင်စီစဉ်ထားတဲ့ အစည်းအဝေးတစ်ခုကို ဖုန်းနှင့်သို့မဟုတ် အိမ်ကနေ Zoom နှင့်တက်ရောက်လိမ့်မယ်လို့ သူမက ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ကို ကိုဗစ်နောက်ဆုံးစစ်ဆေးခဲ့တုန်းကတော့ နဂ္ဂတစ်အဖြေထွက်ခဲ့တာဖြစ်ပါတယ်?
အသက်၇၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတ ဘိုင်ဒင်ဟာ အသက်၅၀ကျော်တွေ ဖိုင်ဇာ အားမြှင့်ကာကွယ်ဆေး ထိုးနှံခွင့်ပြုလိုက်တဲ့ မတ်လမှာပဲ ဖိုင်ဇာကာကွယ်ဆေးကို စတုတ္ထအကြိမ်အဖြစ် ထိုးနှံခဲ့တာဖြစ်ပါတယ်။
Source:NPR
Page 149 of 208