#Local_News
Published_27 July 2022
မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်း ကားလုယူ၊လူသတ်ကာ အလောင်းကို လမ်းဘေး၌ စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ကူညီကယ်ဆယ်ရေး ရွှေမဉ္ဇူ ပရဟိတအသင်းဝင်တစ်ဦးပြောပြချက်အရ ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးတွင် မျက်ကွင်းများညိုမဲကာ နှာခေါင်းထဲမှ သွေးထွက်နေပြီး မှောက်လျက်အနေထားဖြင့် သေဆုံးနေသည်ကို ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနှင့် (၁၃၉)လမ်းကြား၊ (၇၇)လမ်း နှင့် (၇၈)လမ်းကြား လမ်းဘေး၌ တွေ့ရှိသည့်အတွက် မိသားစုများ သိရှိစေရန် လူမှုကွန်ရက်တွင် သတင်းတင်ခဲ့ရကြောင်း သိရသည်။
"ဆေးရုံကြီး ရေခဲတိုက်ကိုပို့ပေးခဲ့ပါတယ်၊ အလောင်းပိုင်ရှင်တွေနဲ့လည်းအဆက်သွယ်ရပါပြီဗျ။ သတ်ခံထားရတာပါ"ဟု အဆိုပါ ပရဟိတ လုပ်ငန်းလုပ်နေသူက ပြောသည်။
အဆိုပါ အသတ်ခံရထားရသူမှာ အသက် ၃၀ ခန့်အရွယ် ကိုရဲကိုထက် ဖြစ်ပြီး အမရပူရမြို့နယ်၊ မြစ်လောင်းရွာမှာတွင် နေထိုင်သူဖြစ်ကာ ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီခန့်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်စက်မှုဘက်သို နေအိမ်မှ ထွက်သွားစဉ် ကားကို အလုခံရကာ လူကိုသတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေး အမှုဖွင့်ဆောင်ရွက်နေကြောင်း အုပ်ချုပ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_27 July 2022
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြန်ဝင်လာ၍ လက်ခံထားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်သည်။
"သူတို့စွပ်စွဲနေသလို ပုဂ္ဂိုလ်ရေးအရဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး၊တရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအရလုပ်ခဲ့တာဖြစ်ပါတယ်၊ သူတို့စွပ်စွဲနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုလုပ်တယ်လို့ မဟုတ်မမှန်စွပ်စွဲပါတယ်။ အဲဒီလိုမဟုတ်ပါဘူး၊ ဘာမှလည်းမဆိုင်ပါဘူး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကို အရေးယူတယ်ဆိုရင် ငပုတောအမတ် ပြန်ဝင်လာတယ်၊ ကျွန်တော်တို့လက်ခံတယ်၊ မြန်မာနိုင်ငံထဲမှာ လေးပုံသုံးပုံရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်ဟောင်းတွေ ဒီအတိုင်းအေးအေးဆေးဆေးရှိနေပါတယ်၊ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားမှုလုပ်လို့ အရေးယူတာမဟုတ်ဘူးလေ"ဟု သတင်းစာရှင်းလင်းပွဲတွင် ပြစ်ဒဏ်စီရင်မှုနှင့် ပတ်သက်၍ မီဒီယာများ မေးမြန်းမှုအပေါ် ပြန်လည်ပြောကြားရာ ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် နစကထံ လက်နက်ချသွားသည်ဆိုသော PDF အဖွဲ့ဝင် ၅ ဦးအနက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ငပုတောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) က အရွေးချယ်ခံထားရသော ဦးသက်ပိုင်စိုး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့မှာ ပုဒ်မ-၅၀၅ (က) ဖြင့် ဝရမ်း ထုတ်ခံရသူများဖြစ်ပြီး တိမ်းရှောင်နေရာမှ ပြန်လာကြခြင်းဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်က ခံဝန် လက်မှတ်ရေးထိုးထားကြကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့် နှစ်၊ ရွေးကောက်ပွဲတွင် အရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအနက် မြောင်းမြမြို့နယ်မှ NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း နစကထံ ခံဝန်လက်မှတ်ရေးထိုးထားကြောင်း သတင်းရရှိသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 27 July 2022
ပြည်တွင်းဒေါ်လာဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်နေမှုကို ထိန်းညှိနိုင်ရေးအတွက် လက်ရှိကမ္ဘာ့ပေါက်ဈေးများနှင့် ချိန်ညှိကာ လုပ်ဆောင်နေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။
ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒေါ်လာဈေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားငွေ သုံးစွဲရေး ကြီးကြပ်မှု ကော်မတီကနေ ဦးစီးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ပေါက်ဈေးနဲ့ ချိန်နေတာ ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇူလိုင်လ အစောပိုင်းအတွင်းမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ ဆောင်ရွက်နေသည့် ကုမ္ပဏီများအပေါ် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ဗဟိုဘဏ်ကကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ပြည်တွင်း ဒေါ် လာဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဒေါ်လာဈေး မငြိမ်သက်မှုများ ဖြစ်ပေါ်မှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအကြား စိုးရိမ်မှုများမြင့်တက်ခဲ့သလို ရွှေ၊ ဆန်၊ ဆီနှင့် ဆေးဝါးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း သိသိသာသာမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လ ဒုတိယပတ်အတွင်း၌ ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ကန့်သတ်ချက်များတွင် နိုင်ငံ ခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ယခင်က ကင်းလွတ်ခွင့်ပြုထားသည့် ရင်နှီးမြှုပ်နှံမှုကုမ္ပဏီများကို ၎င်းတို့ပိုင် ဒေါ်လာများအား ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း တစ်ဒေါ်လာလျင် ၁၈၅၀ ကျပ်ဖြင့် ကျပ်ငွေသို့ လဲလည်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ညွှန်ကြားပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမှာ မြင့်တက်လာခဲ့ရာ လက်ရှိတွင် ဈေးကွက်အတွင်း၌ အမေရိကန်(၁)ဒေါ်လာလျင် မြန်မာငွေ (၂၄၀၀) ဝန်းကျင် ပေါက်ဈေးရှိနေခြင်း ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 27 July 2022
၂၀၂၂ ခုနှစ်ဘဏ္ဍာနှစ် ၃ လ ကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၃ သိန်း ၉ သောင်းကျော်တင်ပို့ခဲ့ပြီးနယ်စပ်မှ တန်ချိန် ၁ သိန်း ၄ သောင်းနီးပါး တင်ပိုခဲ့ကာစုစုပေါင်း တန်ချိန် ၅ သိန်း ၃ သောင်း ၁ ထောင်ကျော်အထိ တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းကို အများဆုံး တင်ပို့ထားပြီး တန်ချိန် ၂ သိန်း ၇ သောင်းနီးပါးအထိရှိကြောင်း၊ မတ်ပဲ တင်ပို့မှုသည် တန်ချိန် ၁ သိန်း ၁ သောင်းကျော်နှင့် ပဲစဉ်းငုံ တင်ပို့မှုသည် တန်ချိန် ၇၇၀၀ ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ယင်းအပြင် ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ၁ ဒေါ်လာ ၁,၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မြန်မာငွေလဲလှယ်ရမည်ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်ကြောင့် Export လုပ်နေသည့် ကုန်သည်များ တင်ပိုသည့်လုပ်ငန်းများ အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် စျေးကွက်မှာ ငြိမ်နေခြင်းဖြစ်ကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများကိုလည်း ပဲမျိုးစုံတင်ပို့နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 27 July 2022
ပြည်တွင်း၌ ကိုဗစ်ကူးစက်နှုန်းသိသိသာသာလျော့နည်းလာသော်လည်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါကြေညာချက်တွင် အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သောနေရာများ၌လူအများနှင့် အတူရှိနေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်းစသည့်အနေအထားတိုတွင် တပ်ဆင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးရန် တိုက်တွန်းထားပြီး ကိုဗစ်လူနာများကိုလည်း သက်ဆိုင်ရာဆေးရုံများတွင်သာ လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေမှာ ၆၁၃,၉၈၀ ယောက် ရှိပြီး ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၈၃၆ ယောက် ရှိခဲ့ကြောင်း၊ ယင်းအပြင်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူမရှိပဲ စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ၁၉,၄၃၄ ယောက် ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_27 July 2022
မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၃၇ ဦး ပြည်တော်ပြန်ခွင့်ရရေးအတွက် ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအရာရှိနှင့် တာဝန်ရှိသူများက စီစဉ်နေကြောင်း သိရသည်။
ဇူလိုင်လ ၂၆ ရက်တွင် ယင်းတို့ ပြည်တော်ပြန်ခွင့်ရရှိရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်သည့် အထောက်အထားပြည့်စုံသူများအား ဦးစားပေးကာ အမြန်ဆုံး စီစဉ်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်ဒဏ်ကျခံပြီးသော်လည်း ထိန်းသိမ်းရေး စခန်းများတွင် ဆက်လက်ထိန်းသိမ်းခံနေသည့်အတွက် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် မြန်မာသံရုံးက အမြန် စီစဉ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_27 July 2022
တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားအသစ် ၁၄၂ ဦး ထပ်မံသွားရောက်ကြကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အလုပ်သမားများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၂၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၁၉)ဦး တို့ဖြစ်ကြောင်း၊ ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ဇူလိုင်လ ၂၆ ရက်တွင် ရောက်ရှိခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတို့အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း အလုပ်သမားရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
Page 1417 of 1768