#Local_News
Published_28 July 2022
ဇူလိုင်လအတွင်း အောင်လံ၊ မှော်ဘီ၊ ပဲခူး၊ ဖျာပုံ အပါအဝင်ဒေသ(၇)ခု၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်များတင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်၊၊
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဇူလိုင်လ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များမှာ အောင်လံတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၃၈)နှစ်က အမြင့်ဆုံးအပူချိန် (၃၆.၉) ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၈.၃)ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ပြည်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၆.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၇.၀) ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ပဲခူးတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၅.၀)ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၇) ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ဘီးလင်းတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၅)ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
မော်လမြိုင်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍လွန်ခဲ့သော နှစ်ပေါင်း(၇၀)က အမြင့်ဆုံးအပူချိန် (၃၄.၉) ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၂) ဒီဂရီစင်တီဂရိတ် တင်ခဲ့သည်၊၊
မှော်ဘီတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း (၆၉)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့် (၃၅.၀)ဒီဂရီစင်တီဂရိတ် တင်ခဲ့သည်၊၊
ဖျာပုံတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၂၁)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၄.၈) ဒီဂရီစင်တီဂရိတ်တင်ခဲ့ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 28 July 2022
လာမယ့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဖရဲ၊ သခွားရာသီရောက်တော့မည်ဖြစ်သည့်အတွက် အဆိုပါအသီးများကို စစ်ကိုင်းတိုင်းတွင် အများဆုံးစိုက်ပျိုးပြီး နယ်မြေမအေးချမ်းမှုကြောင့် ပြည်ပတင်ပို့မှုအခြေအနေနှင့် ပတ်သက်၍ မှန်းဆရန်ခက်နေကြောင်း သစ်သီးဝလံနှင့်ပန်းမန်အသင်းမှ သိရသည်။
"အဲဒီဒေသတွေမှာ နယ်မြေမငြိမ်းချမ်းတော့ အများဆုံးစိုက်တာက စစ်ကိုင်းမှာဆိုတော့လေ။ အဲဒီဘက်က အခြေအနေတွေကိုလည်း ကျွန်တော်တို့က မသိရဘူး"ဟုသစ်သီးဝလံနှင့်ပန်းမန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖရဲသီး၊ သခွားမွှေးများကို တရုတ်ဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချခြင်းဖြစ်ပြီး တန်ချိန် ၆ သိန်းကျော်အထိ တင်ပို့ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင်ပြီးခဲ့တဲ့နှစ်များတွင် ကုန်သွယ်ရေးလမ်းကြောင်း အဆင်မပြေမှုများကြောင့် တင်ပို့မှုပမာဏ ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် ကုန်သွယ်မှုအခြေအနေနှင့် နယ်မြေမအေးချမ်းမှုများကြောင့် တင်ပို့မှုပမာဏ ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။
ဖရဲ၊ သခွားရာသီချိန်သည် မကြာခင် ပြန်လည်စတင်တော့မည်ဖြစ်သော်လည်း ဖရဲသီး၊ သခွားမွှေးများ အဓိကတင်ပို့နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသည်လည်း ကြိုတင်ခန့်မှန်းလို့မရနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်များမှ ခန့်မှန်းထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 28 July 2022
မြန်မာ့ပဲပုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇူလိုင် ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပပြီး Yuan Long Ping High-Tech Agriculture Co., Ltd. မှ တာဝန်ယူကျင်းပတဲ့ ပဲပုပ်နည်းပညာဆိုင်ရာ သင်တန်းကို အွန်လိုင်းမှ ကျင်းပခဲ့ကြောင်းသိရပါတယ်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ဟူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနှင့် Long Ping အဆင့်မြင့် သိပ္ပံနည်းပညာ နိုင်ငံတကာလေ့ကျင့်ရေးကောလိပ်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး ဌာနမှ သင်တန်းသား ၄၀ ဦး တက်ရောက်ခဲ့ကြပါတယ်။
Mr. Tan Shufu က စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ ဘက်စုံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါအကြောင်းအရာဖြစ်ပြီး နှစ်ဦးနှစ်ဖက် စိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ လူတော်လူချွန် ကူးလူးဖလှယ်မှု၊ ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတဲ့ နယ်ပယ်များ၌ ရလဒ်ကောင်းများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မိရိုးဖလာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးအတွက် သဘာဝဂေဟအခြေအနေ သာလွန်ကောင်းမွန်ကာ ပဲစိုက်ပျိုးမှုလုပ်ငန်း အခြေခံကောင်းမွန်သဖြင့် ပဲပုပ်စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရန် သင့်လျော်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပဲပုပ်တင်သွင်းတဲ့နိုင်ငံဖြစ်ရာ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အလားအလာများကောင်းများ ရှိကြောင်း သိရပါတယ်။
သင်တန်းကာလမှာ ၂၁ ရက် ကြာမြင့်မည်ဖြစ်ပြီး သင်ခန်းစာအတွင်း ပဲပုပ်ပျိုး ထောင်မှုနည်းလမ်းများ၊ ပဲပုပ်၏ အာဟာရထူးခြားချက်များနှင့် ပဲပုပ်ပျိုးထောင်မှု အတွင်း မြေသြဇာကျွေးခြင်း၊ ဇီဝနည်းပညာအသုံးချခြင်းစတဲ့ ခေါင်းစဉ်အကြောင်းအရာများ ပါဝင်းကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published - 28 July 2022
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့်စျေးနှုန်းထက် ပြင်ပစျေးကွက်တွင် ၂၂ သိန်းအထက်တွင်ရှိနေကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေစျေးကွက်အတွင်းမှ သိရသည်။
ယနေ့ဈေးကွက်ပေါက်ဈေးသည် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ပတ်ချာလည်သာ ရှိသော်လည်း ပြင်ပဒေါ်လာပေါက်ဈေးကို အခြေခံတွက်ချက်ပြီး ဝယ်/ရောင်းလုပ်ကြသည့် ပြင်ပဈေးကွက်တွင် ကျပ် ၂၂ သိန်းအထက်ကို ရောက်ရှိနေခြင်းဖြစ်သည်။
ပြည်တွင်းရွှေစျေးကွက်တွင် ဖြစ်ပေါ်နေသည့် ၂၂ သိန်းကျော် ပေါက်စျေးသည် စျေးကစားကြသူများ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး ထွက်ပေါ်နေသည့်သတင်းများမှာလည်း အမှန်မဟုတ်ပဲ ကောလဟာလများသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က YMG ကိုပြောသည်။
ယင်းအပြင် ကျပ် ၂၂ သိန်းအထက် ရောက်ရှိနေသည့် ရွှေဈေးကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နိုင်သည့် အခြေအနေတွင်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၆ ရက်ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းသည်လည်း ယင်းကဲ့သို့စျေးတတ်လာရခြင်းဖြစ်ကြောင်း၊ ယင်းအပြင်ရန်ကုန်ရွှေအသင်းအနေဖြင့် တရားမဝင်ရွှေရောင်းချသူများ မရှိစေရန်နှင့် စျေးကစားခြင်းမပြုစေရန် ရည်ရွယ်၍ မီးလင်းရွှေအတုံး အခဲအရောင်း အဝယ်ပြုလုပ်သူများကို လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် အသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့် ရွှေဆိုင်များကိုလည်း ရွှေအရောင်း အဝယ်လိုင်စင်ပြုလုပ်ကြရန်ထုတ်ပြန်ကြေညာထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 28 July 2022
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၇ ဦး နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဇူလိုင် ၂၇ ရက်နေ့တွင် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီး၍ လင်ကင်းကန့်နှင့် Bidor ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၄၇ ဦးတို့အား နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် ဇူလိုင် ၂၆ ရက်နေ့တွင်လည်း မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ သံအရာရှိနှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံ Juru ထိန်းသိမ်းရေးစခန်းနှင့် Bidor ထိန်းသိမ်းရေး စခန်းမှ မြန်မာနိုင်ငံသား ၄၄ ဦးအား သွားရောက်တွေ့ဆုံ စစ်ဆေးခြင်းနှင့် အားပေးစကားများ ပြောကြားခဲ့ပြီး အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_28 July 2022
ရန်ကုန်မြို့ရှိ အမေရိကန် နိုင်ငံသားများ သတိထား၍ သွားလာနေထိုင်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇူလိုင်လ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
ရန်ကုန်တွင် နစက လုံခြုံရေးအဖွဲ့များအပေါ် တိုက်ခိုက်မှုများ အချိန်မရွေး နေရာမရွေး ဖြစ်ပွားနိုင်သည်ဟု လူမှုကွန်ရက်ပေါ်တွင် သတိပေးထားသည်များ ရှိလာသည်ကို သတိပြုမိသောကြောင့် သတိဖြင့် နေထိုင်ရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်နိုင်ခြေကို အားလုံးက ကြိုတင်ခန့်မှန်းထားသင့်ကြောင်းနှင့် lockdown ကြေငြာခြင်း သို့မဟုတ် မြို့အနှံ သွားလာလှုပ်ရှားမှုများ အလွန်အန္တရာယ်များလာပါက တစ်ပတ်စာ အစားအသောက်၊ ရေနှင့် ဆေးဝါးများ ရရှိရန်၊ ပတ်ဝန်းကျင်လုံခြုံရေးနှင့် ဆက်သွယ်ပြောဆိုနိုင်မှုကိစ္စများကိုလည်း အာရုံစိုက်ရန် ဖော်ပြထားသည်။
နိုင်ငံခြားသားများအား ခြိမ်းခြောက်မှု အတိအကျမရှိသော်လည်း မှားယွင်းမှုများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် စိုးရိမ်ရသည့်အတွက် ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 July 2022
အမျိုးသမီးနှစ်ဦးအား ယွမ်တစ်သိန်းခွဲနှင့် သုံးသောင်းတို့ဖြင့် ရောင်းစားခဲ့သူများ အလုပ်နှင့်ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအားသူ၏ ရည်းစားဖြစ်သူ ထန်းတပင်မြို့နယ်နေ စိုးထွန်းအောင်က မန္တလေးမြို့သို့သွားရောက် အလုပ်လုပ်ကိုင်ကာ လက်ထပ်ပေါင်းသင်းမည်ဟု ပြောဆိုစည်းရုံး၍ စိုးထွန်းအောင်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ အောင်အောင်တို့က မူဆယ်မြိုမှတစ်ဆင့် ရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ ယွမ် ၃၀၀၀၀ ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်သည်။
ကာယကံရှင်များက လှိုင်သာယာမြိုမ ရဲစခန်း(ပ) ၃၈၃၅/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက် တွင် တရားခံ စိုးထွန်းအောင်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား တစ်မြို့တည်းနေ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ)သဲနု(ခ)မီမီဝင်းဌေး၊ ရှမ်းလေး (ခ)ရဲထွဋ်၊ ကျော်ထွန်းဦး (ခ)ဦးထွေးနှင့် ဆောင်းနှင်းဝေတို ငါးဦးက အငှားကိုယ်ဝန်ဆောင်သည့် အလုပ်လုပ်ပါက တစ်နှစ်လျှင် ကျပ်သိန်း ၅၀ ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံကွမ်တုံမြို့ရှိ တရုတ်အမျိုးသားထံ ယွမ် ၁၅၀၀၀၀ ဖြင့် ပို့ဆောင်ရောင်းစားခဲ့ကြခြင်း ဖြစ်သည်။
အမှုကို သီပေါမြို့မရဲစခန်းက (ပ)၉၈/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် ရေးဖွင့်ကာ ကျောက်မဲခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ခြင်းဖြစ်ပြီး တရားခံ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ) သဲနု(ခ)မီမီဝင်းဌေးနှင့် ရှမ်းလေး(ခ)ရဲထွဋ်တို သုံးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ဇူလိုင်လ ၂၂ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1414 of 1768