#Local_News
Published_1 August 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လေပြင်းတိုက်ပြီး လူနေအိမ်ပေါ်သစ်ပင်လဲကျ လူ(၁)ဦးသေ ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်၊၊
ဇူလိုင်လ ၃၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်၊ သာစည်လမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၁) လုံးပေါ်သို့ သစ်ပင်လဲကျ၍ လူ(၁) ဦး ပိမိနေပြီးသေဆုံးခဲ့ခြင်းဖြစ်သည်၊၊
ယင်းဖြစ်စဉ်တွင် မုံရွာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ သစ်ပင်လဲကျ၍ ပိမိနေသူ ကျား(၁)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
အခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းခြင်း၏ နောက်ဆက်တွဲအဖြစ် မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းများကြုံတွေ့နိုင်ကြောင်း မိုး/ဇလမှ သတိပေးထားပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်တော့ လူတစ်ဦးပါ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published -1 August 2022
ပြည်ပတင်ပို့မှုမရှိသည့် ပြောင်းစျေးနှုန်းမှာ ယခင်ထက်ကျဆင်းလာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ဇူလိုင်လအတွင်း ပြောင်းဈေးနှုန်းသည် ဇွန်လထက် ၂၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားကြောင်း၊ ယင်းအပြင် မူဝါဒအပြောင်းအလဲကြောင့် Normal Trade အပြင် Border Trade ပါ တင်ပို့မှု မရှိသလောက်ဖြစ်နေသည့်အတွက် ပြောင်းစျေးနှုန်း ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။
လက်ရှိပြောင်းစျေးကွက်တွင် အရောင်းအဝယ်အေးနေပြီး ပြောင်းတစ်ပိဿာလျှင် ၇၀၀ ကျော်သာရှိတော့ကြောင်း၊ လတ်တလောအခြေအနေအရ Normal Trade သည် တန်ချိန်သောင်းဂဏန်းခန့်သာ တင်ပို့မှုရှိပြီး Border Trade ပါ ဒေါ်လာစျေးဖြင့် မကိုက်သည့်အတွက် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။
ယင်းအပြင် ပဲ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ထောက်ခံချက်ရယူလိုပါက ပို့ကုန်ကြိုတင်ရငွေ USD လက်ခံကို ပူးတွဲလျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ အသင်းဝင်ပို့ကုန်လုပ်ငန်းရှင်များထံသို့ အသိပေးအကြောင်းကြားထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_1 August 2022
ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်၊ မနိုရုန်းမြို့နယ် လမ်းဘေးတောတစ်နေရာတွင် မြန်မာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၌တရားမဝင်မြန်မာအလုပ်သမားများခေါ်ယူပေးနေသည့် မြန်မာပွဲစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်တွင်ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
သေဆုံးသည့်မြန်မာအလုပ်သမားအမျိုးသမီးနှစ်ဦးမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်စဉ် ကားအတွင်းအောက်စီဂျင်ပြတ်ကာသေဆုံးခဲ့ပြီးနောက် လမ်းဘေးတွင်စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ထားသည့်ရုပ်အလောင်းများကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
ယင်းနောက် ထိုင်းအာဏာပိုင်များသည် တရားမဝင်လမ်းကြောင်းတစ်လျှောက်ရှိ ပွဲစားများကိုစစ်ဆေးခဲ့ရာ သေဆုံးသူမြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံအတွင်းခေါ်သွင်းခဲ့သည့် မြန်မာပွဲစား အသက် ၃၈ နှစ်အရွယ် နန်းခင်စောမူကို တာ့ခရိုင်၊ မဲဆောက်မြို့၊ ထာ့ဆိုင်လွမြို့နယ်ရှိ အငှားအိမ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက် MGR Online သတင်းဌာနက ဖော်ပြထားသည်။
နန်းခင်စောမူသည် ထိုင်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံဘက်မှ တရားမဝင်အလုပ်လုပ်ကိုင်ချင်သူများကို ထိုင်းအလုပ်ရှင်များနှင့်ချိတ်ဆက်ကာ မြန်မာပြည်ဘက်မှ အလုပ်သမားများခေါ်ယူနေသူဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များကပြောသည်။
ယခုဖမ်းဆီးရမိသည့် ပွဲစားအမျိုးသမီး နန်းခင်စောမူကို ထိုင်အာဏာပိုင်များက ဟန်းနမ်းဆာခွန်ရဲစခန်းတွင် ဖမ်းဆီးထားပြီး မြန်မာအမျိုးသမီးနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ပါဝင်သူများကို ဆက်လက်စုံစမ်းနေကြောင်း ထိုင်းသတင်းများတွင် ရေးသားဖော်ပြထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_1 August 2022
မိုင်းကျက်ဂူ အတွင်း ၃နှစ် ၃ လ ၃ ရက် မဟာအဓိဌာန်ကျင့်ကြံနေသော မိုင်းဖုန်းဆရာတော်ဘုရားကြီး ယနေ့ ဩဂုတ်လ ၁ ရက်တွင် မိုင်းကျက်ဂူ အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်ကြောင်း သိရသည်။
ဆရာတော်၏ ဆံပင်များကို မြစ် ၃ ခုစုံရာ နမ့်ဟူးချောင်းတွင် ဆံချမည်ဖြစ်သည့်အတွက် ဆံချရန် နေရာလည်း ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်အောင်ကာ ဂူထွက်ချိန် ဩဂုတ်လ(၁)ရက်တွင် အပူဇော်ခံမည် ဖြစ်ပြီး (၅)ရက်တာအတွင်း အဆိုပါ အပူဇော်ခံရာ မိုင်းကျက်အောက်ဂူထိ မလာရောက်နိုင်သူများအတွက် ဩဂုတ်လ ၅ ရက်တွင် မိုင်းကျက်မှ မိုင်းဆတ် တာချီလိတ်လမ်းအတိုင်း ကြွချီမည် ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်ကိုရောက်သည်နှင့် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးကျောင်းတော်သို့ကြွရောက်မည်ဖြစ်ပြီး ယင်းမှဆရာတော်ကြီး၏ မိုင်းဖုန်းရှိ လွန်းလိန်းကျောင်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ဆရာတော် နှီးဘုရားကျောင်းတွင် ဘုရားဝတ်တက်ချိန် ဖူးမျှော်နိုင်မည် ဖြစ်ကြောင်းလည်း ဖူးမျှော်နိုင်သူများအတွက် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 1 Aug 2022
ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၃၅၂၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန် ကြေညာထားထားပါတယ်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင်ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
ထိုသို့ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးကွက်အတွင်း၌ စားအုန်းဆီးတစ်ပိဿာကို ၇၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်အကြား ဝယ်ယူအသုံးပြုနေရတယ်လို့ စားသုံးသူများက ဆိုကြပါတယ်။
ygm_mnn
#Yangon_Media_Group
Published 1 August 2022
အပြစ်မဲ့သေဆုံးသူများအတွက် များစွာစိတ်မကောင်းဖြစ်မိပြီး အကြမ်းဖက် တိုက်ခိုက်သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
နစကရဲ့ ၁၈လတာ ကာလ တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ်ကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ရက် မနက်က နိုင်ငံတော်ကိုပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ ရက်အထိ ၁၈ လတာနီးပါးအတွင်း တစ်နိုင်ငံလုံးမှာ လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရဟန်း/သံဃာ/သီလရှင်တွေ၊ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူတွေ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၃,၄၈၃ ဦး သေဆုံး ခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့ပါတယ် လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
အဲသလိုဖြစ်ပွားခဲ့တဲ့အထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးမှာ ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးမှာ ၁,၃၉၅ ကြိမ်တို့နဲ့ အများဆုံးဖြစ်ပွားခဲ့တဲ့အတွက် အဆိုပါ ဒေသတွေအတွင်း မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေ စိုးမိုးမှုရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ လည်း မိန့်ခွန်းမှာဖော်ပြထားပါတယ်။
“ အဆိုပါ ဒေသတွေအတွင်း မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေ စိုးမိုးမှုရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှအပ စစ်အုပ်ချုပ်ရေး မလုပ်ခဲ့ပါဘူး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအာဏာသုံးရပ်ကို မည်သို့ပင် အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
၊၁၈ လတာကာလအတွင်း မြန်မာ နိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ သွင်းယူခဲ့တဲ့ လက်နက်တွေနဲ့ အကြမ်းဖက်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက် ဟာ လက်နက်မျိုးစုံ ၆,၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်နဲ့ လက်ပစ်ဗုံး/မိုင်း ၁၁,၇၁၅ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။ အကြမ်းဖက်သူ ၆၂၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်လို့လည်း မိန့်ခွန်း အရသိရပါတယ်။
ymg/knl/
#Local_News
Published_1 August 2022
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့်သစ်သီးဝလံနှင့်ဟင်းသီးဟင်း ရွက်များထုပ်ပိုးမှုသင်တန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဇူလိုင်လ(၂၅)ရက်မှ (၂၇)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်၊၊
“အရည်အသွေးထိန်းသိမ်းပြီး သက်တမ်းပိုမိုကြာမြင့်စေသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ထုပ်ပိုးမှု” စီမံကိန်းအနေဖြင့် ယင်းသင်တန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးပညာရှင်များက ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်ထုပ်ပိုးမှုနည်းပညာ၊ ပုပ်သိုးလွယ်သီးနှံများအတွက် တံဆိပ်ပြုလုပ်ခြင်း၊ စနစ်တကျသယ်ယူပို့ဆောင်ခြင်း၊ သုတေသနရလဒ်များ အသုံးချခြင်းတို့ဆိုင်ရာ အသိပညာများ ပို့ချခဲ့ရာ တောင်သူလယ်သမားများအား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဘေးကင်းစွာ ထုပ်ပိုးမှုနည်းလမ်းများ ကျွမ်းကျင်ပိုင်နိုင်စေပြီး စားသောက်ကုန်ထုပ်ပိုးမှုနည်းပညာများကို တိုးတက်စေပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်စဉ်အတွင်း ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1406 of 1768