#Local_News
Published - 12 August 2022
လက်ရှိဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၇၀၀ ကျပ်အထိ ရှိလာတယ်လို့ ငွေကြေးဈေးကွက်ဆီကနေ သိရပါတယ်။
ငွေကြေးဈေးကွက်ထဲမှာ ဒေါ်လာ အဝယ်ဈေးဟာ ၂၆၉၀ ကျပ်ရှိပြီး ရောင်းဈေးဟာ ၂၇၄၀ ကျပ်အထိ ရှိနေပါတယ်။
ဗဟိုဘဏ်ဟာ အရင်က အမေရိကန် ၁ ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ဈေးသတ်မှတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်ကစပြီး ၁ ဒေါ်လာကို ၂၁၀၀ ကျပ် တိုးမြှင့်လိုက်ကာ ဒေါ်လာရောင်းခြင်းဝယ်ခြင်း၊ လဲလှယ်ခြင်းတွေကို ရည်ညွှန်းငွေလဲလှယ်နှုန်းရဲ့ ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းမှာသာ အတိုးအလျှော့လုပ်ရမယ်လို့ ဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြေညာခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ အဲ့ဒီလိုကြေညာထားပြီးနောက်ပိုင်းမှာတော့ ဒေါ်လာဈေးနှုန်းဟာ ဈေးကွက်ထဲ ပိုမိုမြင့်တက်လာတာပဲဖြစ်ပါတယ်။
ငွေကြေးဈေးကွက်ထဲမှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်ဖြစ်နေတဲ့အတွက် ဗဟိုဘဏ်သတ်မှတ်ချက်ဟာ အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်မှုတွေရှိနေပါတယ်။
ဗဟိုဘဏ်ကတော့ သတ်မှတ်ချက်တွေကို မလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းတို့နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 12 August 2022
ပြီးခဲ့သည့် သြဂုတ်လ (၁၀)ရက် ညပိုင်း၌ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ဟံသာဝတီလမ်းသွယ်၊ အမှတ်(၈/၂၂၃) နေအိမ်လိုင်းခန်းရှေ့ ရေမြောင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး(စုံစမ်းဆဲ)သေဆုံးခြင်းနှင့် ပတ်သက်၍ သေဆုံးသူမှာ အသတ်ခံရခြင်းဖြစ်ကြောင်း ထင်ရှားသဖြင့် နယ်မြေတာဝန်ရှိသူများမှ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ခဲ့ရာ ကျူးလွန်သူ(၄)ဦးမှာ အသက် (၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ်တရားခံများဖြစ်ကြောင်းစစ်ဆေးသိရှိရသဖြင့် ၎င်းတို့အား အသက်အထောက်အထားနှင့် တာချီလိတ်မြို့နယ်၊ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သေမှုသေခင်းအမှတ်စဉ် (၇/၂၀၂၂) အမှုမှ သေဆုံးသူ၏အလောင်းအား ဩဂုတ်လ (၁၁)ရက်၊ နေ့လည်ပိုင်း အချိန်တွင် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဦးခေါင်းအတွင်း သွေးယိုစိမ့်ခြင်း၊ မေးရိုးကျိုးခြင်း၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်လျက် ရှိခြင်းတို့ကြောင့် တုံးသောလက်နက်တစ်ခုခုဖြင့် ရိုက်ခံရခြင်းနှင့် တစ်ဦးတစ်ယောက်၏ ပယောဂကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရင်ခွဲစစ်ဆေးသူ ဆရာဝန်မှ သိရှိရသဖြင့် ခေတ္တရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦးမှ သေမှုသေခင်းမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ပြောင်းလဲ၍ အမှုဖွင့်လှစ်ရန်၊ သေဆုံးသူမှာ မည်သူဖြစ်ကြောင်းသိရှိနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တာချီလိတ်မြို့မရဲစခန်း(ပ)၁၃၇/၂၀၂၂၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၂)မှ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ အမှုပြောင်းဖွင့်ပြီးနောက် နယ်မြေ တာဝန်ရှိသူများမှ သေဆုံးသူအား လိုက်လံစုံစမ်းရာ ဩဂုတ်လ (၁၁)ရက်နေ့၊ မွန်းလွဲ (၃)နာရီ အချိန်၌ သေဆုံးသူ၏အကိုဖြစ်သူ ကိုအောင်ဖြိုးဝေ (ခ)ကိုဖြိုးဆိုသူနှင့် အဆက်အသွယ်ရရှိပြီး သေဆုံးသူမှာ၎င်း၏ညီ မောင်ကျော်ဇင်ဝင်း၊ ဖြစ်ကြောင်း အတည်ပြု သိရှိခဲ့ရပြီး ၎င်းအား မောင်ကျော်ဇင်ဝင်း၏ သူငယ်ချင်းများနှင့်ပတ်သက်မေးမြန်းရာမှ ကောင်မလေးကိစ္စနှင့်ပတ်သတ်၍ facebook စာမျက်နှာ၏ မက်ဆင်ဂျာမှ တဆင့် ခိုက်ရန်ဖြစ်ပွားသည့် စာများနှင့် ဆက်သွယ်ပြောကြားထားရာကို တွေ့ရှိရကြောင်းသိရှိရသည်။
မက်ဆင်ဂျာမှတဆင့် သေဆုံးမည့်နေရာအနီး ခိုက်ရန်ဖြစ်ပွားချိန် ချိန်းဆိုသည့် စာသားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခေတ္တရဲစခန်းမှူး/အမှုစစ် ဒုရဲမှူး ကျော်ကျော်ဦး ဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်နှိမ်နင်းရေးတပ်ဖွဲ့စုမှ ရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့၊ သက်သေဦးစည်သူ၊ ဦးထွန်းထွန်းလေး ပါဝင်သောပူးပေါင်းအဖွဲ့သည် အဆိုပါ ခိုက်ရန် ဖြစ်ပွားသည့် စာများ ပို့ခဲ့သည့် "Su Myat Facebook အကောင့်ပိုင်ရှင်အား လိုက်လံစုံစမ်းခဲ့ရာ တာချီလိတ်မြို့၊ မယ်ယန်းကျေးရွာတွင် နေထိုင်သူ ဖြစ်သဖြင့် နယ်ထိန်းအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်စေခဲ့ရာ နေအိမ်တွင်အသင့်တွေ့ရှိရသဖြင့် ၎င်း၏မိခင်နှင့်အတူ ရဲစခန်းသို့ ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ ဩဂုတ်လ (၉)ရက် ညပိုင်းအချိန်ခန့်တွင် ၎င်း၏ယခင်ကရည်းစားဖြစ်သူ မမတွေရဲ့ မောင်လေး Facebook အကောင့်(သေဆုံးသူ)နှင့် Zaw Min အမည် ဖြင့်အသုံးပြုသည့် Facebook အကောင့်တို့သည်အချင်းချင်းစကားများ၍ ပြင်ပတွင်ခိုက်ရန်ဖြစ်ပွားရန် ချိန်းဆိုနေသည်ကိုသိရှိရကြောင်း ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
Zaw Min အမည် ဖြင့်အသုံးပြုသည့် Facebook အကောင့်ပိုင်ရှင်၏ ဓာတ်ပုံအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ၇၇၇ ကားဝပ်ရှော့တွင် လုပ်ကိုင်သူဇော်မင်းထွေး(ခ)ဖိုးသား ဖြစ်ကြောင်း သိရှိရပြီး ၎င်းအားတွေ့ရှိ၍ ခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ ဩဂုတ်လ (၉)ရက် ညက လူသတ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ ဇော်မျိုးနိုင်(ခ) နေထူးနိုင်၊ ၇၇၇ ဝပ်ရှော့တွင် အလုပ်အတူတူလုပ်သော သိန်းဌေးအောင်(ခ)ဟိန်းကိုကိုအောင်နှင့် မျိုးမင်းသန့် တို့(၃)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ရဲစခန်းတွင် အသေးစိတ်စစ်ဆေးရာမှ ၎င်းတို့ပြစ်မှု ကျူးလွန်ခဲ့ကြောင်း အစစ်ခံထွက်ဆိုပြီး ၎င်းတို့ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ချိန်းကြိုး၊ သံတုတ်တို့အား ဝှက်ထားသည့်နေရာတွင် လိုက်လံပြသပေးခဲ့ပြီး တရားခံ(၄)ဦးသည် အသက် (၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ်တရားခံများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်း စခန်းမှူး၏ထိန်းသိမ်းမှုအောက်တွင် ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_12 August 2022
တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂ ရက်မှာ သြဂုတ်လ ၁၁ ရက်ထိ ၁၀ ရက်အတွင်း မြန်မာလုပ်သား ၄၆၀ ကျော် သွားရောက်ခွင့်ရခဲ့ကြကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
သြဂုတ်လ ၁၁ ရက်တွင် သွားရောက်ခွင့်ရခဲ့ကြသော မြန်မာလုပ်သား ၁၀၇ ဦးမှာ ကုန်ထုတ်လုပ်သားသစ်များ ဖြစ်ကြောင်း၊ ယင်းတို့အား အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သော အချက်များကို မှာကြားခဲ့ကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂ ရက်က Re-entry လုပ်သား(၂၀)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၂၇)ဦး စုစုပေါင်း (၁၄၇)ဦး၊ သြဂုတ်လ ၄ ရက်တွင် Re-entry လုပ်သား(၁၆)ဦး၊ CBT လုပ်သား (၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၃၉)ဦး စုစုပေါင်း (၅၈)ဦး၊ သြဂုတ်လ ၉ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၄)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၅)ဦး စုစုပေါင်း (၁၄၉)ဦး တို့ သွားရောက်ခဲ့ခွင့် ရခဲ့ကြသေးသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_12 August 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်ဝန်ဆောင်မှုပေး ပြေးဆွဲနေသော YBS ယဉ်လိုင်းများမှ စည်းကမ်းကောင်း ယာဉ်မောင်းများအား တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ယာဉ်မောင်း ၆၀ ဦးကို ဂုဏ်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
ယင်းတို့အား ယခု သြဂုတ်လ ၂၆ ရက်တွင် ဂုဏ်ပြုမည်ဖြစ်ပြီး ဂုဏ်ပြုခံရမည့် ယာဉ်မောင်းများမှာ ကုမ္ပဏီ ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှု ကောင်းသူများ ဖြစ်ကြကြောင်း သိရသည်။
ယင်းအပြင် ခရီးသည်များကျန်နေခဲ့သည့် တန်ဖိုးကြီးပစ္စည်းနှင့် ငွေကြေးများကို လက်ဝယ်အရောက်ပြန်လည်ပေးအပ်ကြသော အကျင့်စာရိတ္တကောင်းမွန်သည့် ယာဉ်မောင်း ၂၀ ဦးကိုလည်း တစ်ပါတည်း ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဟု YRTC တာဝန်ရှိသူက YMG ကို ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_12 August 2022
မလေးရှာထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၆၄ ဦး ပြည်တော်ပြန်ခွင့်ထပ်မံ ရရှိခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက သိရသည်။
ယင်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး၍ မလေးရှားနိုင်ငံ Bidor ထိန်းသိမ်းရေးစခန်း၊ Perlis ထိန်းသိမ်းရေးစခန်း၊ Juru ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသူများ ဖြစ်ကြောင်း၊သြဂုတ်လ ၁၁ ရက်က မြန်မာနိုင်ငံသို့ မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခွင့် ရခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူများအား ဦးစားပေးအစီအစဉ်ဖြင့် မြန်မာသံရုံးက နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_12 August 2022
ချင်းပြည်နယ်၏ ထင်ရှားသောကျီရီးယန်းတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။
ကျီရီးယန်းတောင်သည် ချင်းပြည်နယ်တွင် ထင်ရှားသော ကျောက်တောင်ကြီး တစ်ခုဖြစ်ပြီး ထန်တလန်မြို့မှ ၄၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး လွန်ခဲ့သော၂၀၁၈ ခုနှစ်၊ မေလတွင်ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းမှ ဧက ၆၈၀၄ ဒသမ ၅၀ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကျီရီးယန်းတောင် အမျိုးသား ဥယျာဉ်အဖြစ် သြဂုတ်လ ၈ ရက် မှစ၍ သတ်မှတ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျီရီးယန်းတောင်သည် ဟားခါး-ထန်တလန်- ဆာဆီချောက် ကားလမ်းမကြီးဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရုပ်သွင် ထူးခြားသော ဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသား သင်္ကေတဖြစ်သော တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီနှင့် ချယ်ရီပင်များ ပေါက်ရောက်ကာ သဘာဝတောအနေအထားများ ကောင်းမွန်ခြင်း၊ မျိုးသုန်းရန်အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသည့် သဘာဝကျောက်ဆောင် ကျောက်တန်းများနှင့် ရေတံခွန်များ တည်ရှိခြင်းနှင့် ရှည်လျားပြီး လူတစ်ရပ်ခန့်မြင့်သည့် လိုဏ်ဂူအတွင်း သေးငယ်သည့် လင်းနို့များစွာ တွေ့ရှိရခြင်းတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများ စုံလင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 11 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဂျပန်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်၍ ချယ်ရီပင်များကို ဂျပန်နိုင်ငံမှ စိုက်ပျိုးလှူဒါန်းသွားမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ နှစ်နိုင်ငံချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သတင်းမှားများ ဖြစ်ပေါ်နေမှုနှင့် အဖြစ်မှန်များကို ဂျပန်နိုင်ငံရှိ ပြည်သူများသိရှိရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူတွေတက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ်နှင့်အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Fumio Usui နှင့် တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC_MOI
-ymg/knl
Page 1382 of 1769