#Local_News
Published_ 2 Sept 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ငွေကျပ် ၂၆၀၃.၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
သြဂုတ်လ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ကောင်းမှုတော်ဘုရားအနီး ကားလမ်းတွင် မောင်ဒွေးမောင်းနှင်ပြီး စက်မောင်လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်နှင့် ငြိမ်းချမ်းဦး မောင်းနှင်ပြီး ကြည်လှိုင်နှင့် ဇော်လင်းနိုင်တို့ လိုက်ပါလာသည့် NISSAN UD အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ငြိမ်းချမ်းဦး မောင်းနှင်သည့် NISSAN UD ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆူဒိုအက်ဖီဒရင်း ၁၃၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၀၀) ၊ ပီပါများအတွင်းမှ အီသိုင်းအီသာ ၃၆၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မောင်ဒွေး (၂၉) နှစ်၊ စက်မောင်(၄၈)နှစ်၊ ငြိမ်းချမ်းဦး(၃၂)နှစ်၊ ကြည်လှိုင်(၅၂)နှစ်နှင့် ဇော်လင်းနိုင်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 2 September 2022
အဆိုတော် စိုင်းဆိုင်မောဝ်အား မန္တလေးမြို့တော်ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီခွဲအချိန်တွင် Operating ဝင်ရမည်ဖြစ်ကြောင်း ယင်း၏ မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကလည်း နာမည်ကြီးအဆိုတော် စိုင်းဆိုင်မောဝ်၏ ကျောက်ကပ်၌ တည်ရှိနေသည့်အစိုင်အခဲကို ခွဲစိပ်ကုသခဲ့ရသေးကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published 2 September 2022
ရွှေဒင်္ဂါးပြားများကို ယနေ့သြဂုတ်လ ၂ ရက်တွင် စတင်ရောင်းချပေးရန် ညွှန်ကြားခြင်း မရှိသေးကြောင်း ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက သိရသည်။
"ဒီနေ့ ရောင်းရမယ်လိုတော့ သိရပေမဲ့ ရောင်းပါလိုတော့ မညွှန်ကြားသေးပါဘူး၊ အခုအချိန်ထိတော့"ဟု ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးမည်ဟု စက်တင်ဘာလ ၁ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘာအေး ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်းမှာ ဒီနေ့ ရောင်းပေးမယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီမှာ သွားဝယ်နိုင်တယ်။ကျွန်တော်တို့ကတော့ အတုံးရောင်းဝယ်ရေးလုပ်ငန်းဆိုတော့ ကြားတဲ့ သတင်းကို ပြောပြတာလောက်ပါပဲ။ ကျွန်တော်တို့ အသင်းအနေနဲ့ သုံးသပ်တာကတော့ ရွှေအဝယ်များတဲ့အတွက် ထုတ်ရောင်းပေးတာပေါ့၊ ဈေးနှုန်း ပြန်တည်ငြိမ်စေချင်လို့ ဖြစ်မှာပါ"ဟု ရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ယနေ့ ရွှေဒင်္ဂါးပြားများ စတင်ရောင်းချပေးမည်ဆိုသည့် သတင်းကြောင့် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၇ သိန်း ခန့် ထိ ကျဆင်းသွားကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူများထံမှ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 September 2022
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူတို့သုံးဦးကို ယနေ့ စက်တင်ဘာလ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးသည်ဆိုသော ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)အမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
"သူတို့ သုံးယောက်လုံးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်တာပါ။ ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုပါဘူး"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၁၀ မှု အတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသောကြောင့် ယနေ့ ချမှတ်လိုက်သည့် ထောင်ဒဏ် ၃ နှစ် အပါ ထောင်ဒဏ်စုစုပေါင်း နှစ် ၂၀ ထိ ရှိလာပြီဖြစ်သည်။
ယင်းအပြင် နောက်ထပ် ရင်ဆိုင်ရန် အမှု ၈ မှု ကျန်ရှိနေသေးကြောင်း၊ယင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အဂတိမှု ၂ မှု၊ လျှိဝှက်ချက်အက်ဥပဒေနှင့်တစ်မှု၊ ရဟတ်ယာဉ်ဝယ်ယူမှုကိစ္စ အဂတိမှု ငါးမှုဖြစ်ကြောင်း သိရသည်။
ဦးဝင်းမြင့် အနေဖြင့် ပုဒ်မ ၅၀၅ (ခ) အတွင် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည့်အနက် ထောင်ဒဏ် ၂ နှစ်ကို လျှော့ပေါ့ပေးထားသည့်အတွက် ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၃ နှစ် နှင့် ဆိုပါက စုစုပေါင်း ၅ နှစ် ကျခံထားရခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသေးသည့်အမှု ၈ မှု တွင် ဦးဝင်းမြင့် အနေဖြင့် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ အဂတိမှုငါးမှုတွင် အတူတူ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 2 Setember 2022
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းနေခြင်းကြောင့် ပို့ကုန်ပဲများ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ် ကျဆင်းလာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။
ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံသည် အမြင့်ဈေးဖြင့် ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း၊ ပဲစင်းငုံတစ်အိတ်လျှင် ကျပ် ၁၈၇,၀၀၀၊ မတ်ပဲတစ်အိတ်လျှင်ကျပ် ၁၉၅,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။
တရုတ်လိုင်းတွင် ပဲတီစိမ်း၊ နှမ်းတို့မှာ အရည်အသွေးအလိုက် ဈေးကောင်းရနေပြီး နယ်စုံမှ မြေပဲဆံအသစ်များ စဝင်လာကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးအနည်းငယ်ပြန်ကျနေပြီး ပဲမာလိုင်းတွေကတော့ ဈေးငြိမ်နေသော်လည်း ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။
အိန္ဒိယဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ယခင်သီတင်းပတ်အတိုင်း အမြင့်ဈေးတွင် တည်ငြိမ်နေပြီး မတ်ပဲမှာ တစ်အိတ် ကျပ် ၁၉၅,၀၀၀၊ ပဲစင်းငုံ တစ်အိပ် ကျပ် ၁၈၇,၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့ကာ စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းပို့ဆောင်မှု တန်ဆာခများလည်း ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 2 September 2022
ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး တရုတ်ယွမ်ငွေဈေး မြင့်တက်နေသောကြောင့် မြန်မာ-တရုတ် နယ်စပ်မှာ သွင်းကုန် လုပ်ကိုင်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်တွင် ယမန်နေ့က တရုတ်ယွမ် တစ်ယွမ်ကို ကျပ် (၅၅၀) အထိ ပေါက်ဈေးရှိနေသည့်အတွက် ငွေလဲလုပ်ငန်းလုပ်ကိုင်သူအများစုမှ မြန်မာကျပ်ငွေ ဝယ်ယူမှုအား ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
ကျပ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် မြန်မာ-တရုတ် နယ်စပ်ရှိ ပို့ကုန်တင်ပို့သူများ အဆင်ပြေပြီး တရုတ်ဘက်မှ ကုန်မျိုးစုံ တင်သွင်းသူများမှာမူ အခက်အခဲကြုံတွေ့နေရကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိ မြန်မာ-တရုတ် နယ်စပ်တွင် နေ့စဉ် ပို့ကုန်တင်ပို့ကားများ ပုံမှန်အတိုင်း ဝင်ရောက်နေပြီး သွင်းကုန်ကား ဝင်ရောက်မှုမှာတော့ လျော့နည်းသွားကြောင်း သိရသည်။
ကျပ်ငွေတန်ဖိုးကျဆင်းနေသည့်အတွက် တရုတ်ဘက်မှ သွင်းကုန်များကို ပြည်တွင်း၌ ဈေးတင်ရောင်းရသည့် အတွက် စားသုံးသူ ပြည်သူများ ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ထားသည်။
မြန်မာ-တရုတ် နယ်စပ်တွင် ပို့ကုန်အနေနှင့် အဓိက ဆန်၊ ဆန်ကွဲ၊ စားသောက်ကုန်၊ ရေထွက်ကုန်များ တင်ပို့နေပြီး သွင်းကုန်အနေဖြင့် စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် လူသုံးကုန်များကို တင်သွင်းနေလျက်ရှိနေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_2 Septmber 2022
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းလေးခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၀၈ ဦးကို စက်တင်ဘာလ ၁ ရက်က ပြည်တွင်းသို့ MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
KLIA ထိန်းသိမ်းရေးစခန်းက ၅ ဦး၊ Bukit Jali ထိန်းသိမ်းရေးစခန်းက ၁၃ ဦး၊ Lang Kap ထိန်းသိမ်းရေးစခန်းက ၃၇ ဦး၊ Bidor ထိန်းသိမ်းရေစခန်းက ၅၃ ဦး ဖြစ်ပြီး ယင်းတို့မှာ မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရာက ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြည့်စုံသူများအား သံရုံးအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၈၀ ကျော် ပြည်တော်ပြန်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1336 of 1770