#Local_News
Published _13 September 2022
ဒေသတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများအပြီးသတ်နိုင်ရန် အချိန်ကာလခန့်မှန်းရန်ခက်နေသေးကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒေသတွင်း မတည်ငြိမ်မှုများကို အပြီးသတ်ဖြေရှင်းနိုင်ရန်အတွက် အချိန်ကာလ မည်မျှလိုအပ်မည်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက်က မေးမြန်းစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
"အချိန်ကိုတော့ ခန့်မှန်းဖိုတော့ နည်းနည်းတော့ခက်တယ်။ ကျွန်တော်တို့အစိုးရကနေ သတ်မှတ်ထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းရှိပါတယ်။ EAOs လို ကျွန်တော်တို့ခေါ်ကြပါတယ်။ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖိတ်ခေါ်ပြီးတော့ လုပ်နေပါတယ်။ သူတို့နဲ့ ကျွန်တော် အခုတွေ့ဆုံတာ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေရနေပါပြီ။ အဲဒီကနေပြီးတော့ သူတို့ ဘာကိုဖြစ်ချင်တာလဲ။ တိုင်းပြည်ဘာဖြစ်သင့်သလဲ။ ဒီလိုမျိုး ညှိနှိုင်းပြီးတော့ဖြစ်နိုင်တာ ဘာရှိမလဲဆိုတာကို ကျွန်တော်တို့ အဖြေရှာမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရှာပြီးတဲ့အချိန်မှာတော့ ဒီခုနပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထဲကနေ နယ်မြေတွေကနေ လမ်းကြောင်းတွေကနေ ထောက်ပံ့ပေးနေတဲ့ဟာတွေဟာ ရပ်တန့်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု ယင်းက ပြောသည်။
ဆူပူအကြမ်းဖက်မှုတွင် တိုင်းရင်းသားများ၏ အခွင့်အရေးကို တောင်းဆိုသော အရင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၂၀၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့ ဟူ၍ ရှိကြောင်း၊ယင်းတွင် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၆ ဖွဲ့ ကျန်နေသေးသဖြင့် ယခုအခါ ဆွေးနွေးရန် ပြင်ဆင်နေကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
ယင်းအပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ပေါ်မူတည်၍ ဖြစ်ပေါ်လာသော ဆူပူအကြမ်းဖက်သည့်အဖွဲ့အစည်းများ ရှိနေပြီး ယင်းတို့နှင့် ဆွေးနွေးရန် အကြောင်းမရှိ ၊ ဥပဒေအရ လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
"လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ လက်မှတ်ရေးထိုးပြီးသား အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးနေတာ ရှိတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးဖို့ ကျန်သေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကို ကျွန်တော် ဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ချက်တွေဟာ သူတို့နိုင်ငံရေးမျှော်မှန်းချက်ပေါ်မှာ လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒါကတော့ အောင်မြင်မှုရမယ်လို ယုံကြည်ပါတယ်။ ကျွန်တော့်မှာ နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေးထားပါတယ်။ တစ်ခုကတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကျွန်တော့်နိုင်ငံကမလွဲမသွေ လျှောက်လှမ်းရမယ်။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကျွန်တော်တို့ပေးထားတယ်။ ဒါကလူတိုင်းလိုချင်တဲ့ သဘောအယူအဆ တောင်းဆိုချက်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် ပပျောက်လိမ့်မယ်လို့ ပြောခြင်းဖြစ်ပါတယ်"ဟု ယင်းကဆိုသည်။
သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအခြေအနေမှာ ထိန်းချုပ်နိုင်သည့် အခြေအနေတော့ရှိပြီဟု အကြမ်းဖျင်းအားဖြင့် ပြောနိုင်ကြောင်း နစက ဥက္ကဌက ဆိုသည်။
" ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတော့ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့ရတာတော့ ရှိပါတယ်။ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့သလို ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း တော်တော်များများ ရှိခဲ့တာကိုလည်း ကျွန်တော်တို့ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ နောက်ပိုင်းမှာတော့ ဖြစ်ပွားမှုတွေက တော်တော်ကျဆင်းလာတာကို ကျွန်တော်တို့ တွေ့ပါတယ်။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရောက်ပြီလို့ ပြောရပါမယ်။ သို့သော်လည်း အားလုံးကင်းစင်သွားပြီလား ဒီလိုတော့ မဟုတ်သေးပါဘူး။ တချို့ပြည်နယ်နဲ့တိုင်း တချို့တွေမှာတော့ ကျန်နေပါသေးတယ်။ ဒါလည်း ကျွန်တော် ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေတယ်ဆိုတာလေးကို ပြောချင်ပါတယ်"ဟု ယင်းက ဆိုသည်။
ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အနောက်နိုင်ငံအချို့ကလက်နက်များ ထောက်ပံ့တယ်သည်ဆိုသော အချက်နှင့်ပတ်သက်၍ မေးမြန်းစဉ် ပြီးခဲ့သည့် သြဂုတ်လကုန်ထိ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ် စသည့်ဖြင့် လက်နက်ပေါင်းသုံးထောင်ခန့် ၊ ကျည်ဆန်သုံးသိန်းကျော်ခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းပမာဏမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော လက်နက်ခဲယမ်းမီးကျောက်များ ဖြစ်ကြောင်း၊ ယင်းကြောင့် ပို့ဆောင်ရေး လမ်းကြောင်းများကို ဖော်ထုတ်ဖမ်းဆီးနေကြောင်းလည်း ပြောကြားခဲ့သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _13 September 2022
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Vienna International Centre တွင် စက်တင်ဘာလ ၁၂ ရက်က စတင်ကျင်းပနေသော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ (Board of Governors) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက Non-Board Member အဖြစ် တက်ရောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ပုံမှန်အားဖြင့် (၅)ရက်ခန့်ကြာ ကျင်းပလေ့ရှိကြောင်း၊ ယခု ကျင်းပနေသည့်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ နှစ်အတွင်း လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခဲ့မှု၊ ၂၀၂၄-၂၀၂၉ ကာလလတ်အတွက် မဟာဗျူဟာ၊ နျူကလီးယားနှင့် ဓါတ်ရောင်ခြည်သင့်မှုအန္တရာယ်ကင်းရှင်းရေး(Nuclear and radiation safety)၊ နျူကလီးယား လုံခြုံရေး (Nuclear security)၊ နျူကလီယားသိပ္ပံ၊ နည်းပညာနှင့် အသုံးချမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးနှင့် နိုင်ငံများ၏ နျူကလီးယားဆိုင်ရာ ဆောင်ရွက်မှုများ လုံခြုံမှုရှိစေရေး (Nuclear verification and safeguard measures) တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
IAEA တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံ ပါဝင်ပြီး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ( ၂ နှစ် သက်တမ်းအတွက်) နိုင်ငံပေါင်း (၃၅) နိုင်ငံကို ဒေသအုပ်စုအလိုက် နှစ်စဉ်ရွေးချယ်တင်မြှောက်လေ့ရှိကြောင်း၊ အေဂျင်စီ၏ အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးများကို တစ်နှစ်လျှင် (၅)ကြိမ်ခန့် ကျင်းပလေ့ရှိကြောင်း၊အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို လွန်ခဲ့သော ၁၉၅၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင်စတင်ထူထောင် ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _13 September 2022
ချက်နိုင်ငံတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်၌ မြန်မာနိုင်ငံမှ “The Great Myanmar” ရုပ်ရှင်ဇတ်ကားကို ပါဝင်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား သံရုံး ၊ ပရာ့ဂ်မြို့တော် စာကြည့်တိုက်တို့ပူးပေါင်းကျင်းပသော ASEAN+3 Film Festival 2022 တွင် အဆိုပါ “The Great Myanmar” ရုပ်ရှင်ဇတ်ကားကို စက်တင်ဘာလ ၉ ရက်တွင် ပါဝင်ပြသခဲ့ရာ ပရာ့ဂ်မြို့ရှိ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ချက်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့ရာ မြန်မာသံရုံးယာယီ တာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်၊ အာဆီယံသံရုံးများနှင့် ASEAN+3 နိုင်ငံများမှ သံရုံးအကြီးအကဲများ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြကြောင်း၊ ASEAN+3 Film Festival 2022 သို့ ပရာ့ဂ်မြို့တွင် အခြေပြုသောသံအမတ်ကြီးများ၊ သံတမန်များနှင့် ချက်ပြည်သူများတက်ရောက်ခဲ့ကြပြီး ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မာတင်တလာပါက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _13 September 2022
တောင်ကိုရီးယားသို့ ယခုစက်တင်ဘာလ၏ ဒုတိယအကြိမ် လုပ်သား ၁၁၀ ကျော်ကို ယနေ့(စက်တင်ဘာလ ၁၃ ရက်)က ထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးသတင်းများအရ သိရသည်။
ယနေ့သွားရောက်သည့် အလုပ်သမားများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၂)ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၇၅)ဦး နှင့် ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် (၂၄)ဦး စုစုပေါင်း (၁၁၁)ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ ဆိုးလ်မြို့ရှိ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိက အလုပ်သမားများအားကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံသို့ Re-entry လုပ်သား(၉၂)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့်လုပ်သားသစ်(၄၃)ဦး စုစုပေါင်း (၁၃၅)ဦး တို့သွားရောက်ခဲ့ကြသေးကြောင်း သိရသည်။
#Ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 September 2022
ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူများအနေဖြင့် ကိုဗစ်ကူးစက်မှု(၀.၁) ရာခိုင်နှုန်းနှင့်သေဆုံးမှု (၁.၅) ရာခိုင်နှုန်းသာ တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
နှစ်ကြိမ်ပြည့် ကာကွယ်ဆေးထိုးထားသူများတွင် ကိုဗစ် ကူးစက်မှု(၄) ရာခိုင်နှုန်းနှင့် ကိုဗစ်ကြောင့် သေဆုံးမှု (၁၄.၄) ရာခိုင်နှုန်း တွေ့ရှိရသေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
၂၀၂၂ ခုနှစ် ဇန်နဝါရီ(၂၈)ရက်မှ စက်တင်ဘာလ (၇) ရက်အထိ တွေ့ရှိရသော ကိုဗစ်ကြောင့် သေဆုံးသူများ၏ ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေများဆန်း စစ်ချက်အရ ယင်းကဲ့သို့တွေ့ရှိရခြင်း ဖြစ်သည်၊၊
ဇန်နဝါရီ(၂၈)ရက်မှ စက်တင်ဘာလ(၇) ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူများတွင်(၈၄.၁) ရာခိုင်နှုန်းသည် ကာကွယ်ဆေးလုံးဝ မထိုးထားသူနှင့် တစ်ကြိမ်သာထိုးထားသူဖြစ်ပြီး (၁၄.၄)ရာခိုင်နှုန်းသည် နှစ်ကြိမ် ပြည့်ကာကွယ်ဆေးထိုးထိုးထားသူများဖြစ်ကြောင်းနှင့် (၁.၅) ရာခိုင်နှုန်းသည် ထပ်ဆောင်း ကာကွယ်ဆေးထိုးထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ဇန်နဝါရီ(၂၈)ရက်မှ စက်တင်ဘာလ(၇) ရက်အထိတွေ့ရှိရသည့် ကိုဗစ်ကူးစက်ခံရသူများကိုလည်း လေ့လာစမ်းစစ်ချက် ပြုလုပ်ရာ ကိုဗစ်ကူးစက်ခံရသူ (၈၀)ရာခိုင်နှုန်းသည် ကာကွယ်ဆေးလုံးဝ မထိုးထားသူများဖြစ်ပြီး (၁၅.၉)ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံထားပြီး (၄)ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူများဖြစ်ကြောင်းနှင့် (၀.၁)ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်၊၊
ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကိုဗစ်ကူးစက်နှုန်းနှင့် ကိုဗစ်ကြောင့်သေဆုံးနှုန်းနည်းပါးနိုင်သဖြင့် ကာကွယ်ဆေးများထိုးနှံကြဖို့နှင့် နှစ်ကြိမ်ပြည့်ထိုးထားသူများလည်း ခြောက်လအကြာတွင် ကာကွယ်နိုင်စွမ်းကျဆင်းသဖြင့် ထပ်ဆောင်းကာကွယ် ဆေးများထပ်မံထိုးနှံဖို့အရေးကြီးကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာသန်းနိုင်စိုးက အကြံပြုပြောကြားထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 13 September 2022
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးကို နှစ်နိုင်ငံပူးပေါင်းကယ်တင်လိုက်နိုင်သော်လည်း အယောက် ၁၀၀ လောက် ကျန်နေသေးကြောင်း အဆိုပါ နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။
ဒူဘိုင်းတွင် အိမ်အကူလုပ်ရမည်ဟုဆိုကာ အခန်းတွင်းပိတ်လှောင်ခံထားရသောကြောင့် လူမှုကွန်ရက်ကနေ Live လွှင့်အကူအညီတောင်းခံခဲ့သည့် အမျိုးသမီး ၇ ဦးဟာ စက်တင်ဘာလ ၉ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။
အလားတူ လူကုန်ကူးခံထားရသည့် အမျိုးသမီး ၁၀၀ လောက် ဒူဘိုင်းမှာ ကျန်ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်ကယ်ထုတ်ပေးရန် ဒူဘိုင်းတွင် အလုပ်လုပ်နေသူတစ်ဦးမှ ဆိုထားသည်။
"တချို့တွေ ဆက်သွယ်စရာ ဖုန်းလည်းမရှိကြဘူး။ ပတ်စ်ပို့တွေလည်း အသိမ်းခံထားရတော့ အတော်ဒုက္ခရောက်နေကြတယ်။ ကွင်းဆက်လိုက်ပြီး ကယ်ဖို့လိုတယ်"ဟု သူက ပြောသည်။
မြန်မာအမျိုးသမီးများကို ဒူဘိုင်းတွင် လစာကောင်းသည့် အလုပ်ရမည်ဟုဆိုကာ အီရတ်၊ အီရန်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ဂျော်ဒန်နှင့် အိုမန်နိုင်ငံတွေဆီ ရောင်းစားနေကြောင်း သိရသည်။
လူကုန်ကူးခံရသူများထဲမှ အမျိုးသမီး ၇ ဦးကို ကနဦးကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဒူဘိုင်းသို့ ပို့ဆောင်ရာမှာ အဓိက ပါဝင်သူဖြစ်သည့် ဒူဘိုင်းတွင် နေထိုင်သည့် မကေသီမြင့်ကို တာမွေမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မကေသီမြင့်ကို ဒူဘိုင်းရဲတပ်ဖွဲ့မှ ဩဂုတ်လ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ပြီး အင်တာပိုလ်ကလည်း လူကုန်ကူးသူအဖြစ် ကြေညာခဲ့သည်။
ရန်ကုန်မြို့မှ မကေသီမြင့်ဆီ လူပို့ပေးနေသည့် မမီးမီးနှင့် မဆွေဆွေမြင့်တို့ကိုလည်း မြန်မာရဲတွေက ဖမ်းဆီးမိခဲ့ကြောင်း ဆိုထားသည်။
ဒူဘိုင်းမှာ အလုပ်ရမည်ဟုဆိုကာ လိမ်လည်စေလွှတ်ခြင်းတွေ များနေသောကြောင့် သွားရောက်လုပ်ကိုင်မည့်သူတွေအနေနှင့် အယုံမလွယ်ကြရန် ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ သတိပေးထားသည်။
#ymg/NN
#Yangon _ Media_ Group
#Local_News
Published-13 Setember 2022
ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ကျပ် ၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၃၀ ခန့် ပြန်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၇၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာ ၂၄၂၀ ကျပ်၊ 95 တစ်လီတာ ၂၅၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၂၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၀၅ ကျပ် မြင့်တက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကို ရပ်နားထားရကြောင်းလည်း သိရသည်။
“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက် ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
#Ymg/STH
#Yangon_Media_Group
Page 1312 of 1771