#Local_News
Published 29 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဧပြီ ၂၈ ရက်ညနေ၃နာရီ၁၀မိနစ်ခန့်က အဆိုပါ ရေကန်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေဆင်းကူးကျရာမှ ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ေ-သဆုံးခဲ့သည့် အမျိုးသား မှာ ၁၄နှစ်ဝန်းကျင်ရှိပြီး အမျိုးသမီးမှာ ၁၈နှစ်ဝန်းကျင်ရှိကြောင်း အနီးနားနေသူများ၏ ပြောကြားချက်အရသိရသည်။
▪️ အဆိုပါရေနစ်မှုဖြစ်ပွားသည့် နေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄နာရီ ၂၇မိနစ်တွင် အမျိုးသား (သေဆုံး )ကို ဆယ်ယူနိုင်ခဲ့ပြီး ၄နာရီ ၄၁မိနစ် တွင်အမျိုးသမီး(သေဆုံး ) ကို ဆယ်ယူခဲ့ကာ မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်း၊ ရွာသာကြီးလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Lcoal_News
Published 29 April 2024
▪️ ကချင်ပြည်နယ်၊ကာမိုင်းမြို့အနီးဗဟိုပြု၍အင်အား ရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိမြေငလျင်လှုပ်ခတ် သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၁၅) မိနစ်၊ (၄၀) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှအနောက်- အနောက် မြောက်ဘက် (၄၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂) ဒီဂရီ၊ အနက် (၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_28 April 2024
▪️ ကော့ကရိတ်မြို့ ကို တပ်မတော်စစ်ကြောင်း များက ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ KKO(ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူး ပေါင်း အဖွဲ့ကကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များကို သာလွန်အင်အားများဖြင့် ကော့ကရိတ်- သင်္ကန်း ညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှု ကျေးရွာ၊ ရန်ကုတ်ကျေး ရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သောကြောင့်နယ်မြေ ခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အကြမ်းဖက်သောင်းကျန်းသူများက အင်အားများထပ်မံဖြည့်တင်း၍ ကော့ကရိတ်မြို့ မြောက်ခြမ်းကို ဆက် လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ပတ်ဝန်း ကျင်ကျေးရွာများမှတစ်ဆင့် မြို့ကိုအဝေးမှလက်နက်ကြီး များဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယင်းကြောင့်တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းကာ ဧပြီလ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူများကို အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation)ကို လက်နက်ကြီးပစ်ကူ များရယူပြီး စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့၍ ဧပြီလ ၂၂ ရက်တွင် တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အကြမ်းဖက် သောင်းကျန်းသူများက ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာဘက်သို့ လာရာ လမ်းကြောင်းအတိုင်းဖရိုဖရဲပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ကော့ကရိတ် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိုင်းရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြမ်းဖက် နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံ များ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၇ ရက်ထိ ကော့ကရိတ်မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင်လာကြကြောင်းသိရသည်။
#Yangon_Times/PP
#Local_News
Published 28 April 2024
▪️ "စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား"သီချင်းနှင့်သက်ဆိုင်သူအားလုံးကိုမြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီးအရှက်သိက္ခာကင်းမဲ့စွာရိုက်ကူးပြသခဲ့သည့်အတွက်ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
▪️ လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်သည့် သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားဖန်တီးမှုများဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော ဝတ်စားဆင်ယင်မှုများဖြင့်လည်းကောင်း အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည့်အတွက် အဆိုပါသီချင်းနှစ်ပုဒ်နှင့်သက်ဆိုင်သူအားလုံးကိုအမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။
▪️ “စောင့်ပက်”တေးသီချင်းဗီဒီယိုနှင့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား” တေးသီချင်းဗီဒီယိုတို့နှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်ဟုဆိုသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေး နှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊
▪️ အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ကြောင်း၊
▪️ သို့ပါ၍ ရုပ်ရှင်နှင့်ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။
#tthl #Yangon_Times
#Local_News
Published 28 April 2024
▪️ ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့်၊ဖုန်းပြောခြင်းများပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။
▪️ ဆေးလိပ်သောက်ခြင်းသည် ကိုယ်တိုင်သာမကတဆင့်ခံရှူရှိုက်သူအထိပါ ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ယာဉ်မောင်းစဉ်ဖုန်းပြောခြင်းသည်လည်း အန္တရာယ်ကျရောက်နိုင်သည့်အတွက်ယာဉ်စီးနင်းသူများအနေဖြင့်တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
▪️ " YBSယာဉ်မောင်းတွေကိုကားပေါ်မှာ ဆေးလိပ်မသောက်ဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ခရီးသွားသူတွေအနေနဲ့တိုင်ကြားနိုင်ပါတယ်၊ ယာဉ်မောင်းရင်းဖုန်းပြောတာလည်းတိုင်ကြားနိုင်ပါတယ်၊ ဆေးလိပ်သောက်တာ၊ဖုန်းပြောတာတွေ့ရင် သတ်မှတ်ဥပဒေအတိုင်း ဒဏ်ကြေးငွေသုံးသောင်းသတ်မှတ်ထားတဲ့အတိုင်းအရေးယူဆောင်ရွက်သွားပါမယ် " ဟု (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
▪️ ထိုသို့ဆက်သွယ်တိုင်ကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) call centre 09-448147149 , 09-448147153 ဘိုင်ဘာများမှတစ်ဆင့်ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ကာ ဒဏ်ငွေကျပ်သုံးသောင်းအထိ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Publicshed 28 April 2024
▪️ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၌ဒေသန္တရနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်း ၁၁၀ ကျော်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ ကဲ့သို့ဆောင်ရွက်ရာ၌ ထန်းတပင်မြို့နယ်အတွင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ ဒသမ ၇၁၉ ဘီလီယံဖြင့် လုပ်ငန်း ၈၈ ခု နှင့် ပြည်ထောင်စုခွင့်ပြုငွေ ကျပ် ၄၃ ဒသမ ၅၄၉ ဘီလီယံဖြင့် လုပ်ငန်း ၂၅ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၃ ခုကို ငွေကျပ် ၅၄ ဒသမ ၂၆၈ ဘီလီယံ ဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Publicshed 28 April 2024
▪️ ယခုနှစ် မိုးရာသီအတွင်းလေဖိအားနည်းရပ်ဝန်းရှစ်ကြိမ်အထိဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။
▪️ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။
#YMG/ NN #Yangon-Times
Page 243 of 1771