Published 16 May 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို
JJ Expressယာဉ်မှ ဝင်တိုက်သဖြင့်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးေ-သဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည့်။
မေလ၁၆ရက် မနက်၄နာရီ၁၅မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၈/၆)အနီးတွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို JJ Express (အဝါရောင်)ယာဉ်က နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် JJ Express(အဝါရောင်)ယာဉ် ပေါ်ပါ ရှိသည့် (၁၅)ဦးအနက်
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး (သေဆုံး)ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်သည့်နေရာကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူနှင့်ေ-သဆုံးသူတို့ကို ဥမျှင်ကျေးရွာမှ ပရဟိတအသင်းပိုင်သူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် (၄၁)ဦးပါသည့် FAM Trip အဖွဲ့သည်ရန်ကုန်၊ငွေဆောင်တို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး နေပြည်တော်၊ ပုဂံ၊ မန္တလေးတို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဆက်လက်သွားရောက်လည်ပတ်ကြမည်ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip)အဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီးနှင့် တာဝန်ရှိသူများဖြင့်တွေ့ဆုံခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် ဦးဆောင်လိုက်ပါလာသည့် မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. David Liu က
"၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ကြားသိရသော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နိုင်သည့် သတင်းများမှာ ယခုလာရောက်ရာတွင် သတင်းတု သတင်းမှားများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍ လာရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရကြောင်း၊
မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေအား ယခု ခရီးစဉ်တွင် တရုတ်မီဒီယာများ၌ တိုက်ရိုက်လွှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လွှင့်တင်သွားမည်ဖြစ်ကြောင်း၊
ယခုခရီးစဉ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ယခုခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးကောင်းမွန်စွာ စီစဉ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း" ပြောကြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လည်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) တွင် လိုက်ပါခဲ့ကြသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ သာယာလှပသည့် ခရီးစဉ်ဒေသများကို နှစ်သက်သဘောကျကြမည်ဟုယုံကြည်ကြောင်း၊
ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများအတွက် အလွယ်တကူလာရောက် လည်ပတ်နိုင်သော အချက်အချာကျသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ နေပြည်တော်သည် ပြပွဲများနှင့် အစည်းအဝေးများကျင်းပခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အုံများ ပြည့်စုံမှုရှိပါကြောင်း၊
နေပြည်တော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိသည့်အတွက် လာရောက်မည့် ခရီးသွားဧည့်သည်များက ရသမျိုးစုံခံစားနိုင်သော ခရီးစဉ်ဒေသတစ်ခုပင် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေနှင့် နေပြည်တော်သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာမှ မီဒီယာများ၊ ခရီးသွားအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ ဖန်ထရစ်ခရီးစဉ်များ၊ Tour Package နှင့် ခရီးသွားအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲခြင်းများ၊ ခရီးစဉ်မြှင့်တင်ကြော်ငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊
ကိုယ်စားလှယ်တော်ကြီးများ သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် “One Tourist One Tree” ပုံစံဖြင့် သစ်ပင်စိုက်ပျိုးမှုအစီအစဉ်ကို အမှတ်တရ အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းပေးထားခဲ့ပါကြောင်း၊
ယခု ဖန်ထရစ်ခရီးစဉ် (FAM Trip) တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ခရီးစဉ်ပြီးမြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အာလွန်ကဲအို ကစ်တီကွန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ပူးတွဲအစည်းအဝေးကို မေ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ထွန်းထွန်းနောင်၊ ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn၊ ASEAN Coordinating Centre for Humanitarian Assistance on disaster management (the AHA Centre) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် လက်ရှိဆောင်ရွက်လျက်သည့်ကိစ္စများ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal Hotel ၌ အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
##Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
ယူကရိန်း စစ်မြေပြင်အခြေအနေက ဗုဒ္ဓဟူးနေ့မှာ ပိုမိုဆိုးရွားလာတာကြောင့် သမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက နိုင်ငံခြားခရီးစဥ်တွေအားလုံး ရွှေ့ဆိုင်းလိုက်ရပါတယ်။
ခါကိဗ်ဒေသရှိ အရှေ့မြောက်ဘက် နယ်စပ်မြို့ ဗို့ဗ်ချန့်စ်မှာ တိုက်ခိုက်မှုတွေ ပြင်းထန်နေတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ရုရှားတို့က ထိုဒေသကို သောကြာနေ့က စတင်ကျူးကျော်လာပြီး စစ်မျက်နှာပြင်အသစ် ဖွင့်လာရာ နယ်စပ်မှ ၅ ကီလိုမီတာဝေးတဲ့ မြို့ကိုသိမ်းပိုက်ထားနိုင်ပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် အရှေ့ဘက်နဲ့ တောင်ဘက် ၁၀၀၀ ကီလိုမီတာရှိတဲ့ ရှေ့တန်းမှာ နေရာယူထားတဲ့ ယူကရိန်းတပ်တွေ ဟန်ချက်ပျက်လာစေကာ ရုရှားတို့က အရှေ့ဘက်ကို တဖြည်းဖြည်းချင်း နေရာယူလာပါတယ်။
အခြေအနေက အလွန်ခက်ခဲလာပြီး ဗို့ဗ်ချန့်စ်မြို့က လမ်းတွေမှာ ရန်သူတွေ နေရာယူထားကြောင်း ဗို့ဗ်ချန့်စ်ကင်းလှည့်ရဲတပ်ဖွဲ့ အကြီးအကဲ အိုလက်ခ်ဆီခါကိဗ်စကီက ပြောပြသွားပါတယ်။
မြို့ထဲကို ရုရှားခြေလျင်တပ်အချို့ ဝင်ရောက်လာပေမယ့် ယူကရိန်းတပ်တွေက တချို့တဝက်ကို ပြန်ဖယ်ထုတ်နိုင်ခဲ့ကာ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း အစွန်တွေမှာ ပြင်းထန်စွာ ခုခံနေရတယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြပါတယ်။
နယ်စပ်တလျှောက် ရုရှားတိုက်ခိုက်မှု ၄ ကြိမ်ကို ခုခံနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ညဘက်ကြီး တင်ပြလာပါတယ်။
ရန်သူဘက်က အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဗို့ဗ်ချန့်စ်နဲ့ လုခ်ယန်စီဒေသတို့မှာ ယူကရိန်းတပ်တွေ နေရာအသစ် ရွှေ့ပြောင်းခဲ့ရကြောင်း ဆိုပါတယ်။
ရုရှားက ထိုဒေသမှာ နေရာသစ် ၂ ခုထပ်မံခြေချနိုင်ခဲ့ရာ သောကြာနေ့တည်းကဆိုရင် ၁၂ နေရာရှိလာပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဗို့ဗ်ချန့်စ်မှာ ကျန်နေတဲ့ ရဲအရာရှိတွေက အရပ်သား ၈၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နိုင်အောင် ကူညီပေးနေပါတယ်။
ဇယ်လန်စကီက လာမယ့်ရက်တွေမှာ သွားဖို့စီစဥ်ထားတဲ့ နိုင်ငံခြားခရီးစဥ်အားလုံး ရွှေ့ဆိုင်းထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီနစ်ကီဖိုရော့ဗ်က ဆိုပါတယ်။
ယူကရိန်းက တပ်သားအင်အား လျော့နည်းနေတဲ့အပြင် အမေရိကန်မှ လက်နက်ထောက်ပံ့မှုတွေကလည်း နှောင့်နှေးနေပါတယ်။
ဒါဟာ ရုရှားတို့အတွက် အခွင့်ကောင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း သိရှိနေတယ်လို့ ယူကရိန်းလွှတ်တော် ဥပဒေပြုအမတ် ဆာဟီရက်ခ်မာနင်က ပြောပါတယ်။
Source: Reuters
#World_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 16 May 2024
ရန်ကုန်တိုင်းသို့ပို့လွှတ်နေသည့် ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုဖြစ်၍ဓာတ်အား(55 MW) လျော့နည်းမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ထုတ်ပြန်ချက်အရသိရသည်။
ယင်းလိုအပ်ချက်ကို အလုံဓာတ်အားပေးစက်ရုံနှင့်သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှဓာတ်အားများဖြင့် တတ်နိုင်သလောက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်သည်ဟုဆိုသည်။
ထုတ်ပြန်ချက်တွင်
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်လျှက်ရှိသည့် ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား ဘီးလင်းမြို့အနီးတွင် ယနေ့ (၁၅.၅.၂၀၂၄)ရက်နေ့မှ (၁၆.၅.၂၀၂၄)ရက်နေ့အထိ (၂)ရက်ခန့် လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း
၂။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုမောင်းနှင်လျှက်ရှိသည့် ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပေးနိုင်မှု (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း
၃။ လျော့နည်းသွားသည့် ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုအစား နေ့ပိုင်းတွင် ရတနာသဘာဝဓာတ်ငွေ့အားအသုံးပြုမောင်းနှင်၍ အလုံဓာတ်အားပေးစက်ရုံမှ (22 MW) ခန့်ဖြင့်၎င်း၊ ညပိုင်းတွင် ဒီဇယ်အားအသုံးပြု၍ သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှ (50 MW) ခန့်ဖြင့် ၎င်း၊ ထုတ်လုပ်မောင်းနှင်၍ အတတ်နိုင်ဆုံး ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားထားကြောင်း သိရသည်။
ယင်းအပြင် ဗဟန်းမြို့နယ် YESCကလည်း (15.5.2024) ရက်နေ့ (23:00)နာရီအချိန်တွင် 66kV သာကေတ-ပုသိမ်ညွန့်-ကျိုက္ကဆံဖီဒါအား ဓာတ်အားစနစ်အတွင်း ဝန်အားထိန်းညှိမှုအရ
ဗဟန်းမြို့နယ်၏ 33kV ရွှေဂုံတိုင်ဓာတ်အားခွဲရုံတွင် ဓာတ်အားပြတ်တောက်နေမှုကြောင့်
ပုလဲကွန်ဒို (C, D, E, F), Rose Hill Tower, Ocean City Market, Globle News Light of Myanmar သတင်းစာတိုက်၊ သာသနာ့ရိပ်သာလမ်း အနည်းငယ်၊ ကမ္ဘာဇလမ်း၊ ရွှေတောင်ကြားရိပ်သာလမ်း၊ ကမ္ဘောဇရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း (ပုလဲကွန်ဒိုမှ နတ်မောက်လမ်းသွယ်(၁)အထိ)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ရွှေမင်းဝံသာသနာရိပ်သာလမ်း၊ အေးချမ်းသာယာလမ်း၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ ဘဏ်ရိပ်သာ၊ Data Plaza၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ရွှေဂုံရိပ်မွန် အိမ်ရာ၊ ရွှေဂုံပလာဇာအိမ်ရာ၊ 121 အိမ်ရာ၊ ဗိုလ်စိန်မှန်လမ်းအနည်းငယ်၊ ဗိုလ်ဗထူးလမ်း အနည်းငယ်၊ အနောက်မြင်းကွင်းလမ်း အနည်းငယ်၊ အောင်ချမ်းသာ အိမ်ရာ၊ ပြန်ကြားရေးဝန်ထမ်းအိမ်ရာ၊ SSCဆေးရုံ၊ ဥယျာဉ်လမ်း၊ ဆာဖိုးသာဝန်း၊ ကင်းဘဲလမ်း၊ ငါးထပ်ကြီးဘုရားလမ်း၊ ဒေါ်ခင်ကြည်ဆေးရုံ၊ တိုင်းရင်းဆေးရုံကြီး၊ အင်ကြင်းမြိုင်အိမ်ရာတို့ ယာယီ ဓာတ်အားပြတ်တောက်လျှက်ရှိပါကြောင်း အသိပေး ပန်ကြားထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၁၅ မေ ၂၀၂၄
မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေတွေကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နေပြည်တော်သို့ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Alounkeo KITTIKHOUN ၊အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN တို့ ယနေ့ မေလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံမှုကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ် စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မေလ၅ရက် နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ .. အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့်ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိမှုအခြေအနေများကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းအပြင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များ ကိုသိရှိအောင်ဆောင်ရွက် ရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့်အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များဆွေးနွေးရန်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ၊ AHA Center အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လိုသတင်းရရှိပါတယ်။
@ymg/knl
၁၅ မေ ၂၀၂၄
ပင်လယ်ပြင်အတွင်း တရုတ်ကုန်တင်ရေယာဉ်တစ်စီးတွင် အမြင့်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရသူ တရုတ် သင်္ဘောသားတစ်ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ် နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင် ရေယာဉ်ကြီးပေါ်မှ ရေယာဉ် အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့်ဟိုင်းကြီးကျွန်းမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် (ရေ)မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး အတွက် အဆိုပါကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရ လူနာတရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ် အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ လူနာအား ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ယင်းနောက်ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ပြီးနောက်လိုအပ်သော ဆေးအကာအကွယ်ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့ သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
@ymg/knl
Page 211 of 1769