#LocalNews
Published -22 Mar 2022
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရက ကွပ်ကဲမှုရုံးကို ၂၄ နာရီဖွင့်ကာ တာဝန်ချထားပြီးအရေးပေါ်ကယ်ဆယ်ရေးစုဖွဲ့မှုများပြုလုပ်ထားကာ ကမ်းရိုးတန်းသွားယာဥ်များကို မတ်လ ၂၁ ရက်နေ့ကစပြီး ရပ်နားထားစေကာ လေယာဥ်ခရီးစဥ်များကို ယနေ့မှစ၍ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်များအား အဆင်သင့်စုဖွဲဆောင်ရွက်ထားတယ်လို့ ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
"ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ လေထိုးဘုတ်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ထားပါတယ်။အရေးပေါ်အခြေအနေဖြစ်လာတာနဲ့ သွားရောက်ကူညီနိုင်ဖို့ပါ"ဟု ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဆောင်ရွက်ရာမှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်တွေနဲ့ မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ဆောင်ရွက်ထားတယ်လို့သိရပါတယ်။
မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ သံတွဲမြို့၏ တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၂၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား ၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကာ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ၌ မြောက်လတ္တီကျု(၁၄.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။
အားကောင်းသောမုန်တိုင်းငယ်သည် လာမည့် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှလည်းကောင်း၊ မတ်လ ၂၃ ရက် နံနက်ပိုင်း တွင်ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 22 March 2022
စင်ကာပူနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား ၁၂၄ ဦးအား မတ် ၂၁ ရက် နေ့တွင် (၉၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်၊ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ် ပြန်ကြသူများ အပါအဝင် စုစုပေါင်း ၁၂၄ ဦး လိုက်ပါသွားကြပါတယ်။
လိုက်ပါမည့် မြန်မာနိုင်ငံသားများအား လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
#Yangon_Media_Group
Published 21 March 2022
ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်မြတ်ကြီးရဲ့ အန္တိမအဂ္ဂိ ဈာပနပူဇော်ပွဲကို မတ် ၂၂ ရက် အင်္ဂါနေ့ မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။
ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်တော်မြတ်ကို နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊နစကကောင်စီဝင်များနှင့် အဖွဲ့ဝင်တွေဟာ မတ်လ(၂၁)ရက် ယနေ့မွန်းလွဲ ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးကို ၁၂၉၁ ခုနှစ် တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် စာစဉ်ရပ်ကွက်၌ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထွားတို့မှ ဖွားမြင်ခဲ့ပါတယ်။ ဆရာတော် လောင်းလျာသည် ၁၃၀၄ ခုနှစ်တွင် မုဒုံမြို့ ကျောက်ဝိုင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဝန ကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် ဗဟန်းမြို့နယ် ကံသာကျောင်းသစ်ကျောင်း သီလဝိသော ဓနီ သိမ်တော်၌ ရန်ကုန်မြို့ ဦးဖေသိန်း၊ ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့် မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို ကြိုးစားအားထုတ် လေ့လာသင်ယူတော်မူခဲ့ပြီး သာသနဓဇ သိရီပဝရဓမ္မာစရိယ သိရောမဏိနှင့် Dip.BD ဘွဲ့တို့ကို ရရှိတော် မူခဲ့ပါတယ်။ မရမ်းကုန်း မြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား စာပေ ကျမ်းဂန်များ သင်ကြားပို့ချတော်မူခဲ့ခြင်း၊ ရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသနိက အဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်းနှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယဆရာတော် အဖြစ်လည်းကောင်း၊ သံဃာအဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ ပန္နရသမ ရွှေကျင်သာသနာပိုင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါတယ်။
ယင်းကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ၁၃၇၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ ၁၃၈၂ ခုနှစ် တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၃) သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော်(၄) ရက် ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
#LocalNews
Published_20 March 2022
မြန်မာနိုင်ငံကို နိုင်ငံတကာက ခရီးသွားတွေလာနိုင်ဖို့အတွက် ကိုဗစ်ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးဖို့လိုနေသေးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
#LocalNews
Published_1 March 2022
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက် အုပ်စုဖွဲ့ရိုက်နှက်ခံရတာဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ထိုင်းနိုင်ငံ ရခိုင်အလုပ်သမားများအဖွဲ့(AWO)က ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 21 March 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်းပြတ်တောက်နေသည်မှာ လဝက်ခန့်ရှိလာပြီး အခုလို အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် ဒေသခံများအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အဆိုပါတမူးမြို့တွင် ဝိုင်ဖိုင်လိုင်းအချို့သာရရှိနေပြီး တချို့မြို့နေဒေသခံများကတော့ အင်တာနက်အသုံးပြုဖို့အတွက် အိန္ဒိယကတ်များကို ဝယ်ယူသုံးစွဲနေရတယ်လို့ ဆိုပါတယ်။
"အင်တာနက်က လုံးဝမရဘူး။ အတော်လေးအခက်အခဲဖြစ်ပါတယ်။ ဘာသတင်းအချက်အလက်မှ မသိရတော့ဘူးပေါ့။ အခုဆိုရင် လိုင်းတွေပြတ်တာ လဝက်လောက်ရှိလာပြီ။ အခုထိ ပြန်မရသေးဘူး၊ ကြိုး Wifi လိုင်းတွေတော့ရတယ်။ သူကလည်း အရင်ရှိပြီးသားသူ တွေပဲ သုံးလိုရတာ။ အခုမှ တပ်ချင်ရင်တစ်လစောင့်ရမယ်ပေါ့။ ဒါတောင် တပ်ချင်တိုင်းတပ်လို့မရဘူး။ တချို့ကျတော့လည်း အိန္ဒိယကတ်တွေဝယ်သုံး ဒီလိုပဲ အဆင်ပြေအောင်လုပ်နေရပါတယ်။ အင်တာနက်သုံးပြီး လုပ်ရတဲ့အလုပ်တွေကတော့ အခုအချိန်မှာ ရပ်ထားရတာပေါ့။"လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိ တမူးမြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရမှုကြောင့် စီးပွားရေးနှင့် အခြားသောလုပ်ငန်းများလုပ်ဆောင်ရာမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ စစ်ကိုင်း၊ ရွှေဘို အစရှိသည့် မြို့အချို့တွင်သာ အင်တာနက်လိုင်းများရရှိနေတာဖြစ်ပါတယ်။
"စစ်ကိုင်းတိုင်းထဲမှာဆို ၄ မြို့နယ်ပဲ အင်တာနက်ရတယ်ပြောတယ်။ မြို့ကြီးတွေပေါ့ ကျန်တဲ့နေရာတွေကတော့ အင်တာနက်လုံးဝမရပါဘူး။" လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
အခုလို မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းများကိုလည်း လက်ရှိကာလမှာ ခေတ္တရပ်နားထားရတယ်လို့ ဆိုပါတယ်။
မိုဘိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် တမူးမြို့ဒေသခံများအနေနဲ့ မြန်မာငွေကျပ် တစ်သောင်းကျော်ပေးဝယ်ရသည့် အိန္ဒိယကတ်များကိုသာ ယာယီ ဝယ်ယူသုံးစွဲနေရတယ်လို့လည်း တမူးမြို့ဒေသခံတွေက ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#DailyNews
Published - 21 Mar 2022
၁။ ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းသားတစ်ယောက်အား အုပ်စုဖွဲ့ရိုက်နှက်သည့်ဖြစ်စဉ်မှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်စရာဖြစ်ဟုဆို။
၂။ ပြည်ပခရီးသွားများလာရောက်နိုင်ရေး ကိုဗစ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ရန်လိုနေသေး။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ လွန်ခဲ့သည့်နှစ်သန်းပေါင်း ၃၆ သန်းခန့်က ဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို ပီရူးကန္တာရတွင်ရှာဖွေတွေ့ရှိ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 1857 of 1949