#LocalNews
Published - 24 March 2022
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ နေ့ကစတင်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များမှာ နိုင်ငံသားမှတ်ပုံတင် ပြနိုင်တော့မှသာ လိုက်ပါစီးနင်းခွင့်ပြုတော့မယ်လို့ မနေ့က မတ်လ ၂၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
ယခင်က ပြည်တွင်းလေကြောင်းလိုင်းတွေမှာ ခရီးသွားလာကြသူတွေကို နိုင်ငံသားမှတ်ပုံတင်ကတ်မပြနိုငရင် ထောက်ခံစာ၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာနိုင်ငံကူးလက်မှတ်များအပြင် အခြားအထောက်အထားတစ်မျိုးမျိုးဖြင့် အစစ်ဆေးခံပြီး လေယာဉ်နဲ့ ခရီးသွားလာတာကို ခွင့်ပြုပေးခဲ့ပါတယ်။
ယခုအခါမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (စာအမှတ် ၁၀၂/လ-၄(၁၁၈၁) လရ/လဝက) ရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီက စတင်ပြီး နိုင်ငံသားမှတ်ပုံတင်ပြနိုင်မှ လေကြောင်းခရီစဉ်ကို လိုက်ပါစီးနင်းခွင့်ပြုမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှု လျော့နည်းလာတဲ့အတွက် မြန်မာနိုင်ငံမှ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို ဧပြီလ ၁၇ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုထားတယ်လို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကြေညာထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 24 March 2022
တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု လေ့ကျင့်ရေးစီမံကိန်းကနေ ကျွမ်းကျင်လုပ်သား ၇၀၀ ကျော်ကို မွေးထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေ့ကျင့်ရေးသင်တန်းကို ၂၀၁၈ ခုနှစ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလေ့ကျင့်ရေးစီမံကိန်းကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စီမံကိန်းစတင်ခဲ့သည့် ( ၂)နှစ်တာကာလအတွင်း၌ လေ့ကျင့်မှု (၃၄)ကြိမ်ပြုလုပ်ခဲ့ပြီးသင်တန်းသား သင်တန်းသူပေါင်း ၇၁၀ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးသင်တန်းသူများဖြစ်ပြီး သင်တန်းသား/သင်တန်းသူများသည် ဒေသန္တရစိုက်ပျိုးသီးနှံများကို အခြေခံ၍ အာဟာရရှိသော၊ ဘေးကင်းသော၊ သန့်ရှင်းသော၊ အရည်အသွေးမြင့် တန်ဖိုးမြင့် (value added) ထုတ်ကုန်များ ထုတ်လုပ်သည့်စွမ်းရည်ကို လေ့ကျင့်ပိုင်နိုင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ စီမံကိန်းကနေ မြန်မာနိုင်ငံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးလိုက်ပြီး ဒေသခံလုပ်ငန်းများတိုးတက်မှုကို မြှင့်တင်ပေးနိုင်ခဲ့နတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 24 March 2022
တရုတ်နိုင်ငံ Sonopharm Group နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်ကာကွယ်ဆေးကို စတင်ထုတ်လုပ်နိုင်ပြီလို့ နစက က ကြေညာထားပါတယ်။
Myancopharm ကိုဗစ်ကာကွယ်ဆေးကို ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှာ လစဉ် ကာကွယ်ဆေး Doeses တစ်သန်းနှုန်းနဲ့ လစဉ် ထုတ်လုပ်သွားမယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ကာကွယ်ဆေး Doses ၁၀ သန်း ထုတ်လုပ်သွားမှာ ဖြစ်ပြီး ပြည်သူလူထုထံ ကာကွယ်ဆေးထိုးနှံတဲ့အစီစဉ်မှာ Myancopharm ကို ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ မနေ့က ရန်ကုန်မှာကျင်းပတဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်တဲ့အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
ယခု Myancopharm ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုဆိုတာဟာ Sinopharm Group မှ ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးကို Ready to Fill Bulk အနေနဲ့ ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းတာ ဖြစ်ပါတယ်။
ပုလင်းသွင်းဖြည့်တင်းပြီး လုပ်ဆောင်တဲ့ နိုင်ငံတွေမှာ အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ လေးနိုင်ငံလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခု ထုတ်လုပ်ထားတဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေးဟာ ဆေးပုလင်း တစ်လုံးကို လူငါးဦးစာ 5 Doeses ဖြစ်ပြီး အပူချိန် ( 2-8 ံC) အတွင်း ထားရှိဖို့လိုအပ်ပြီး ဆေးရဲ့ သက်တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။
“ Sinopharm Group နဲ့ မြန်မာနိုင်ငံရဲ့ Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံဟာ Sinopharm Group က အာရှ-ပစိဖိတ်ဒေသရဲ့ ပထမဆုံး တရားဝင်ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးစက်ရုံဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းသို့ နောက်ထပ် ယွမ် ၁၀ ဒဿမ ၅ သန်း တန်ဖိုးရှိတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းထောက်ပံ့ပေးပြီး နှစ်ဦးနှစ်ဖက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သံအမတ်ကြီး Mr.Chen Hai က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံကို ကာကွယ်ဆေးထိုးအပ် ၃ သန်း အရေးပေါ်လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံ Sinopharm Groupနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အသည်းရောင်အသားဝါဘီပိုး၊ တုပ်ကွေး ကာကွယ်ဆေးတို့ ထုတ်လုပ်ဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 24Mar 2022
မတ်လ ၂၃ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးက ညမထွက်ရဒေသန္တရအမိန့်ကို လိုက်လံကြေညာပြီး နေအိမ်သို့အပြန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဥ်မှာ မတ်လ ၂၃ရက် ည ၉ နာရီ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာပန်းလှိုင်လမ်းနှင့် ဂေါက်ကွင်းပတ်လမ်းထောင့်နေရာတွင် ရာအိမ်မှူး(၁)ဦး ပစ်ခတ်ခံရမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့က အဖွဲ့ဖြင့် သွားရောက်စိစစ်ခဲ့ရာ ရာအိမ်မှူး ဦးလှထွန်းနိုင် မင်းကြီးမဟာမင်းခေါင်လမ်း၊ ညောင်ကျေးရွာနေသူထိုင်သူသည် ကျေးရွာအတွင်း ရာဇဝတ်ကျင့်ထုံးပုဒ်မ-၁၄၄ အရ ည ၁၂ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ ဒေသန္တရအမိန့်အား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လိုက်လံကြေညာခဲ့ပြီး နေအိမ်သို့အပြန် ဆိုင်ကယ်(စိစစ်ဆဲ)၊ လူ(၂)ဦး စိစစ်ဆဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
"ရာအိမ်မှူးဖြစ်သူက ညမထွက်ရအမိန့်ပြင်ဆင်တာကို လိုက်လံကြေညာပြီး အိမ်အပြန်မှာ ပစ်ခတ်ခံရတာပါ။ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ရာအိမ်မှူး လှထွန်းနိုင်၌ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ(၁)ချက်၊ ယာခြေထောက်(ဒူးခေါင်းအောက်) ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ NRC LUGER ကျည်ခွံ(၃)ခု တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ လှထွန်းနိုင်အား ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစေလျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -24 Mar 2022
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့၊ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထားပြန်လည်ပြေးဆွဲမှုကို မတ်လ ၂၄ရက်နေ့ ယနေ့မှ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရပါတယ်။
ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို ပြည်တော်သာဘူတာတွင်ကျင်းပခဲ့ပြီးအခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)နှင့်တာဝန်ရှိ သူများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ရထားပြေးဆွဲရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ပြီး ယခုပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် သံလမ်းတာဘောင် ရေတိုက်စားမှု ပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသားတာဘောင်နိမ့်ဆင်းသည့် ပေ ၄၀ အရှည်ဇောပူဂျာ တံတားအား ဘေလီတံတားထိုးပြုပြင်၍ ရထားပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်သည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစေရေး၊ ရေချမ်းပြင်နှင့်စစ်တွေကြားရှိ ကျေးရွာများမှ ပြည်သူများဈေးရောင်းဈေးဝယ် အဆင်ပြေစေရေး၊ ပြည်တော်သာ(စစ်တွေ) မှ ရေချမ်းပြင်ကြားရှိကျေးရွာများသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးတို့အတွက် ရထားအားပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကာ အသွားအပြန်ခရီးအတွက် ယခင်နှုန်းထားအတိုင်း ငွေကျပ် ၃၀၀ ဖြစ်ကြောင်းသိရပါတယ်။
ထိုသို့ ရထားပြေးဆွဲရာတွင် RBE ရထားသည် ပြည်တော်သာဘူတာမှ နံနက် ၇နာရီတွင် ထွက်ခွာ ၍ ရေချမ်းပြင်ဘူတာသို နံနက် ၈ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင်ဘူတာမှ နံနက် ၁၀ နာရီတွင် ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ နေ့လယ် ၁၁ နာရီတွင်လည်းကောင်း၊ ပြည်တော်သာဘူတာမှ နေ့လယ် ၂ နာရီပြန်လည်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ ညနေ ၃ နာရီတွင်လည်းကောင်း ရေချမ်းပြင် ဘူတာမှ ညနေ ၄ နာရီ ပြန်လည်ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ ညနေ ၅ နာရီတွင် လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်သည်။
ရထားပြေးဆွဲခြင်းကို နေ့စဉ်အစုန်၊ အဆန်လေးခေါက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက်တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာနှင့် ရေချမ်းပြင်ဘူတာတို့မှာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_24 March 2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး ၊ ယခင်က မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဥက္ကဌ မြို့တော်ဝန် ၊ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးတို့ နှစ်ဦးကို ခေါ်ယူမေးမြန်းနေခြင်းသာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက YGM ကို ပြောသည်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ သူရ ဦးရွှေမန်း၏ သား ဦးတိုးနိုင်မန်း တို့လည်း အဖမ်းခံရကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်နေသည်မှာလည်း မဟုတ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှာ လာမည့် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေခြင်းသာဖြစ်ကြောင်း ၎င်းကပြောသည်။
"ဦးအောင်သန်းဦးနဲ့ မြို့တော်ဝန်ကို ဖမ်းဆီးထိန်းသိမ်းထားတာတော့ မဟုတ်ဘူး။ ခေါ်ယူမေးမြန်းလျက်ရှိတယ်၊ မေးမြန်းစရာတွေရှိတာတွေကို ခေါ်ယူမေးမြန်းလျက်ရှိပါတယ်။ ကျွန်တော်တို့ အကြောင်းစုံပြောနိုင်တဲ့အချိန်မှာ ပြန်ပြီးတော့ပြောပေးပါမယ်။
အခုကတော့ ဒီကနေ့ အွန်လိုင်းပေါ် ပြန့်နေတာက ဦးကျော်ဆွေတို့ ဦးတိုးနိုင်မန်းတို့ ဦးရဲထွဋ်တို့ ကိစ္စတွေက မဟုတ်ပါဘူး။
ဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ နေပြည်တော်မှာ တပ်မတော်နေ့ အခမ်းအနားတက်ဖို့ ရောက်ရှိလျက်ရှိပါတယ်၊ ကျွန်တော်သိသလောက်ကတော့ ဦးတိုးနိုင်မန်းကတော့ မြန်မာပြည်မှာတောင် မရှိဘူးနဲ့တူတယ်။ နောက်ပြီးကျတော့ ဦးရဲထွဋ်ကိစ္စကလည်း မဟုတ်ပါဘူးဗျာ့"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရန်ကုန် စီးပွားရေးဝန်ကြီးနှင့် မြို့တော်ဝန်တို့ကို မည်သည့်အကြောင်းကြောင့် ခေါ်ယူမေးမြန်းနေသည်ကို တိတိကျကျ မသိရသော်လည်း မြေလွတ်မြေရိုင်း လျှောက်ထားကြသည့်ကိစ္စနှင့် ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published- 24 Mar 2022
သထုံမြို့နယ်တွင် မြန်မာ-ထိုင်းနယ်စပ်ကိုပို့ ဆောင်မယ့်ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်းဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/ ၆) အနီးတွင် ပဲခူးမှ မော်လမြိုင်ဘက်သို့ ရဲဝင်းအောင် (၃၀)နှစ် မောင်းနှင်ပြီး အောင်ဇေဦး(ခ)ကိုဦး(၂၃)နှစ် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်နှင့် တာဝန်ခံသယ်ဆောင်သူ ဇော်ဇော်(၃၉)နှစ် မောင်းနှင်လာသည့် SUZUKI SWIFT မော်တော်ယာဉ် ၂ စီးတို့ အား သတင်းအရရှာဖွေရာ ၂၂ ဘီး တွဲယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၂၀၀ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1853 of 1949