#LocalNews
Published - 1 April 2022
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် ယာဥ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းအချိန်က ကော့ကရိတ်-မြဝတီ အာရှလမ်း တတန်ကူးဘုရားအတက်ကွေ့မှာ မြဝတီမှ ဆင်းလာတဲ့ မှန်လုံယာဉ်ငယ်က တစ်ဖက်ယာဉ်ကြောမှလာတဲ့ "VOXY" ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ဒေသခံပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ခရီးသည်တစ်ဦးကို ဘားအံဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"ထိခိုက်ဒဏ်ရာရသူက ယာဉ်မောင်းမဟုတ်ပါဘူး။ခရီးသည်သာဖြစ်ပါတယ်။ သူ့ကို ဘားအံဆေးရုံသို့ သွားရောက်ပို့ဆောင်နေပါပြီ။"လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဓါတ်ပုံ - Ko Htaik
ymg/kg
#Yangon_Media_Group
#DailyNews
Published -1 April 2022
၁။ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်
၂။ မြန်မာပြောင်း တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရလာတာကြောင့် နိုင်ငံတကာမှာ ရရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးရရှိလာနိုင်
၃။ မိုးလေဝသ သတင်း
၄။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ရည်ရွယ်၍ ကြီးမားခမ်းနားလှသော အားကစားပြတိုက်ကြီး ကာတာတွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 1 April 2022
စက်သုံးဆီတွေ စျေးနှုန်းကြီးမြင့်လာမှုကြောင့် ရန်ကုန်မြစ်ကူး သမ္ဗာန်စီးနင်းခနှုန်းထားတွေ မြင့်တက်လာခဲ့သည့်အတွက် ယခုကာလမှာ ရန်ကုန်(ပန်းဆိုးတန်း - ဒလ)ကူးတို့သင်္ဘောကို စီးနင်းသူခရီးသည်တွေ ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်(ပန်းဆိုးတန်း - ဒလ) ချယ်ရီသင်္ဘောခရီးစဥ်ကို နေ့စဥ်ပုံမှန်(၄၂) ခေါက်အထိ ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။
"ဒီကာလ အားလုံးတက်တယ် မတက်တာ ဘာမှမရှိဘူး။ထူးခြားတာက သင်္ဘောစီးခ မတက်ဘူး။ ယခင်အတိုင်း တစ်ဦးကို ၁၀ဝ ကျပ်ပဲ။ သဲကုန်းဆိပ်ဘက်မှာက သမ္ဗာန်စီးခ ၃၀၀ ထိ ခုန်တက်သွားပြီးဆိုတော့ ဈေးမတက်သေးတဲ့ သင်္ဘောပြောင်းစီးရတယ်။"လို့ ဒလ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ရန်ကုန်(ပန်းဆိုးတန်း - ဒလ) သင်္ဘောစီးခမှာ ယခင်အတိုင်း တစ်ဦး ၁၀ဝ ကျပ်ပဲဖြစ်ကာ သမ္ဗာန်စီးနင်းခကတော့ မူလ ၂၀၀ နှုန်းထားကနေ ကျပ် ၃၀ဝ အထိ စျေးနှုန်းမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - ကိုဂျိမ်း(ဒလ)
ymg/kg
#Yangon_Media_Group
#LocalNews
Published_1 April 2022
စစ်ဆေးခံရာမှ ပြန်ရောက်လာသော မြို့တော်ဝန် ဦးဗိုလ်ဌေး တာဝန်များ ဆက်လက်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ အဆင့်မြင့်အရာရှိတစ်ဦးက YMG ကိုပြောသည်။
"မြို့တော်ဝန်ကြီးက မနေ့က မတ်လ ၃၁ ရက် ညနေ ၃ နာရီမှာ သူ့ရုံးကိုပြန်ရောက်လာပါပြီ။အခုဆိုရင် ပုံမှန်အစည်းအဝေးတွေ တက်နေပြီ။ဒီနေ့ ဧပြီလ တစ်ရက်နေ့ မနက်ကလည်း ရန်ကုန်မြို့ ရေစီးရေလာ လုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းတွေကို လမ်းကြောင်းထွက်နေပါပြီ။တစ်နေကုန်လည်း စည်ပင်သာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်ပြီးတော့ လုပ်နေပါပြီ"ဟု အဆိုပါ အရာရှိက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် မြို့တော်ဝန် ဦးဗိုလ်ဌေးအား ခေါ်ယူမေးမြန်းရန်ရှိသည့်ကိစ္စများကို ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်ကြောင်း သိရသည်။
မြို့တော်ဝန် ပြန်လည်ရောက်ရှိလာသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး ၊ ယခင်က မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး အား လက်ရှိတွင်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို မည်သည့်အကြောင်းကြောင့် ခေါ်ယူစစ်ဆေးကြောင်း တိတိကျကျမသိရပေ။
သို့သော်လည်း လူမှုကွန်ရက်တွင် မြေလွတ်မြေရိုင်း လျှောက်ထားကြသည့်ကိစ္စနှင့် ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 1 April 2022
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်သည့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး
Mr. Chen Hai နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့မှ ဗီဒီယိုစနစ်ဖြင့် အမှာစကားတွေကိုလည်း ပြောကြားခဲ့တာပါ။
အခမ်းအနားတွင် တရုတ်သံအမတ်ကြီး Mr. Chen Hai က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေသည် ဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစားပေး၊ ပြည်သူလူထုဘဝသည် အခြေခံ ဟူသော သဘောတရားကို လက်ကိုင်စွဲ၍ ပြည်သူ့အကျိုးပြုစီမံကိန်း (၅၄၀)ခုနီးပါးကို ပံ့ပိုးပေးခဲ့ပြီး လန်ချန်း-မဲခေါင်နိုင်ငံအသီးသီးမှ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သံအမတ်ကြီးက ယဉ်ကျေးမှုကူးလူးဖလှယ်ရေးသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ယဉ်ကျေးမှု အပြန်အလှန်သင်ယူမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် တမူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
"လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်သည် လန်ချန်း-မဲခေါင် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းဆောင်ရွက်ရေး၏ ဆန်းသစ်တီထွင်မှုစီမံကိန်း ဖြစ်ပါတယ်။ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အတူတကွတန်ဖိုးထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ရုပ်သေးအကသည် ယဉ်ကျေးမှု စုံလင်ကွဲပြားမှုများ၏ အရေးကြီး သက်သေဖြစ်ပါတယ်။
ဤလူသားယဉ်ကျေးမှု၏ အဖိုးတန်ရတနာကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်၊လက်ဆင့်ကမ်း၊ အသုံးချခြင်းသည် လန်ချန်း-မဲခေါင်ယဉ်ကျေးမှု ဆက်လက်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်ပြီး လန်ချန်း-မဲခေါင် ခြောက်နိုင်ငံ၏ ဘုံတာဝန်လည်း ဖြစ်ပါတယ်။"လို သံအမတ်ကြီး Mr. Chen Hai က ပြောပါတယ်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက "လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် အားပေးကူညီမှုအပေါ် ကျေးဇူးတင်ရှိပါတယ်။ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံ၏ ရုပ်သေးအနုပညာသည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး အဖိုးတန်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါတယ်။ လက်ရှိတွင် နိုင်ငံအသီးသီး၌ ရုပ်သေးအနုပညာကို လူငယ်များ သင်ယူလေ့လာ၊ လက်ဆင့်ကမ်းလာရန် လိုအပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှ ယခုအကြိမ် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပရခြင်းမှာ လူငယ်များအား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာမြှင့်တင်ပေးရန်၊ ရုပ်သေးအနုပညာဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ကူးလူးဖလှယ်မှုဆောင်ရွက်ရန်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးလာစေရန်ဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။
ယခုအကြိမ် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အနုပညာရှင် ၃၀ ဦးကျော် ပါဝင်တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေတင်ဆက်ခြင်း၊ ပညာရှင်ဟောပြောခြင်း၊ ရုပ်သေးအက ဒြပ်မဲ့ယဉ်ကျေးမှု လက်ဆင့်ကမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ ရုပ်သေးပညာရပ် အပြန်အလှန်သရုပ်ပြလေ့လာခြင်းနှင့် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှ ရုပ်သေးအက တင်ဆက်ကပြခြင်း စသည့်အစီအစဉ်များကို တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါပွဲတော်သို့ ချွမ်ကျိုးရုပ်သေးကဇာတ်ရုံမှ တရုတ်အနုပညာကိုယ်စားလှယ်များ အခမ်းအနား
တစ်ခုလုံးသို့ ပါဝင်တက်ရောက်ကြပြီး တရုတ်ရုပ်သေးယဉ်ကျေးမှု မိတ်ဆက်ပေးခဲ့ပါတယ်။
ဒါ့အပြင် ပွဲတော်သို့ မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးကျော်သူငြိမ်းတို့ အခမ်းအနားသို့ တက်ရောက်ကြပြီး လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အနုပညာရှင်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
#Local_News
Published_ 1 April 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ဖြေဆိုနေပြီဖြစ်ရာ မြို့နယ်ပေါင်း ၃၀၇ မြို့နယ်တွင် ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ ၂၈၁,၇၄၁ ဦးရှိပြီး ယင်းအရေအတွက်မှာ ဖြေဆိုရန်စာရင်းသွင်းသူစုစုပေါင်းရဲ့ ၉၀.၁၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။
ယခုနှစ်တွင် ပြည်တွင်းစာစစ်ဌာန ၁၂၃၈ ခုနှင့် ပြည်ပစာစစ်ဌာန ၂၀ ၊ စုစုပေါင်း ၁၂၅၈ ခု ဖွင့်လှစ်ခဲ့ရာ စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူပေါင်း ၃၁၂,၄၂၄ ဦး ရှိခဲ့ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်ဟာ ဖြေဆိုသူ ၉၄.၀၈ ရာခိုင်နှုန်းရှိပြီး အများဆုံးရာခိုင်နှုန်းဖြစ်တယ်လို့ နစက ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အနည်းဆုံးရာခိုင်နှုန်းမှာ ကယားပြည်နယ်ဖြစ်ပြီး ၇၃.၇၂ ရာခိုင်နှုန်းဖြစ်ပါတယ်။
ဖြေဆိုသူအရေအတွက်အားဖြင့် ရခိုင်ပြည်နယ်ဟာ အများဆုံးဖြစ်ပြီး ၄၁,၇၅၅ ဦး ဖြေဆိုခဲ့ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ဖြေဆိုသူအရေအတွက် ဒုတိယအများဆုံးရှိပြီး ၃၇,၂၃၇ ဦးရှိပါတယ်။ မန္တလေးက ၃၃,၅၄၈ ဦးဖြင့် တတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးကတော့ ဖြေဆိုသူ ၃၃,၄၄၇ဦးဖြင့် စတုတ္ထအဆင့်သာရှိခဲ့ပါတယ်။
စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းခဲ့သော်လည်း ပျက်ကွက်သူပေါင်း ၃၀,၆၈၃ ဦး ရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#LocalNews
Published_1 April 2022
ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော ဘုရာဖူးအမျိုးသမီးငယ်တစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) က သိရသည်။
အဆိုပါ အမျိုးသမီး မှာ မတ်လ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီခန့်က ဘုရားဖူးလာရောက်သူဖြစ်ပြီး အဆိုပါအမျိုးသမီးငယ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ဧပြီလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က အထက်ရေတံခွန်ဘုရားလေးအနီး မရမ်းပင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာများရရှိထားကာ သစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ်ထားကြောင်းလည်း သိရသည်။
"အခုက ဒဏ်ရာတွေနဲ့ဆိုတော့ အလောင်းကို ဖျောက်ပစ်လိုက်တဲ့သဘောတွေ့ရတယ်လို့ ပြောနေကြတယ်။မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးနေတုန်းပါပဲ။အသတ်ခံရတာလားဆိုတာမျိုးကို စစ်ဆေးနေတာ၊ဆေးရုံမှာပဲ စစ်ဆေးနေကြတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) ၏ တာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
Page 1839 of 1949