#LocalNews
Published - 2 April 2022
ငါးလအတွင်း စင်ကာပူနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်လာခဲ့ပြီး အီးယူ အပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
နစက အစိုးရက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန်သုံးသိန်းကျော် အသီးသီးဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပြီး ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ယခု နစက အစိုးရလက်ထက်မှာ အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုပါက ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေသလို ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာတွေ့ရတယ်လို့လည်း ISP Myanmar ၏ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - ISP Myanmar
ymg/kg
#Yangon_Media_Group
#LocalNews
Published_2 April 2022
စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း (၆၅၀)ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့သို့ မတ်လ ၃၁ ရက်မှ မတ်လ ၂ ရက်ထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ အလုပ်သဘော ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ်တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကိစ္စတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး အပါအဝင် အာဆီယံ၏ တူညီဆန္ဒ(၅)ရပ် ဆက်လက်အကောင်အထည်ဖော်မှုနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒ ၊ အာဆီယံ ပဋိညာဉ် ၊ အခြေခံမူများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 2 Apr 2022
မြန်မာ-ထိုင်းနယ်စပ်ရှိ ထားဝယ်-ထီးခီးလမ်းမတွင် LP Gas ရေနံဓာတ်ငွေရည် သယ်ဆောင်လာသည့် ဘောက်ဆာယာဉ်နှစ်စီး ဧပြီလ ၁ ရက်နေ့ မွန်းလဲပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နစကရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ယာဉ်နှစ်စီးမှာ ထီးခီးဘက်မှ ထားဝယ်မြို့ကို မောင်းနှင်လာရာတွင် ထားဝယ်မြို့၊ ပကာရီကျေးရွာအုပ်စု ရမ္မဇူရွာအကျော်အရောက်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယာဉ်၏အရှေ့ပိုင်းများမှာ မီးလောင်ကျွမ်းခဲ့ကာ ယာဉ်ပေါ်လိုက်ပါလာသူများမှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
သတင်းထုတ်ပြန်ချက် သတင်းဓါတ်ပုံများအရ အဆိုပါဩရကုမ္ပဏီပိုင် လောင်စာဆီတင်ယာဉ် များဖြစ်ပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလအတွင်းကလည်း အဆိုပါကုမ္ပဏီပိုင်ယာဥ်တိုက်ခိုက်ခံရ ယာဉ်မောင်းသေဆုံးကြောင်း ကုမ္ပဏီအတည်ပြုထားခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းကွမ်းခြံကွေ့တွင် လောင်စာဆီတင်ယာဉ်နှစ်စီး တိုက်ခိုက်ခံရကာအဆိုပါ ၂ စီးတွင် ဩရကုမ္ပဏီပိုင်တစ်စီးပါဝင်ကာ ယာဉ်မောင်းမှာ မီးလောင်သေဆုံးသွားတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။။
အဆိုပါဖြစ်စဥ်အပေါ် "ပြောပြစရာစကားလည်းမရှိတော့ပါ။ သတင်းအမှန်မထုတ်ပြန်ရင်လည်းအများပြည်သူ အသိလွဲမှာမို့ ထုတ်ပြန်ရခြင်းပါ။ ယနေ့၊ နေ့လည် 12:45 pm မြဝတီတောင်ပေါ်လမ်း (ကွမ်းသီးခြံအတက်) ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်တွင် ရေနံဓာတ်ငွေ့ရည်(LPGas) အများပြည်သူတွေ ထမင်းချက်တဲ့ ဂက်စ်၊ ဘယ်သူတွေသုံးဖို့လည်းဆိုတာ၊ အတန်တန်ရှင်းပြထားရက်နဲ့ မီးလောင်သွားသည့် (ယာဉ်မောင်းသေဆုံး) ကားသည် AwRa (ThaiGas) ၏ ကားဖြစ်ပြီး၊ မီးမလောင်သော်လည်း(ယာဉ်မောင်း အနီးကပ်ပစ်သတ်ခံရ) ကားမှာ၊ မော်လမြိုင်မြို့ ဂက်စ်ကုမ္ပဏီတစ်ခုမှ ကားဖြစ်ပါတယ်။ ယာဉ် ၂ စီးလုံးဟာ ရေနံဓာတ်ငွေ့ရည် LPGas တင်ဆောင်လာတာသာဖြစ်ပြီး၊ မည်သည့် လေယာဉ်ဆီ/စက်သုံးဆီမှ တင်ဆောင်လာခြင်းမရှိပါ။ ယာဉ်မောင်းတွေက လည်း သူတို့မိသားစုရဲ့ အိမ်ထောင်ဦးစီးတွေပါ။ လူသားအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုက ပြောပြစရာ စကားလုံးကိုမရှိတော့ပါ " လို့ ဩရကုမ္ပဏီရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပေါ်တွင် အဆိုပါကုမ္ပဏီပိုင် ဆီဘောက်ဆာကားတစ်စီး မှားယွင်းပစ်ခတ်ခံခဲ့ရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 2 April 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး၌ မှတ်ပုံတင် အရေအတွက် ၅၁ သန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ထုတ်ပေးပြီးစာရင်းတွင် သေဆုံးသူများ၊ ပြည်ပသို့ထွက်ခွာသွားသူများ၊ ပျက်စီး၊ ပျောက်ဆုံးနှင့် နှစ်ကြိမ်၊ သုံးကြိမ်ထပ်သူများလည်း ပါဝင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။ လဝကမှ ဌာနလုပ်အားဖြင့် ကွန်ပျူတာ၌စာရင်းသွင်းရာတွင် ယခုထိ ၂၇ သန်း ကျော်ပြီးစီးခဲ့ပြီး စာရင်းရေးသွင်းရန် ၂၄ သန်းကျော် ကျန်နေသေးကြောင်း သိရပါတယ်။
ကွန်ပျူတာ၌ စာရင်းသွင်းမှုကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် အချိန်မီပြီးစီရန် ကြိုးပမ်းလျက်ရှိသဖြင့် အချိန်မီစာရင်းသွင်းနိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နယ်မြေအလိုက် ၂ လ အတွင်း အချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ရန် နစက ဒုတိယဥက္ကဌက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်နှင့် လဝက ပုံစံ ၆၆/၆ တို့၏ ကွန်ပျူတာစာရင်းသွင်းခြင်းလုပ်ငန်းပြီးဆုံးပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးရမှာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံသား တစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့်ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် စိစစ်ဆောင်ရွက်ရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကာ ပုံစံ ၆၆/၆ များကိုလည်း စိစစ်ရမှာဖြစ်ပါတယ်၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတမှာဖြစ်တယ်လို့ နစက ဒုဥက္ကဌက ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 1 April 2022
ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုက ယခုကာလမှာ ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 1 April 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့လိုသူတွေအနေနဲ့ မနေ့က မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းနဲ့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ကနေတစ်ဆင့် ဝန်ကြီးဌာနကို လျှောက်ထားဖို့ ကြေညာထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_1 April 2022
မှန်လုံယာဉ်အောက်ပစ္စည်းထားသည့်အခန်းတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ (၁၀) ဦးအား ရခိုင်ပြည်နယ် အမ်းမြို့တွင် မတ်လ ၃၁ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်အထွက် စစ်ဆေးနေစဉ် စစ်တွေမြို့မှ ထွက်ခွာလာသည့် ကစ္စပနဒီ ခရီးသည်တင်ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်ကို စစ်ဆေးစဉ် အထက်ပါ ဘင်္ဂါလီ (၁၀) ဦး သယ်ဆောင်လာသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သိရသည်။
"ဘင်္ဂါလီတွေ ကျား ၄ ၊ မ ၆ တွေ့တာ ၊ စုစုပေါင်း ၁၀ ယောက်ပေါ့။သူတို့ကို ကားအောက်မှာရှိတဲ့ ကုန်ထားတဲ့ နေရာလေ။အဲဒီမှာ တွေ့တာ။ခိုးတင်လာတာ"ဟု အဆိုပါ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။
အဆိုပါယာဉ်ကိုမောင်းလာသူမှာ မိတ္ထီလာမြို့နယ်၊ ချည်ဆက်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ရှိ ထွန်းလင်းအောင် ဆိုသူ ဖြစ်ပြီး ယာဉ်နောက်လိုက်များမှာ မိတ္ထီလာမြို့နယ်၊ အိုင်ကြီးလယ်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ထွန်းလင်း၊တောင်ငူမြို့၊ မင်းကြီးရပ်နေ အသက် ၂၅ နှစ်အရွယ်ဝေယံကျော် ၊သာကေတမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် ကျော်ရဲအောင်တို့ ဖြစ်ကြကြောင်း သိရသည်။
ယခုအခါအဆိုပါ ဘင်္ဂါလီများအား လဝကအက်-၁၃(၁)ဖြင့် လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာက သိရသည်။
ymg/mt
Yangon_Media_Group
Page 1838 of 1949