Published 4 April 2022
တရုတ်နိုင်ငံရဲ့ ကုန်းလမ်း-ရေလမ်း လမ်းကြောင်းသစ်တစ်ခုအဖြစ် ရန်ကုန်ကို ခရီးဆုံးထားရှိကာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်အောင် ကုန်စည်ပို့ဆောင်တဲ့ တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်- အိန္ဒိယသမုဒ္ဒရာ)ဟာ ဧပြီ ၂ရက်နေ့ စနေနေ့က ချုံချင့် မီးရထား ကွန်တိန်တာ စင်တာကနေ ထွက်ခွာ ခုတ်မောင်းခဲ့ပါတယ်။
ချုံချင့်ကထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းတွေ သယ်ဆောင်လာတဲ့ အဲဒီ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားဟာ ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်းမှာ ကုန်းလမ်းပို့ဆောင်ရေးအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံကို အဝေးပြေးလမ်မကြီးမှ တစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမှာဖြစ်ပါတယ်။
ယခုသယ်ယူပို့ဆောင်မှုအသစ်အရ ရန်ကုန်ကိုရောက်ရှိဖို့ ရက်ပေါင်း ၁၀ရက်မှ ၁၄ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ တကယ်လို့ ယန်စီမြစ်ကနေတစ်ဆင့် အရှေ့ပိုင်းကမ်းခြေမြို့အထိသွားကာ အဲဒီကမှတစ်ဆင့် ပင်လယ်ထဲထွက်တဲ့ သမားရိုးကျ လမ်းကြောင်းအရဆိုရင် ရက်ပေါင်း ၂၀ကျော် ကြာမြင့်တာပါ။ ယခုလမ်းကြောင်းသစ်အရ သယ်ယူပို့ဆောင်ရာမှာ ကြာမြင့်ချိန်ကို ဖြတ်တောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီနှစ်အကုန်မှာ အဲဒီလမ်းကြောင်းကနေ ကမ္ဘာအနှံ့ နိုင်ငံပေါင်း၁၀၇နိုင်ငံက ဆိပ်ကမ်းပေါင်း ၃၁၅ ခုအထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်မှာ ချုံချင့်ကနေသွားတဲ့ ရထား-ပင်လယ်ကုန်သယ်ယူမှု၊ နယ်စပ်ဖြတ်ကျော်ပြီး လွန်းပျံ ဘတ်စ်ကားများနှင့်ပို့ဆောင်မှုနှင့် နိုင်ငံတကာရထားလမ်းကြောင်းအသုံးပြုမှုတို့ဟာ စုစုပေါင်းကုန်စည်တွေရဲ့ ၆၀ရာခိုင်နှုန်း၊၁၇ရာခိုင်နှုန်းနှင့် ၃၀ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်တဲ့အတွက် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဲဒါဟာ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source CMG
#LocalNews
Published -4 Apr 2022
ရောဂါကူးစက်မှုတွေကြောင့် ကုန်စည်ပို့ဆောင်ရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာနစ်နာခဲ့ရတဲ့ တရုတ်မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေကို တရုတ်အာဏာပိုင်တွေက ဧပြီလ ၃ ရက်နေ့ ည ၈ နာရီအချိန်ကစတင်ကာ အဲ့ဒီမြို့တွေနဲ့ မြန်မာနယ်စပ်ဝင်ထွက်ပေါက်နေရာတွေကို ရောဂါကူးစက်မှုအနိမ့်ဆုံးဇုန်အဖြစ်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 April 2022
မြန်မာနိုင်ငံအတွင်း ဧရာဝတီတိုင်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ ငါးသလောက် သားပေါက်တဲ့နေရာတွေကို ထိန်းသိမ်းရေးဧရိယာ ၆ သိန်းကျော် သတ်မှတ်ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 April 2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၉,၂၇၄ ဒဿမ ၃၈ ဧက ရှိတဲ့နယ်မြေကို အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့စတင်ပြီး အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တာပါ။
ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ကာကွယ်ထိန်းသိမ်းလိုက်တဲ့အတွက် ဒီရေတောတွေ စနစ်တကျ စီမံအုပ်ချုပ်နိုင်တာ အစိမ်းရောင်သဘာဝတံတိုင်းတစ်ခုအဖြစ် ဒီရေတောများ ပေါ်ထွက်လာတာ သစ်တောပြုန်းတီးမှုထိန်းသိမ်းကာကွယ်နိုင်တာ သစ်တောဖုံးလွှမ်းမှုတွေ တိုးပွါးလာပြီး ဂေဟစနစ်ဝန်ဆောင်မှုတွေတိုးပွါးလာတာနဲ့ ရာသီဥတုသာယာမျှတာတွေ အပြင် သား၊ ငါး၊ ပုစွန်များ ပေါကြွယ်ဝပြီး ဒေသခံပြည်သူတွေအတွက် သစ်၊ ထင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တာ စတဲ့အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်လို့ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အစိမ်းရောင်တံတိုင်းဒီရေတောကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ဒီရေတောအပင် မျိုးစိတ်တွေဖြစ်တဲ့ သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ ကနစို၊ ကျနပင် များပေါက်ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ပေါက်ဖွါးရာ နေရင်းဒေသများလည်းဖြစ်ပြီး ငှက်ကြီး ဝံဗို၊ ငှက်ကျား၊ မယ်သူတော်၊ ဗျိုင်း စတဲ့ ရေပျော်ငှက်များ ကျက်စားရာဒေသလည်း ဖြစ်ပါတယ်။
အစိမ်းရောင်တံတိုင်းဒီရေတောကြိုးပြင်ကာကွယ်တောကို ဒေသတွင်းရှိ ရေမြေသဘာဝနဲ့ ရာသီဥတုကို မျှတစေဖို့ ဇီဝမျိုးစုံနဲ့ ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်၊ ဒေသစိမ်းလန်း စိုပြည်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင်ရှိသော ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိင်းရိုက်ခတ်ခြင်း စတဲ့သဘာဝဘေးအန္တရာယ်များဘေးမှ ဒီရေတောအပင်များနဲ့ တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီရေတောနယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်တွေအတွက် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သောဂေဟစနစ်ကို ဖြစ်ပေါ်လာစေဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ ရည်ရွယ်ပြီး ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တာလို့ သိရပါတယ်။
ymg/ei
#Yagon_Media_Group
#DailyNews
Published -4 April 2022
၁။ မြန်မာနိုင်ငံအတွင်း ငါးသလောက်ထိန်းသိမ်းဧရိယာရေပြင် ၆ သိန်းကျော် သတ်မှတ်ထိန်းသိမ်း
၂။ ရွှေလီ-ကျယ်ဂေါင်မြို့များကို ရောဂါကူးစက်မှုအနိမ့်ဆုံးဇုန်အဖြစ် တရုတ်အာဏာပိုင်များသတ်မှတ်
၃။ မိုးလေဝသ သတင်း
၄။ အသက်၇၀အရွယ် ပြင်သစ်မတောင်တက်သမားကြီး ဧဝရတ်တောင်ကိုလမ်းကြောင်းအသစ်မှတက်ရောက်၍ စံချိန်တင်နိုင်ရန်ကြိုးစားသွားမည်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_4 April 2022
ပြည်ပမှဝင်လာသည့် နိုင်ငံခြားငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချပေးရမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၃ ရက်က အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မ ၁၂ ၊ ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်များအရ ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ကာ အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။
အဆိုပါ အမိန့်ကြော်ငြာစာညွှန်ကြားချက်မှာ ဧပြီလ ၃ ရက်မှ စတင်အကျိုးသက်ရောက်မည် ဖြစ်ပြီး ယင်းရက်မတိုင်မီ ဝင်ရောက်ထားသော နိုင်ငံခြားသုံးငွေကိုလည်း ယခုညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များပေါ်ပေါက်ပါက သီးခြားထုတ်ပြန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းအမိန့်ကြော်ငြာစာညွှန်ကြားချက်တွင် ထည့်သွင်းရေးသားထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာကို ထုတ်ပြန်ခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော ပို့ကုန်ရငွေတွေကို ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ်များထံ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည်ဆိုသည့် ညွှန်ကြားချက်အမိန့်စာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
AD လိုင်စင်ရဘဏ်များအနေဖြင့် ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်သော ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သော ရငွေတွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၈၅၀ ကျပ်ဖြင့် လဲလှယ်ပေးရမည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 4 April 2022
တောင်ကိုရီးယားနိုင်ငံက ဧပြီ ၄ ရက်တွင် မြန်မာလုပ်သား ၉၈ ဦးအားခေါ်ယူခဲ့ကြောင်း ဆိုလ်းမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ တောင်ကိုရီးယားနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်ထားခဲ့သော်လည်း မြန်မာလုပ်သားများကို ခေါ်ယူနေတာဖြစ်ပါတယ်။
ဒီကနေ့ ရောက်ရှိသူများတွင် Re-entry လုပ်သား ၂၈ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် ၃၆ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၄ ဦး၊ စုစုပေါင်း ၉၈ ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက မြန်မာလုပ်သားများအား ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1835 of 1949