#LocalNews
Published - 8 Apr 2022
ဧပြီလ ၅ ရက်နေ့က ထိုင်းနိုင်ငံအတွင်း ယာဥ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ မြန်မာရွေ့ပြောင်းလုပ်သားတွေကို အလုပ်သမားသံအရာရှိက သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများတင်ဆောင်လာသည့် Pickup အမျိုးအစား မော်တော်ယာဥ်သည် တာ့ခ်ပြည်နယ်၊ ဖိုးဖရခရိုင်၊ ကျောက်ခက်မြို့နယ်၊ ယွတ်ဒွိင်လမ်းမကြီးပေါ်တွင် ယာဥ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့၍ အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဥ်ပေါ်ပါသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကျား(၅)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၁၈)ဦးအနက် ကျား(၁)ဦး၊ မ(၄)ဦး၊ စုစု ပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တာဖြစ်ပါတယ်။
မဲဆောက်မြို့ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိအနေဖြင့် ဧပြီလ ၇ ရက်နေ့တွင် ဖိုးဖရရဲစခန်းသို့ရောက်ရှိ၍ ခရိုင်ရဲမှူးဖြင့်တွေ့ဆုံကာ အမှုအခြေအနေအားမေးမြန်းပြီး အမှုအမြန်ဆုံးပြီးပြတ်စေရေးနှင့် အလုပ်သမားများအား နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကာ အလုပ်သမားများ ခေတ္တထားရှိသည့်နေရာသို့ သွားရောက်၍ အလုပ်သမားများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_8 April 2022
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲသို့ ကြွရောက်ချီးမြှင့်ကြမည့် မိသားစုမိတ်ဆွေသင်္ဂဟများအနေဖြင့် ပါကင်ပိတ်ထားသည့်လက်ဖွဲများနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် “ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွ တက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းကို ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။
အဆိုပါ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲထိ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဖြစ်သည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခြင်းနှင့် မင်္ဂလာဆွမ်းကျွေးကို နေအိမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 8 Apr 2022
အမရပူရမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန် အမရပူရမြို့ နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄၂၃/၁)နှင့် (၄၂၃/၂) ကြားတွင် မိတ္ထီလာမှ မန္တလေးဘက်သို့ စိုင်းခမ်းခိုင် မောင်းနှင်ပြီး စိုင်းယီဆန် နှင့် လင်းဇော်ဦး တို့လိုက်ပါ လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းနှင့် ကတ်တမင်း ၅ ကီလိုတို့ အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 8 April 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် Gravity Dam တည်ဆောက်မည့် ဝမ်တာပုံ ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၁၇၆ မဂ္ဂါဝပ်ကို ထုတ်လုပ် ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်၍ ပိုလွှတ်ဖြန့်ဖြူး ပေးနိုင်သည်အထိ အဆင့်ဆင့် ဆက်လက်စူးစမ်းလေ့လာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိရေအားလျှပ်စစ်စက်ရုံများရှိ ရေလှောင်ကန်များတွင်လာမည့် မိုးရာသီအမီ ရေလုံလောက်သည့်အထိ ဝန်အားလျော့ချထိန်းသိမ်း၍ ပြည်သူများကို အလှည့်ကျ အချိန်ပိုင်းစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေရခြင်းအား နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်စက်ရုံများမှ နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားဆောင်ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ် စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
စီမံကိန်းပြီးစီးသွားပါက စက်တပ်ဆင်အင်အား ၈၈ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် ၂ လုံးဖြင့် ၁၇၆ မဂ္ဂါဝပ်၊ စုစုပေါင်း နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၈၀၂ သန်းခန့် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 7 April 2022
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လယ်ယာထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ဖို့ အပင်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး (SPS) သဘောတူစာချုပ်ကို တရုတ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 April 2022
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ယူနက်စကိုဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အပတ်စဉ် စနေနေ့တိုင်း ဌာနပေါင်းစုံစုပေါင်းပြီးတော့ အမှိုက်ကောက်တာတွေ လုပ်နေကြပါပြီ။
#Yangon_Media_Group
#LocalNews
Published_4 April 2022
တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ရခိုင်ကမ်းလွန်ပင်လယ်ပြင်သို့ ယနေ့ ဧပြီ လ ၇ ရက် နံနက်က ကျရောက်ခဲ့ပြီး လူနှင့်အရာဝတ္ထုများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ယနေ့ နံနက် ၆ နာရီ ၃၉ မိနစ်ခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော် သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာတွင် ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တရုတ်အာကာသယာဉ်အပိုင်းအစများ ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၇ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်မည်ဟု ထုတ်ပြန်ထားခဲ့သည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ်၊ဒီဇင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်အတွင်းတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ် ကျရောက်ခဲ့သေးကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1829 of 1950