#Local_News
Published_ 12 April 2022
မြန်မာအလုပ်သမား ၉၁ ဦး တောင်ကိုရီးယားက ထပ်မံခေါ်ယူခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့ ဧပြီ ၁၂ ရက်တွင် Re-entry လုပ်သား ၁၇ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၁၉ ဦး နှင့် စိုက်ပျိုးရေးလုပ်သားသစ် ၄၂ ဦး စုစုပေါင်း ၉၁ ဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
ဧပြီ ၄ ရက်နေ့ကလည်း မြန်မာအလုပ်သမား ၉၈ ဦးကို တောင်ကိုရီးယားက ခေါ်ယူခဲ့ပါသေးတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_12 April 2022
သင်္ကြန်ရုံးပိတ်ရက်ကာလ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲ သွားမှာဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော်လည်း အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင် ရထားကို ရပ်နားသွားမှာမဟုတ်ဘဲ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ် (၉၀) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို ည ၈ နာရီ ရောက်ရှိကာ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။ ထို့ပြင် ရထားလက်မှတ်ခနှုန်းထားတွေလည်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်မှ မော်လမြိုင်သို့ သွားလိုသူများအနေဖြင့် အမှတ် (၈၉) အဆန်ရထားသည် ရန်ကုန် ဘူတာကြီးမှ နေ့စဉ် နံ နက် ၆ နာရီခွဲတွင် ရထားစတင်ထွက်ခွာပြီး မော်လမြိုင်သို့ ည ၆ နာရီခွဲခန့်တွင် ရထားဆိုက်ရောက်မှာ ဖြစ်ပါတယ်။
ခရီးသွားများအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားမှတ်ပုံတင် (မူရင်း) ဖြင့်သာ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယခင်ကဲ့သို့ ထောက်ခံစာများ/ ဝန်ထမ်းကဒ် များဖြင့် လက်မှတ် ဝယ်ယူရရှိနိုင်မည်မဟုတ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_12 April 2022
မန္တလေးမြို့တွင် ဧပြီလ ၁၁ ရက် ည ၁၁ နာရီ ခန့်အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာနေ အသက် ၂၂ နှစ်အရွယ် မဝင်းစန္ဒာဆွေ ဆိုသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တာဝန်သိပြည်သူများမှ အရေးပေါ်အကူအညီတောင်းခံလာသောကြောင့်မန္တလေး မတ္တရာလမ်း ကံပိုင်စက်ထိပ်မြောက်ဖက် လမ်းပေါ်တွင် သစ်ပင်ကြီးကန်လန့်ဖြတ်လဲနေပြီး မိန်းကလေးတစ်ယောက် ဆိုင်ကယ်နှင့်သစ်ပင်အောက်ပိနေကြောင်း အကြောင်းကြားလာသောကြောင့် ပရဟိတမင်းခေါင်အဖွဲ့နှင့် M-Rescue ညီနောင်များမှ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးပစ္စည်းများစုံလင်စွာယူဆောင်ပြီး သွာရောက်ကယ်ဆယ်ခဲ့သော်လည်း သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အမည် နေရပ်လိပ်စာ လုံးဝမသိရသေးပါ။သေဆုံးနေတဲ့အမျိူးသမီးကို မြင့်မြတ်ရတနာ လူမှုကူညီရေးအသင်းက ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်"ဟု အဆိုပါ အသင်း၏ တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့တွင် ဧပြီ ၁၁ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ ရတနာပုံဥယျာဉ်ဖွင့်ပွဲမုခ်ဦးလည်း ပြိုကျခဲ့ရကြောင်းဒေသခံများက ဆိုသည်။
ymg/mt
#Yangon_Media_Group
Published 12 April 2022
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ ရေနံတူးဖော်ရေးကုမ္ပဏီကြီး (၂)ခုဟာ ယင်းတို့ရဲ့ စီမံကိန်းနှင့်ပတ်သက်တဲ့ လုပ်ငန်းအစိတ်အပိုင်းအချို့ကို မကြာမီဆောင်ရွက်မယ့် အကြောင်း အသိပေး ကြေညာထားပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ အကျိူးတူပူးပေါင်းဆောင်ရွက်နေတဲ့ POSCO INTERNATIONAL Corporation Myanmar E&P ဟာ ကမ်းလွန်လုပ်ကွက်အမှတ်(A-1) ဧရိယာတွင် ရွှေ အဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ကမ်းလွန်တပ်ဆင်ရေးလုပ်ငန်း Offshore Installation Activities တွေကို သတ်မှတ်ဖော်ပြပါ နေရာတွေမှာ ၂၀၂၂ခုနှစ် ဧပြီ(၂၆)ရက်နေ ဇွန်(၁၈)ရက်အထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
အလားတူ PTTEP International Limited ကလည်း ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် M-3 တို့မှာ ဘူမိဗေဒ နည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ တိုင်းတာခြင်းလုပ်ငန်းတွေကို ၂၀၂၂ခုနှစ် ဧပြီ ၁၅ရက်မှ မေ ၃၀ရက်အထိ သတ်မှတ်နေရာတွေမှာ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီသတ်မှတ်ထားတဲ့ နေရာတွေကနေ (၄)ကီလိုမီတာ ပတ်လည်အတွင်းကို ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ ထားပါတယ်။ အဲဒီအတွက် သင်္ဘောကြီးငယ်တွေ၊ကုန်တင်စက်လှေတွေ၊ငါးဖမ်းသင်္ဘောတွေ၊စက်တပ်သမ္ဗာန်တွေ ဖြတ်သန်း သွားလာခြင်း၊ကျောက်ချရပ်နားထားခြင်း၊ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာတွေ ချထားခြင်းမပြုဖို့ ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက်ထပ်ဆင့်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။
#LocalNews
Published 12 Apr 2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်အချိန်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ မတ္တရာမြို့နယ်၊ နတ်ကြီးစင်ကျေးရွာ၊ ကြက်ရိုးမြိုင်လမ်းတွင် ကျော်စွာ၀င်း(ခ)ဆံရှည် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၁၃ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၄.၂၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယင်းနေ့ ညနေ၄နာရီ အချိန်ခန့်က အဆိုပါလမ်းတွင် တင်မင်းလှိုင်(ခ)ဆင်ပေါက် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၅၈ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၅.၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ ကျော်စွာ၀င်း(ခ)ဆံရှည်(၃၃)နှစ် နှင့် တင်မင်းလှိုင်(ခ)ဆင်ပေါက်(၄၅)နှစ်တို့အား ရေနံ့သာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -12 Apr 2022
သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မယ်လို့ သံတွဲမြို့မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ သံတွဲမြို့၌ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခု ၊ ငပလီမြို့တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခုတို့အပြင် အခြားရေကစားမဏ္ဍပ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ၊မြို့မိမြို့ဖများက ကော်မတီများဖွဲ့စည်း၍ သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲများပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ သင်္ကြန်သီချင်းများဖြင့်ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_12 April 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ် (၃)ခုဖြင့် ကျင်းပရန်ပြင်ဆင်နေကြောင်း မဟာသင်္ကြန်ကျင်းပရေးကော်မတီက သိရသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်၊ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်ကို မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့တွင် တည်ဆောက်ထားကာ လမ်းလျောက်သင်္ကြန် ရေးကစားမဏ္ဍပ်တစ်ခု၊ အမှတ်(၄)ရပ်ကွက် ဆင်ခေါင်းလမ်းတွင် ရေးကစားမဏ္ဍပ်တစ်ခုနှင့် အမှတ်(၁)ရပ်ကွက် ဆားပွက်ချောင်းတံတားထိပ်တွင် ရေကစားမဏ္ဍပ်တစ်ခု စုစုပေါင်း မဏ္ဍပ်(၃)ခု ဆောက်လုပ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် စတုဒီသာကျွေးမွေးခြင်းများပြုလုပ်မည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲများလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကသိရသည်။
ymg/mt
#Yangon_Media_Group
Page 1823 of 1950