#LocalNews
Published - 10 Feb 2022
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းမှာ ရှိတဲ့ မီးသတ်ဌာနချုပ်ရှေ့မှာ ရှေးဟောင်းမီးသတ်ယာဉ်များ ပြတိုက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်က ဖွင့်လှစ်ခဲ့ပါတယ်။
ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ မီးသတ်ယာဉ်တွေကို မီးသတ် နောင်လာ နောက်သားတွေ သိနိုင်ဖို့ နဲ့ စိတ်ဝင်စားသူတွေ လာရောက် ကြည့်ရှုလေ့လာနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာပါ။
အဲဒီထဲမှာ ကိုလိုနီခေတ်ကနေ ခေတ်အဆက်ဆက် မြို့ပြ ၊ ကျေးလက် ဒေသအနှံ အသုံးပြုခဲ့တဲ့ မီးသတ်ယာဉ်တွေထဲက သက်တမ်းရှေးအကျဆုံး မီးသတ်ယာဉ်တွေကို ခေတ်အလိုက် ပြသ ထားတာ ဖြစ်ပါတယ်။
ပြတိုက်ထဲမှာ ၁၉၀၆ ခုနှစ် က အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ၁၉၀၉ ခုနှစ်က ပထမဆုံးရောက်ရှိလာတဲ့ ရေနွေးငွေ့ အသုံးပြုမီးသတ်ယာဉ် ၊ ၁၉၂၈ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ် ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၃၀ ပြည့်နှစ်က ရောက်လာတဲ့ ဓာတ်ဆီ အင်ဂျင်အသုံးပြု မီးသတ်ယာဉ် ၊ ၁၉၄၈ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာ နိုင်ငံကို ၁၉၅၈ ခုနှစ်က ရောက်လာတဲ့ ရေတိုင်ကီပါ မီးသတ်ယာဉ်၊၁၉၄၈ ခုနှစ် က အင်္ဂလန်နိုင်ငံမှာထုတ်လုပ် ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၆၄ ခုနှစ်တွင် ရောက်ရှိခဲ့တဲ့ ဓာတ်ဆီအင်ဂျင်အသုံးပြု မီးသတ်ယာဉ်၊ ၁၉၅၃ ခုနှစ် က ဂျပန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကို အဲဒီနှစ်မှာပဲရောက်ရှိခဲ့တဲ့ သုံးဘီးမီးသတ်ဆိုင်ကယ် ၊ ၁၉၅၄ ခုနှစ် က ဂျပန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကို အဲဒီနှစ်မှာပဲ ရောက်ရှိခဲ့တဲ့ ဓာတ်ဆီအင်ဂျင်အသုံးပြု သုံးဘီးမီးသတ်ဆိုင်ကယ် ၊ ၁၉၅၄ ခုနှစ်က ဂျပန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုအဲဒီနှစ်မှာပဲ ရောက်ရှိခဲ့တဲ့ ဓာတ်ဆီအင်ဂျင်အသုံးပြု မီးသတ်ယာဉ် ၊ ၁၉၆၀ ပြည့်နှစ်က အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၆၄ ခုနှစ်မှာ ရောက်ရှိခဲ့တဲ့ ဓာတ်ဆီအင်ဂျင်အသုံးပြု ရေတိုင်ကီ ပါ မီးသတ်ယာဉ် ၊ ၁၉၆၃ ခုနှစ်က ဂျပန်နိုင်ငံမှာ ထုတ်လုပ် ခဲ့ပြီး အဲဒီ နှစ်မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ဓာတ်ဆီအင်ဂျင် အသုံးပြု ရေတိုင်ကီပါ မီးသတ်ယာဉ် စုစုပေါင်း ၉ စီးကို ပြသထားတာပါ။
လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ၊ မီးသတ်ဦးစီးဌာနအနေနဲ့ နိုင်ငံတဝှန်းမှာ ရှိတဲ့ မြိုပြ ကျေးလက်ဒေသမီးဘေးလုံခြုံရေးအတွက် မီးသတ်ယာဉ် စုစုပေါင်း ၃၆၆၅ စီးနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ် ။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 Feb 2022
လတ်တလောပျံ့နှံလာသော ကိုဗစ်မျိုးကွဲ အိုမီခရွန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးဖွင့်လှစ်ခဲ့သော NTR ၅၀၀ တန် အဝစားဇလုံထမင်းဆိုင်ကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်ကစ၍ ခေတ္တပိတ်မည်ဖြစ်ကြောင်း အဆိုပါ ဆိုင်က သိရသည်။
"အားလုံးရဲ့ ကျန်းမားရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ NTR ၅၀၀ ကျပ်တန်ဇလုံထမင်းဆိုင်ကို ဒီနေ့စပြီးတော့ ခေတ္တပိတ်မှာပါ။လာရောက်အားပေးစားသုံးကြတဲ့ ရပ်နီးရပ်ဝေးဖောက်သည်တွေကိုလည်း အသိပေးပါရစေ။
ပြန်ဖွင့်မယ့်နေ့ကိုလည်း ပြန်လည်အကြောင်းကြားပေးပါမယ်။ဆိုင်ပိတ်ရက်အတွင်းမှာ ပါဆယ် ၅၀ နဲ့ အထက်ဆိုရင် လက်ခံပြီး ဆောင်ဝန်ဆောင်မှုပေးမှာပါ။ ၂ ရက်တော့ ကြိုတင်ပြီးအော်ဒါမှာပေးစေချင်ပါတယ်"ဟု အဆိုပါ ဆိုင်၏ တာဝန်ရှိသူကပြောသည်။
NTR ၅၀၀ တန် အဝစားဇလုံထမင်းဆိုင်အနေဖြင့် နေ့လယ်စာထမင်းတစ်နပ်ကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် အောက်ခြေလူတန်းစားများ အားကိုးရသော ၊ အောက်ခြေလူတန်းစားများအတွက် အလွန်အထောက်အကူပြုသော ဆိုင်တစ်ဆိုင်လည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 Feb 2022
သက်တော်စောင့်ချယ်ရီထက်ကို ပုဒ်မ ၅၀၅ (က) အမှုအတွက် ဖေဖော်ဝါရီလ ၁၇ ရက် ၊ ကြာသပတေးနေ့တွင် စစ်ဆေးမည်ဖြစ်ကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။
ချယ်ရီထက်၏ ဖုန်းထဲမှ အကြောင်းအရာများကို ပြသနိုင်ရေးအတွက် ကျွမ်းကျင်သူများခေါ်ယူပေးရန် ရှေ့နေများကလျှောက်ထားသည့် ကိစ္စကို ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်ရုံးချိန်းတွင် ပါယ်ချလိုက်ကြောင်းလည်းသိရသည်။
"ဒီနေ့ ရုံးချိန်းမှာ ဖုန်းထဲက အကြောင်းအရာတွေကို ပြသနိုင်ဖို့ ကျွမ်းကျင်သူတွေကိုခေါ်ပေးဖို့ လျှောက်ထားတာကို ပါယ်လိုက်တယ် ။ချယ်ရီထက်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စပြီးတော့ စစ်မယ်"ဟု ချယ်ရီထက်၏ ရှေ့နေတစ်ဦးက ပြောသည်။
ချယ်ရီထက်ကို ဇန်နဝါရီလ ၁၃ ရက် က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ကြောင်း၊ ၎င်းအတွက် အနည်းဆုံး သက်သေ ၆ ဦးခန့် ကထွက်ဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံများ၊လက်နက်ကိုင်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သတင်းထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ အပြန်အလှန်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က စစ်ဆေးရန်ရှိသည်ဟုခေါ်သွားကာ စက်တင်ဘာလ ၂၃ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်၍ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်း ၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ချယ်ရီထက်အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က ထောင်သုံးနှစ်ချခံထားရသူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 10 Feb 2022
၁။ ၂၀၂၂ ခုနှစ် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလ သတ်မှတ်မည်။
၂။ မြိုင်ရတနာ ကုန်စိမ်းဈေး၏ မူလဆိုင်ခန်းပိုင်ရှင်များအား နေရာချပေးနိုင်ရန် ယခုလကုန်တွင် စည်ပင်သို့အခန်းများအပ်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ၅ နှစ်ကြာသည့်တိုင်အောင် လည်ပင်းမှာဘီးတာယာစွပ်မိနေခဲ့သည့် မိချောင်းတစ်ကောင်ကို ကယ်တင်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -10 Feb 2022
ဖေဖော်ဝါရီလ ၁၀ ရက် ယနေ့၊ နံနက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောကရိတ်-မြဝတီ အာရှကားလမ်းမကြီးပေါ်တွင် ကုန်တင်ယာဥ်တစ်စီးမီးလောင်ခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၇ နာရီ ၁၈ မိနစ်အချိန်က အာရှလမ်းမကြီးကီလိုမီတာအမှတ် ၁၅၃ နှင့် ၁၅၄ ကြားတွင် မော်တော်ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ရာ နံနက်၈ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မီလောင်မှုဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို
စိစစ်နေဆဲဖြစ်တယ်လို့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။
ymg/hm
#Yangon_Meida_Group
#Local_News
Published_ 10 Feb 2022
ကရင်ပြည်ပြည်နယ်၏မြို့တော် ဘားအံကို အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ (မော်လမြိုင်) ဘက်ခြမ်း မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ကရင်ပြည်နယ်မြို့တော် ဘားအံမြို့အား တင့်တယ်ခန့်ညားသော မြို့အဝင်မုခ်ဦးဆိုင်းဘုတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ကရင်လူမျိုးတို့၏ အမျိုးသားသင်္ကေတ တစ်ခုဖြစ်တဲ့ ဖားစည်နှင့်ကျွဲချိုမုခ်ဦးခုံး ဒီဇိုင်းပုံစံကို အတည်ပြုရွေးချယ်ပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမုခ်ဦးဟာ အလျား ၇၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၂၅ ပေရှိ ဖားစည်ကျွဲချိုမုခ်ဦးခုံးပုံစံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
မုခ်ဦးကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalHealth
Published - 10 Feb 2022
ကိုဗစ်ရောဂါရဲ့ မျိုးရိုးဗီဇပြောင်း ပိုး အိုမီခရွန်ကူးစက်ခံရမှု နှုန်းမြင့်တက်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်က အောင်မြင့်မိုရ်ကိုဗစ်ကုသရေးစင်တာကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်လူနာ ၈၄ ဦးစတင်ခဲ့တယ်လို့ စင်တာမှ သိရပါတယ်။
အဆိုပါစင်တာကို OXYGENDONOURS and VOLUNTEERS မှ ဦးစီးကာကျန်းမာရေးဝန်ထမ်းများ နဲ့ ဗော်လန်တီယာ စုစုပေါင်း ၂၄ ဦး က လုပ်ငန်းတာဝန်များစတင်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်လူနာကျား(၃၉) ဦး၊မ(၄၅)ဦး စုစုပေါင်း ၈၄ ဦးစတင်လက်ခံခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ရောဂါတတိယလှိုင်းအပြီးနောက် ရန်ကုန်မြို့က ကိုဗစ်စင်တာတွေ ယာယီပိတ်သိမ်းခဲ့ပြီး အသင့်အနေအထားနဲ့ ရောဂါကူးစက်မှုကိုစောင့်ကြည့်လျက်ရှိကာ ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုတွေရှိလာတာကြောင့် ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ရတာဖြစ်တယ်လို့ သိရပါတယ်။
ယခုကာလတွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနဲ့ အိုမီခရွန်ရောဂါပိုး ကူးစက်မှုတွေလည်းရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ် ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ရှိထားတာပါ။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်နေပြီး ကူးစက်ခံရသူအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကူးစက်သူ ၁,၁၄၅ ဦးရှိခဲ့ပြီး ၇၁၁ ဦးဟာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကာ တစ်နိုင်ငံလုံးကူးစက်ခံရသူ အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့အထိ လူဦးရေ ၂၂,၅၇၃,၈၀၆ ဦးအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကာကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိတယ်လို့ ဆိုပါတယ်။
ymg/hm
#Yangon_Media_Group
Page 1820 of 1835