#LocalNews
Published_19 April 2022
စက်သုံးဆီဆိုင်အချို့တွင် ယနေ့ ဧပြီလ ၁၉ ရက် နံနက်က စ၍ ကန့်သတ်ချက်ဖြင့် စတင်ရောင်းချနေသည် ဆိုခြင်းမှာ ဆီပြတ်လပ်နေသောကြောင့် မဟုတ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအပြင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့ ၌ စက်သုံးဆီကို ကားအမျိုးအစားအလိုက် ကန့်သတ်ပမာဏ ဖြင့် ရောင်းချပေးနေသည့်အတွက် အချို့က စိုးရိမ်မှုများ ရှိခဲ့ကြကြောင်းလည်း သိရသည်။
"ဆီလုပ်ငန်းရှင်တွေ အချို့ ဆီပြတ်လပ်မှုမရှိရအောင် လုပ်နေတယ်။ဆီလုပ်ငန်းရှင်တွေ စက်သုံးဆီ တင်သွင်းနိုင်ဖို့ကို ဗဟိုဘဏ်အနေနဲ့က ဈေးပြိုင်လေလံနဲ့ ဒေါ်လာရောင်းပေးဖို့ လုပ်နေတယ်။အခုလည်း နိုင်ငံတွင်း အရန်ဆီ ရှိတယ်။လက်ရှိ တင်သွင်းလာနေဆဲ စက်သုံးဆီလည်း ရှိသလို မြန်မာနိုင်ငံက တချို့ ဆီလုပ်ငန်းရှင်တွေဆိုရင် စင်ကာပူနိုင်ငံထိသွားပြီးတော့ ငွေပေးချေတာတွေ လုပ်နေကြတယ်"ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယနေ့ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်မြို့အတွင်း စက်သုံးဆီအရောင်းဆိုင်အချို့ အနေဖြင့် မော်တော်ယာဉ်များကို အနည်းဆုံး ကျပ် ၂ သောင်းမှ အများဆုံး ကျပ် ၅ သောင်းဖိုးသာ ရောင်းပေးကြောင်း၊ကုန်တင်ယာဉ်ကြီးများကို ငွေကျပ် နှစ်သိန်းထိုးထိ ရောင်းပေးကြောင်းလည်း ယာဉ်အသုံးပြုသူများက ပြောသည်။
"ဒီနေ့ Max ဆီဆိုင်မှာ 95 သွားထည့်တာ၊မရှိလို့ ကုန်နေပြီ ဆိုလို့ 92ထည့်ခဲ့ရတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ဆီကို စာအုပ်လေးနဲ့တန်းစီထုတ်ရတဲ့ ခေတ်ကို ပြန်ရောက်သွားသလိုပဲ ခံစားရတယ်။ဆီဆိုင်တချို့ ဆိုရင် ဆီကားမလာလို့ ပိတ်ထားတဲ့ အကြောင်းရေးပြီးတော့ ဆီဆိုင်မှာ ဆိုင်းဘုတ်ထောင်ထားကြတာ ရှိတယ်။ဒီနေ့ ကားတွေ တန်းစီပြီး ဆီတွေ ဝယ်ယူကြတာတော့ တွေ့ရတယ်"ဟု စက်သုံးဆီ သွားဖြည့်သူတစ်ဦးကပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 April 2022
ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချပေးနေကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်က ဒီကနေ့ဧပြီ ၁၉ ရက်၊ နေ့လည်ပိုင်း အချိန်မှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီအားလုံးအား အကန့်အသတ်မရှိ ရောင်းချပေးနေကြောင်း၊ စားသုံးသူမိဘပြည်သူများအား အထင်အမြင်လွဲမှားစေရန် လူမှုကွန်ယက်စာမျက်နှာများတွင် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်များ ခေတ္တပိတ်ထားမည်ဆိုသည်မှာ မဟုတ်မမှန်ရေးသားနေမှုများသာဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
"ကျွန်တော်များ ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်သည် အရောင်းဆိုင်ခွဲအချို့တွင် စက်သုံးဆီကန်သန့်ရှင်းရေးနှင့် ဆိုင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်ရှိနေသော ဆိုင်ခွဲများမှာ နယ်ဆိုင်ခွဲအချို့သာဖြစ်၍ ကျန်ရှိသော စက်သုံးဆီအရောင်းဆိုင်အားလုံးသည် ပုံမှန်အတိုင်းဝန်ဆောင်မှုများပေးနေပါတယ်။"လို့ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ ဖြစ်စဥ်အမှန်ကို အများပြည်သူထံသို့ အသိပေးခြင်းဟုဆိုကာ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်က အသိပေးကြေညာချက်တစ် စောင်ကို ထုတ်ပြန်ခဲ့တာပါ။
ထို့အပြင် ရွှေဗျိုင်းဖြူအား အစဥ်တဆက်အားပေးလာသော (Customer)များနှင့် စားသုံးသူမိဘပြည်သူများအား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည့်အတွက် ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတတ်မှ အနူးညွန့်တောင်းပန်အပ်ကြောင်းကိုလည်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ယနေ့ ဧပြီ ၁၉ ရက်၊ နံနက်မှစတင်၍ စက်သုံးဆီများပြတ်လပ်နေသည်ဟုဆိုသည့် လူမှုကွန်ရက်သတင်းများကြောင့် ဆီဆိုင်များတွင် ကားတန်းများဖြင့် ပြည့်နှက်နေခဲ့ပြီး အချို့သော စက်သုံးဆီအရောင်းဆိုင်များက ကိုယ်တာစနစ်ဖြင့် ကားတစ်စီးလျှင် ၂၀,၀၀၀ ၊ ၃၀,၀၀၀ နှင့် ၅၀,၀၀၀ ဖိုးသာ ရောင်းချပေးမှုဖြစ်စဥ်တွေ ရှိခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် ကားများစီတန်း၍ ဆီအလုအယက်ဝယ်ယူနေသော ဓါတ်ပုံများသည်လည်း ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်မှာ ယနေ့ မနက်ပိုင်းမှစလို့ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
Photo - ရွှေဗျိုင်းဖြူ/ CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published_19 April 2022
ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပသော လေးမြို့မြစ်သင်္ကြန်ပွဲတော်အတွင်းတိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကများဖြင့်ဖျော်ဖြေကြကြောင်း သိရသည်။
သင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒိုင်းနက်ခေါ် ချက္ကမာလူမျိုးတို့မှ ရိုးရာ အကများ ၊ ချင်းလူမျိုးတို့၏ ရိုးရာဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လေးမြို့မြစ်အတွင်းရှိ ပေါ်ကျွန်းတစ်ခုပေါ်တွင် ပြုလုပ်သည့် ယင်းသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၇ ရက်မှ ယနေ့ ဧပြီလ ၁၉ ရက်ထိ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လူပေါင်းသောင်းနှင့်ချီလာ ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒေသမှာ AA ထိန်းချုပ်နယ်မြေ ဖြစ်ကြောင်း၊ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်ထိ ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်တွင်လည်း သင်္ကြန်ပွဲတော်ကို ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လူပေါင်းသိန်းချီ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဒေသတွင်း မငြိမ်မသက်မှုများ၊ကိုဗစ်ကပ်ဘေးများကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မပြုလုပ်ခဲ့ရသည်မှာ ၃-နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -18 April 2022
၁။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စေတီပုထိုးအချို့တံခါးနှင့်သော့များ ဖျက်ဆီးခံရ
၂။ မြို့တွင်းမြို့နယ်များတွင် ညလုံးပေါက်လျှပ်စစ်မီးရရှိရန် လုပ်ဆောင်
၃။ မိုးလေဝသ သတင်း
၄။ တရုတ်နိုင်ငံမှ ဧရာမ နဂါးစက်ရုပ်ကြီး ပြင်သစ်နိုင်ငံတူးလုစ်မြို့တွင် သရုပ်ဖော်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 19 April 2022
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သစ်ပင်ကြီးများပြိုလဲပြီး လူနေအိမ်အချို့နှင့် လူမှုရေးအသင်းကား လူနာတင်ယာဥ်အချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ ဧပြီ ၁၉ ရက်တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်တွင် စိန်ပန်းပင် (၁)ပင်၊ မန်ကျည်းပင် (၁)ပင်၊ နန္ဒဝန်ရပ်ကွက်ရှိ တာရိုးကြီးလမ်းတွင် သရက်ပင်(၁)ပင်၊ ဧမြဝတီရပ်ကွက် ကြေးဘုရားအနီးတွင် ကုက္ကိုပင်(၁)ပင်၊ သောတပန်ရပ်ကွက် ဝေဇယန္တာလမ်းတွင် မန်ကျည်းပင် (၁)ပင်၊ စိန်ကုန်းရပ်ကွက် ဦးဗိုလ်သန်းလမ်းတွင် မန်ကျည်းပင်(၁)ပင်၊ ထုံးဘိုရပ်ကွက်
သဲဆိပ်ဆင်းလမ်းတွင် သကြားပင် (၁)ပင်တို့ လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာပါ။
ဒါ့အပြင် မြင်းမူမြို့နယ်၊ အထက(၁)ကျောင်းရှေ့တွင် သစ်ပင်လဲကျပြီး ဓာတ်တိုင်ကျိုးသည့် နေရာများနှင့် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ နယ်မြေ(၁၅)၊ နန်းချယ်ရီလမ်းတွင် ညောင်ကိုင်းကျိုးကျမှုတို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာဖြစ်ပါတယ်။
"မုံရွာမှာဆိုရင် ကျေက္ကာလမ်းပေါ့ အဲ့ဒီလမ်းမကြီးပေါ်မှာ သစ်ပင်တွေကျိုးကျနေတယ်လို့သတင်းရလို့ မုံရွာခရိုင်မီးသတ်တပ်ဖွဲ့နဲ့အတူ ရှင်းလင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။"လို့ မုံရွာမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလားတူ ဧပြီ ၁၈ ရက် နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လူနေအိမ်များပေါ်သို့ သစ်ပင်များလဲကျခြင်း၊ ဓါတ်တိုင်များ လဲကျခြင်းနှင့် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မန္တလေးမြို့အခြေစိုက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၆၀)ဦး တို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ဒေသခံလူမှုကူညီရေးအသင်းဖြစ်တဲ့ သာသနာ့ပါလမှ အသင်းမှ လူနာတင်ယာဥ်အချို့ပေါ်သို့ သစ်ပင်ကြီးများလဲကျပြီး ပျက်စီးဆုံးရှုံးမှု တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_19 April 2022
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ ရှိ ကျောက်ဆစ်လက်ရာများကို ဧပြီလ ၁၇ ရက်တွင် အခိုးခံရကြောင်း သိရသည်။
ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးဗြမ္ဗာရုပ် နှင့် ဘုရားအမှတ် ၇၁၆ တွင် ရှိသမျှ အားလုံးကို ဖြုတ်ခိုးသွားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ အခိုးခံရခြင်းမှာ တံခါးတပ်ထားခြင်း၊တစ်စုံတစ်ရာ အကွယ်အကာများ မလုပ်ထားခြင်းတို့ကြောင့်ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။
"မြန်မာနှစ်ဆန်း နှစ်ရက်နေ့က ကမ္ဘာ့အမွေအနှစ်ပုဂံမှာ အမွေအနှစ်တွေပျောက်ဆုံးမှုဖြစ်ခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းဌာန(Interpol) ကို သတင်းပေးတိုင်ကြားအမှုဖွင့်ရပါမယ်။ ခိုးသွားသူတွေရော၊သူခိုးလက်ခံတွေရော ကမ္ဘာပေါ်မှာဘယ်တော့မှ ပြောင်ပြောင်တင်းတင်းရောင်းဝယ်ဖောက်ကားခွင့်မရှိစေရပါဘူး။ဘယ်နေရာရောက်ရောက်၊ဘယ်အချိန်ဖြစ်ဖြစ် နိုင်ငံတကာဥပဒေနှင့်အညီအရေးယူခံရမှာပါ"ဟု အမွေအနှစ်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုး က ပြောသည်။
ယူနက်စကိုအသိအမှတ်ပြုပြီး ရှေးဟောင်းယဉ်ကျေးမှုပုဂံဒေသတွင် ဘုရားပုထိုးစေတီပေါင်း ၃,၈၃၇ ဆူရှိကြောင်းလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 Apr 2022
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းကစတင်ကာ သန်လျင်မြို့နယ်တွင် ဆိုင်ကယ်စီးနှင်းမှုကို နှစ်ယောက်စီးနှင်းခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ဧပြီ လ ၁၈ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ ပြီး သန်လျင်မြို့နယ်တွင် နှစ်ကြိမ်ထိပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တာကြောင့် ပိတ်ပင်လိုက်တာလို့ သန်လျင်ဒေသခံတစ်ဦးက ပြောပါတယ်။
ဧပြီလ ၁၈ ရက်နေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်းတွင်လေပေးစက်ပြုပြင်သူ ဦးဇော်မင်းထွန်းသည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်ရှေ့ရပ်ထားသည့် လိုက်ထရပ်ယာဉ်နောက်ခန်းတွင်ထိုင်နေစဉ် ဓမ္မရောင်ခြည်လမ်းအတိုင်းမောင်းလာသည့် ဆိုင်ကယ်တစ်စီးပေါ်တွင် နောက်မှလိုက်လာသူက သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်သွားသဖြင့် ဦးဇော်မင်းထွန်းမှာဦးခေါင်း၊ ဝမ်းဗိုက်၊ ပေါင်တို့တွင် ထိမှန်ဒဏ်ရာလေးချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားပါတယ်။
ထပ်မံပြသန်လျင်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ ဘုရားကုန်း ကျေးရွာ၊ ဘုရားကုန်းမီးပွိင့်လမ်းဆုံအနီးတွင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ပြီး သေဆုံးသူမှာ သန်လျင်မြို့နယ်၊ ကညင်ပင်ရပ်ကွက်၊ ကညင်ပင် ၂ လမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းနှင့် အရန်မီးသတ်ဖြစ်သူ လှဆန်းဦး (၃၄) နှစ်ဖြစ်ပြီး ၎င်းသည် သန်လျင်-ကျောက်တန်းလမ်းနှင့် သန်လျင်-သုံးခွ လမ်းဆုံ၊ ဘုရားကုန်းမီးပွိင့်ရှိ ယာဉ်ထိန်း Police Box အနီး ဆိုင်ကယ်ကယ်ရီဂိတ်တွင် ခရီးသည် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဝဲရင်အုံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲချိုင်းအောက် ထိမှန်ဒဏ်ရာ ၁ ချက် နှင့် ဝမ်းဗိုက် ယာဘက် ထိမှန်ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့သဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1816 of 1950