#Local_News
Published_ 25 April 2022
မေ ၁ ရက်မှစတင်ကာ ဆီကန်မှထုတ်ယူသော စားသုံးဆီများကို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပေပါ၊ ဘောက်ဆာယာဉ်တွေကိုသာ ဆီထုတ်ယူခွင့်ပေးမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စားသုံးသူပြည်သူတွေ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆီကန်မှ ထုတ်ယူသော စားသုံးဆီများကို Food Grade အဆင့်ရှိ အဝါရောင်ပေပါအသစ်၊ ဒါမှမဟုတ် သန့်စင်ပြီး ပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် သန့်စင်ပြီး Food Grade Tank များသို့သာ ဆီဖြည့်သွင်းပေးမယ်လို့ ဆိုပါတယ်။
ဆီကန်မှထုတ်ယူတဲ့ စားသုံးဆီများကို သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ ပေပါနဲ့ ဘောက်ဆာယာဉ်တွေကို ဆီဖြည့်သွင်းပေးမှာ မဟုတ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီတစ်ပိသာကို ၅၆၀၀ ကျပ်နှုန်းဖြင့်လိုက်လံ ရောင်းချပေးလျက်ရှိနေပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 25 April 2022
ဒီကနေ့ ဧပြီ ၂၅ ရက်၊ နံနက်အစောပိုင်းအချိန်က ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၂၂ ဘီးယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၅)မိုင်နှင့် (၂၄/၇)ဖာလုံကြားတွင် လားရှိုးမှ မန္တလေးသို့ ပြောင်းအိပ်များတင်ဆောင်လာသော HOWO (၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ခြမ်းရှိ ထင်းများတင်ဆောင်လာသော ကားအင်ဂျင်တပ် ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက် ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
ယင်း ယာဉ်တိုက်မှုကြောင့် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကာ အမျိုးသား(၁)ဦး
သေဆုံးခဲ့ရပြီး ပြင်ဦးလွင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#Local_news
Published_ 24 April 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများရဲ့ စာမေးပွဲများ အောင်စာရင်းကို ဒီကနေ့ ဧပြီ ၂၄ ရက်မှာ သက်ဆိုင်ရာစာစစ်ဌာနများမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။
အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် (နဝမတန်း)အထိ ကျောင်းတွင်းစစ်အတန်းပြီးမြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်မှ ၂၃ ရက်အထိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အောင်စာရင်းလာရောက်ကြည့်ရှုခဲ့ကြပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို လာမယ့် ဇွန် ၁ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 24 April 2022
ကြက်အစာစျေးနှုန်းမြင့်မားလာမှုကြောင့် ကြက်ဥစျေးနှုန်းများလည်း မြင့်တက်လာပြီး စျေးကွက်အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ် ၂၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
"သူက ဒိုင်ကနေယူရတဲ့စျေးကိုက တက်တာပေါ့။ တစ်လုံးကို ဒိုင်စျေးတင် ၁၅၀ ၊ ၁၆၀ ယူရတယ် အဲ့တော့ ကားခနဲ့ ဘာနဲ့ဆိုရင် ၂၀၀ လောက်နဲ့မှ ပြန်မရောင်းရင် မကိုက်ဘူးလေ။ အခုဆို တစ်ထောင်ဖိုးဆို ၅ လုံးပဲရတော့မယ့် သဘောပေါ့။ ဘဲဥ ဆိုရင် ၂၅၀ ၊ ၃၀၀ လောက် ရောင်းမှကိုက်တယ်။ ကြက်အစာစျေးတက်လို့ ကြက်ဥစျေးတက်တယ်လို့ ပြောတယ်။ တချို့ နေရာတွေမှာဆိုလဲ ကုန်ပစ္စည်းတွေ ပြတ်နေတာရှိတယ်။ ကြက်ဥတစ်လုံး ၂၀၀ ဆို တော့လဲ စားသုံးသူ ဝယ်တဲ့သူတွေက ဝယ်ရမှာ နည်းနည်းတွန့်တာပေါ့။"လို့ ကြက်ဥ လက်လီ/လက်ကား ရောင်းချသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ယခင်က ငွေကျပ် ၁၀၀၀ ဖိုး ဝယ်ယူပါက ကြက်ဥ ၇ လုံးအထိ ရရှိသော်လည်း ယခုအခါတွင် ၅ လုံးမှ ၆ လုံးခန့်သာ ရရှိတော့ကြောင်း စားသုံးသူများက ပြောပါတယ်။
"ကြက်ဥစျေးက အသားစျေးနီးပါးလောက်ကို ဖြစ်နေတာ။ တစ်လုံး ၁၅၀ လောက်ဆို ဝယ်စားနိုင်သေးတယ်။ အခုက ကြက်ဥတစ်လုံး ၂၀၀ ဆိုတော့ မိသားစုများရင် ဝယ်စားရတာလည်း သိပ်မကိုက်တော့ဘူး လေ။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
ယခင်က ကြက်ဥတစ်လုံးလျှင် ၁၅၀ ၊ ၁၆၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါတွင် ကြက်ဥတစ်လုံး ကျပ် ၂၀၀ အထိ စျေးနှုန်းမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_24 April 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း ဖန်းခါးကျင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော BOC စက်သုံးဆီအရောင်းဆိုင်မှ ငွေကြေးများကို လုယက်ယူဆောင်၍ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက် ညနေ ၆ နာရီခန့်အချိန်က လူအင်အား ၁၅ ဦးခန့်ပါ ဆိုင်ကယ် ၇ စီးဖြင့် လက်လုပ်သေနတ်များကိုင်ဆောင်ရောက်ရှိလာသူများက အရောင်းဝန်ထမ်းများအား ဖမ်းဆီး၍ စက်သုံးဆီရောင်းရငွေ ငွေကျပ် ၁၀ သိန်းကို လုယက်ယူဆောင်ကာ Cannon အမျိုးအစား Printer ၁ လုံး ၊ 5 kg မီးသတ် ဆေးဘူး ၂ ဘူး ၊ ဝန်ထမ်းများပိုင် ဖုန်း ၃ လုံးတို့ကို ယူဆောင်သည့်အပြင် ဆီပန့် ၄ လုံး ဒီဂျစ်တယ်ဒိုင်ခွက် ၄ ခု ၊ ပြတင်းပေါက်မှန် ၁၀ ချပ် ၊ ကောင်တာစားပွဲ ၁ လုံး၊ Acer အမျိုးအစားကွန်ပျူတာ ၂ လုံး ၊ ရေခဲသေတ္တာ ၁ လုံး ၊ ရေအေးစက် ၂ လုံးတို့ကို ရိုက်ချိုးဖျက်ဆီးသွားကြောင်းလည်း သိရသည်။
ယခုအခါ အဆိုပါ လုပ်ရပ်ကျူးလွန်သူများအား သက်ဆိုင်ရာက အမြန်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#LocalNews
Published - 24 April 2022
မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုးမြင့်တက်ခဲ့တယ်လို့ ISP Myanmar ၏ သုတေသန စစ်တမ်းတွင် ဖော်ပြခဲ့ပါတယ်။
မီနီဘတ်ဂျက်ကာလအကုန်မှာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ကာလတူနှိုင်းယှဉ်ရင် ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၆၄၀ ကျော်တက်လာခဲ့တာဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဟာ ယခင်ဘဏ္ဍာနှစ်မှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုရဲ့ ၃၄ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ISP Myanmar က
ဖော်ပြပါတယ်။
သို့သော်လည်း မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့သလို မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ကာ တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့တယ်လို့လည်း ISP Myanmar က ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာဆိုရင် ဗဟိုဘဏ်က ပို့ကုန်တင်သွင်းသူတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို ရက် ၃၀ အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေကိုသာ ဈေးကွက်ပေါက်ဈေးနဲ့ မပျက်မကွက် ရောင်းချရမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_24 April 2022
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်ပြေးဆွဲနေသော မော်တော်ယာဉ်အားလုံးကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် KNU - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးဌာနချုပ် ကော်သူးလေ မှ တပ်မဟာ (၆)တပ်မဟာ (၇) ၏ တပ်မဟာမှူးထံ လိပ်မူ၍ KNLA ဗဟို စစ်ဌာနချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် "KNU - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေကြသော ခရီးသည်တင်မော်တော်ယာဉ်များ၊အရပ်သားကားများ၊ကုန်တင်ယာဉ်များကို အကြောင်းမဲ့ နှောင့်ယှက်ဖျက်ဆီးခြင်း၊မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာ မိမိတို့ တပ်မဟာ၊တပ်ရင်းအတွင်းရှိ အောက်ခြေအတင့်တင့်ရှိ တပ်မှုးတပ်သားများထံ ထပ်မံညွှန်ကြားရန်နှင့် ညွှန်ကြားချက်ကိုမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း" ဖော်ပြထားသည်။
မြဝတီ–ကော့ကရိတ် အာရှလမ်းကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် KNU အနေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက စာထုတ်ပြန်ထားခဲ့သေးသည်။
အဆိုပါလမ်းတွင် ကုန်တင်ယာဉ်များအပါအဝင် ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်ခံရလေ့ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1806 of 1950