#DailyNews
Published - 15 Feb 2022
၁။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ရှေ့ပြေးကွင်းဆင်းမှုလုပ်ငန်းအကြောင်း ပြည်နယ်အစိုးရကိုတင်ပြမည်။
၂။ ထိုင်းနိုင်ငံမှ မြန်မာ MOU လုပ်သား သိန်းနှင့်ချီခေါ်ယူမည်ဆိုသော်လည်း ကိုဗစ်စည်းကမ်းများအရ တစ်လလျှင် ၇,၅၀၀ ခန့်သာ ပိုနိုင်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မီးတောင်ပေါက်ကွဲ၍ နှစ်ပေါင်း ၁,၄၀၀ ပြာပုံအောက်ရောက်ခဲ့သည့် မိုင်ယာရွာကလေးကို ရှေးဟောင်းပြတိုက်အသွင်ဖန်တီး.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 15 Feb 2022
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၁၄ရက် တနင်္လာနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကသူ့ရဲ့ အရိုက်အရာကို ဆက်ခံသူအဖြစ်ခန့်အပ်ခံထားရတဲ့ သူ့သားဖြစ်သူနှင့် တိုကျိမှာတွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဂျပန်အရာရှိတွေကပြောပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ရဲ့လက်ရှိ တပ်မှူးတစ်ဦးဖြစ်တဲ့ ဟွန်မန်နက်ဟာ ဖခင်ဖြစ်သူ ဟွန်ဆန်နှင့်အတူ ဇန်နဝါရီလတုန်းက မြန်မာနိုင်ငံကို အတူသွားရောက်ခဲ့သူဖြစ်ပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်မြန်မာစစ်တပ်က အာဏာရယူပြီးနောက်ပိုင်း ပထမဆုံးလာရောက်တဲ့ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်တစ်ဦးပါ။
တိုကျိုမှာ ဟွန်မန်နက်နှင့်ပြောဆိုဆွေးနွေးခဲ့စဉ်အတွင်း ဂျပန်နှင့်ကမ္ဘောဒီးယားတို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးနှင့် သူတို့ရဲ့ မြန်မာနိုင်ငံနှင့်နီးကပ်စွာဆက်ဆံရေးတို့အပါအဝင် အခြားသော ဒေသဆိုင်ရာ အရေးကိစ္စတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး မြန်မာအကျပ်အတည်းလျော့ကျသွားစေဖို့ အာဆီယံရဲ့ ကြိုးစားအားထုတ်မှုမှာ ဟွန်ဆန်က ဦးဆောင်ပေးနေပါတယ်။
ဟာရာရှီက ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် ချီးကျူးလိုက်ပါတယ်။
ဟွန်ဆန်ဟာ အာဏာကို ၃၆နှစ်စွဲကိုင်ရယူထားသူဖြစ်ပြီး ၂၀၂၈ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူးဆက်လက်ထမ်းဆောင်လိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။သူ့သားဟွန်မန်နက်ကို သူ့အရိုက်အရာဆက်ခံသူဖြစ် ထောက်ခံအတည်ပြုပေးထားပါတယ်။
Source ABC News
#LocalNews
Published - 15 Feb 2022
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်စီးနင်းလိုက်ပါကြမည့်သူများအား ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကိုဗစ်စစ်ဆေးမှုစတင်ရာ တစ်နေ့တည်းပိုးတွေ့သူ ၁၂ ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
စစ်တွေမှ ရန်ကုန်သို့ လေယာဉ်စီးနင်းလိုက်ပါမည့်သူ ၁၇၅ ဦးကိုစစ်ဆေးခဲ့သည့်အနက် ၁၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
"ပိုးတွေ့သူတွေကို MOH သတ်မှတ်ချက် version T အရ ဆေးရုံပို့ပြီး ကုသမှုခံယူစေပါတယ်။ဒါ့အပြင် ဆက်စပ်သူတွေကို HQ ထားပြီးတော့ သက်ဆိုင်ရာကလည်း မျက်ခြေမပြတ် ဆောင်ရွက်နေပါတယ်။ ပိုးတွေ့နမူနာတွေကို omicron ဟုတ် မဟုတ် စစ်ဆေးဖို့ စစ်တွေကနေ ရန်ကုန်ကို ပို့ထားတယ်"ဟု ယင်းက ဆိုသည်။
အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရမှုမြင့်တက်လာနေသည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်ကစ၍ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ခရီးသွားမည့်သူများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးပြီးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးခြင်းကိုခံယူပြီးမှ လေယာဉ်စီးခွင့်ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ယခုဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၄ ရက်ထိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ မြေပုံနှင့် အမ်းမြို့နယ်တို့တွင် ကိုဗစ်ပိုးရှိသူအရေအတွက် မြင့်တက်လာရာတွင် စစ်တွေမြို့မှာ အများဆုံးဖြစ်ကြောင်း ၊
လက်ရှိတွင် စစ်တွေ၌ ၁၉ ဦး၊ မြေပုံ၌ ၁ ဦး၊ ကျောက်ဖြူ၌ ၁ ဦး ၊ သံတွဲ၌ ၂ ဦး ရှိကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published- 15 Feb 2022
ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၇ နာရီ ခန့်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ခမ်း မုံးဝီး လမ်းမဘေးမှာ မူးယစ်ဆေးဝါးစွဲနေသူများကို သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
SSPP/SSA မှ တာဝန်ရှိသူတစ်ဦးက " ဒေသခံမိဘပြည်သူများရဲ့ တိုင်တန်းချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူ ၊ သူခိုး ၊ ဓားပြ ပေါများလာတဲ့အတွက် တစ်ယောက်ထဲ အပြင်သွားရင်တောင် ကြောက်နေရတယ်၊ ဒါကြောင့် ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အတွက် သူတို့ရှိတဲ့နေရာတွေကို အချိန်ယူပြီးလိုက်လှံစုံစမ်းတယ် ၊ နေရာအတိကျသိတော့ ကျွန်တော်တို့ဘက်နဲ့ ဒေသခံပြည်သူတွေပေါင်းပြီး သွားရောက်စစ်ဆေးလိုက်ချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ကျား ( ၉) ယောက်နဲ့ ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးခဲ့ရတယ် " လို့ ပြောကြားပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စု တွန်ဟူးချိုကျေးရွာရှိ တောင်ကြောပေါ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ( ၈ )ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒေသအတွင်းလှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ပြည်သူများပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူများကို ပြင်းပြင်းထန်ထန် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး နောင်များတွင်လည်း မူးယစ်ဆေး၏ ဆိုးကျိုးနှင့်ပြဿနာများ လျော့ကျစေရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ဒေသခံပြည်သူများ အတူတကွပူးပေါင်းပြီး နှိမ်နှင်းသွားမယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ဖမ်းဆီးရမိသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း မူးယစ်ဆေးဝါး၏ ဆိုးကျိုး အသိပညာပေးခြင်း၊ သတိပေးခြင်း နှင့် ပြစ်မှုအလိုက် ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 15 Feb 2022
ညောင်သုံးပင်ဆရာ တော်ဘုရားကြီး၏ ကြွင်းကျန်သောရုပ်ကလပ်ကို ဘန်ကောက်မှ မန္တလေးသို့ (ဖေ ဖော်ဝါရီလ ၁၇ ရက် (ကြာသာပတေးနေ့)တွင် စင်းလုံးဌား လေယာဥ်ဖြင့် ပြန်လည်ပင့်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ နေ့တွင်ပင် မန္တလေးမှ ဒါယိကာ၊ ဒါယိကာမများ၏ ဖူးမြော်အပူဇော်ခံပြီး မန္တ လေးမြို့ မှ တစ်ဆင့် မိုးကုတ်မြို့ ညောင်သုံးပင်ကျောင်းတိုက်သို့ နေ့ချင်းဆက်လက်ပင့်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်အား မိုးကုတ်မြို့ညောင်သုံးပင်ကျောင်းတိုက်၌ (၂)ပတ်တာ အဖူးမြော်ခံထားရှိကာ အန္တိမဈပနကို ကျင်းပပူဇော်သွားမှာဖြစ်ပြီး အစီစဉ်အသေးစိတ်ကို ထပ်မံကြေညာ အသိပေးသွားမယ်လို့ လည်း ဆရာတော်ဘုရားကြီး၏ ဒါယိကာ၊ ဒါယိကာမများထံမှ သိရပါတယ်။
မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တတေဇောသာရ သက် တော်(၅၉)နှစ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ အသဲ ရောဂါ ကြောင့်ဆေးကုသမှုခံယူ နေစဥ် ဖေ ဖော်ဝါရီ ၁၄ ရက်၊ နံနက် (၁၂ နာရီ ၅၄ မိနစ်)အချိန်တွင် ဘဝနတ်ထံပျံလွန် တော်မူသွားခဲ့တာဖြစ်ပါတယ်။
Photo - Internet
ymg/kg
#Yangon_Media_Group
#LocalNews
Published_ 15 Feb 2022
၂၀၂၁ ခုနှစ် အစောပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူပေါင်း ၈ သောင်း နီးပါးခန့်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုတွေကို အချိန်မီရရှိအသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနီဆက်က မြေပြင်မှာလက်တွေ့ကွင်းဆင်းပြီး လိုအပ်နေတဲ့ကလေးငယ်တွေ အတွက် မရှိမဖြစ်အရေးပါတဲ့ပစ္စည်းတွေကို ထောက်ပံ့ဖြန့်ဝေးပေးလျှက်ရှိပါတယ်လို့ လာရှိးမြို့ရှိ ယူနီဆက်ရုံးခွဲတာဝန်ခံဖြစ်သူ ကိုလှိုင်မင်းဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံတွင် မြင့်တက်လာသော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ ကူဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ကလေးသူငယ် ၅ သန်းအပါအဝင် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည့် ခန့်မှန်းခြေလူဦးရေ ၁၄.၄ သန်းခန့် ရှိလာနိုင်တယ်လို့ ယူနီဆက်က ခန့်မှန်းထားပါတယ်။
ယူနီဆက်သည် မြန်မာနိုင်ငံတစ်ဝန်းရှိမြို့နယ် ၈၈ ခုတွင် လုပ်ဆောင်လျက်ရှိသော မိခင်၊ မွေးကင်းစကလေးနှင့် ကလေးသူငယ်ကျန်းမာရေးနှင့် HIV စီမံချက်များ တိုးချဲ့ရန်အတွက် ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း နှင့် လူပေါင်း ၁ သန်းကျော် အတွက် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေး ထောက်ပံ့ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပါအဝင် သန့်ရှင်းသောသောက်ရေ၊ ဘေးကင်းစိတ်ချရသော သန့်ရှင်းရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၉ သန်း လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ_ UNICEF MYANMAR
ymg-mnn
#Yangon_Media_Group
#LocalNews
Published- 15 Feb 2022
မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ပေါ်ရှိ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)ရဲ့ ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းတွင်နေထိုင်ပြီး လူမှုကွန်ရက်ပေါ်မှာ လူသိများသူ အဘွားမေကြည်ခင်(ဖွားကြည်ခင်)မှာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ YGW အသင်းကထုတ်ပြန်လိုက်ပါတယ်။
အသက် ၈၄ နှစ်အရွယ်ရှိ အဘွားမေကြည်ခင်မှာ ယခုနှစ် ဇန်နဝါရီလအတွင်းကစတင်ကာ ကျန်းမာရေးသိသာစွာချို့ယွင်းလာတာကြောင့် ဓာတ်မှန်ရိုက်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အသည်းနှင့်အဆုတ်တို့တွင် ကင်ဆာအကြိတ်များတွေ့ရှိရတာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
အဘွားမေကြည်ခင်ကိုဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်ကာ နာရေးအခမ်းအနားပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
YGW ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းဆရာတော်သည် အဘွားမေကြည်ခင်ရဲ့ ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်ပေါ်သို့တင်လေ့ရှိရာ အဘွား၏ ဟန်ဆောင်မှုကင်းစွာ ချစ်စဖွယ်ခပ်စွာစွာပြောဆိုမှုပုံစံများကြောင့် လူချစ်လူခင်များရခြင်းဖြစ်ပြီး အနုပညာလောကမှ နာမည်ကြီးမင်းသားမင်းသမီးများ၊ အနုပညာရှင်များကလည်း ကျောင်းသို့ လာရောက်လှူဒါန်းရင်း ဖွားကြည်ခင်ထံ တကူးတကတွေ့ဆုံနှုတ်ဆက်ခံရသူဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1791 of 1815