#LocalNews
Published - 22 Feb 2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီများပြတ်လပ်နေပြီး ဓါတ်ဆီ တစ်လီတာလျှင် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ ပူတာအိုဒေသတွင် စက်သုံးဆီများ ပြတ်လပ်နေမှုကြောင့် ဒေသခံများအခက်ကြုံနေရပြီး လုပ်ငန်းအချို့ကိုလည်း ရပ်ဆိုင်းထားရတယ်လို့ ပူတာအိုမြို့ဒေသခံတွေက ဆိုပါတယ်။
"ကားတွေရပ်နေပြီ ဆိုင်ကယ်တွေရပ်နေပြီ ဓါတ်ဆီမရှိလို့ တော်တော်လေး အခက်အခဲရှိတယ် ဟိုတလောက ဓါတ်ဆီပြတ်တယ်။ အခု နောက်ပိုင်းလမ်းပိတ်တယ်လို့ ကြေညာတော့ ပိုဆိုး၊ပိုကြပ်သွားတာပေါ့၊ စားရေးသောက်ရေးတွေ အတော်လေး အခက်အခဲရှိပါတယ်။
အခု ဓါတ်ဆီပြတ်နေတာက တစ်လ လောက်ရှိပြီ၊ ပူတာအိုမှာ ဓါတ်ဆီ တစ်လီတာဆိုရင် ၈,၀၀၀ ၁၀,၀၀၀ လောက်ရှိတယ်။ ဒါတောင်ဝယ်မရပါဘူး။ လုံးဝ မရောင်းဘူး။ ဓါတ်ဆီကုန်နေတာ ဘာကြောင့်လဲဆိုရင် မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ ဓါတ်ဆီကားလာလို့မရဘူး။ နှစ်ဘက်စလုံးက ပိတ်လိုက်တော့ ဓါတ်ဆီကို တင်တဲ့ကားတွေက လာလို့မရဘူး။ နောက် ပူတာအိုနဲ့ မြစ်ကြီးနားကြားမှာ တိုက်ပွဲတွေဖြစ်နေတာ သူတို့က ဓါတ်ဆီတင်တဲ့ကားကို တားမြစ်တာ၊ လုံးဝ အဝင်မခံတာပေါ့။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေသည်မှာ တစ်လခန့်ရှိနေပြီး မြို့၏ မည်သည့်နေရာတွင်မှ စက်သုံးဆီကို ဝယ်ယူလို့မရတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"စက်သုံးဆီက လုံးဝပြတ်နေတယ်။ မြို့မှာလည်း လုံးဝဝယ်မရဘူး၊ တချို့လုပ်ငန်းတွေဆိုရင် ရပ်ထားရတယ်။ စက်သုံးဆီမရှိတော့ ဆိုင်ကယ်ဆီဖြည့်ဖို့ကအစ အတော်လေး အခက်ကြုံနေရပါတယ်။ လမ်းပေါ်မှာဆို ကားတစ်စီးတစ်လေ၊ ဆိုင်ကယ်တစ်စီးတစ်လေလောက်ပဲ တွေ့ရတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေကလည်း အရင်လို ကောင်းမွန်ခြင်းမရှိသည့်အတွက် စက်သုံးဆီများတင်ပို့ဖို့က အခက်အခဲများရှိနေပြီး အခြားသော ကုန်စည်စီးဆင်းမှု တွေအတွက်လည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ဒီကနေ့မှစတင်ပြီး မြစ်ကြီးနား-ဆွမ်ပရာဘွန်-ပူတာအို ကားလမ်းကိုလည်း နှစ်ဖက်တပ်တွေက စစ်ရေးအ ခြေအနေတွေကြောင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
မော်လမြိုင်ဆေးရုံကြီးမှ ကိုဗစ်အတည်ပြုလူနာ(၄)ဦးဟာ ဒီကနေ့( ဖေဖော်ဝါရီလ ၂၂ )ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ သေဆုံးသွားသည့် လူနာများသည် မုဒုံမြို့မှ အသက်(၈၈)နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ ပေါင်မြို့နယ်မှ အသက်(၅၃)နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ မော်လမြိုင်မြို့မှ အသက်(၅၂)နှစ်အရွယ် အမျိုးသားလူနာတစ်ဦးနှင့် မုတ္တမြို့မှ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးတို့ ဖြစ်ကြတယ်လို့ မော်လမြိုင်မြို့ရှိ ဒေသခံလူမှုကူညီ ရေးအသင်းတစ်ခုက ထုတ်ပြန်ထားတာပါ။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ မွန်ပြည်နယ်အတွင်းမှာ ယခု ဖေဖော်လဝါရီလ ၂၀ ရက်နေ့အထိ ပိုးတွေ့သူလူနာစုစုပေါင်းက (၁၁၉)ဦးအထိရှိ နေတာလည်းဖြစ်ပါတယ်။
ယခုဖေဖော်ဝါရီလ ပထမပတ်ကစလို့ မြန်မာနိုင်ငံအတွင်းမှာ အိုမီခရွန်ကူးစက်ခံရတဲ့ လက္ခဏာရှိသူတွေ အများစု ဖြစ်လာတာကြောင့် ပြည်တွင်းမှာ အိုမီခရွန်ကူးစက်ခံရမှုတွေဟာ အဆမတန်များပြားနေသလို ရောဂါပိုးကလည်း အလျင်အမြန် ကူးစက်ပြန့်နှံ့နေတာဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းဟာ အရင်လတွေက ၁ ရာခိုင်နှုန်းကျော်ပဲ ရှိခဲ့ရာကနေ အခုဆိုရင် ၁၀ ရာခိုင်နှုန်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း အများပြည်သူအနေနဲ့ ကျန်းမာရေးအသိရှိပြီး သတ်မှတ်စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ထို့အပြင် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက်၊ ည ၈ နာရီအချိန်
အထိ နောက်ဆုံးထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ စစ်ဆေးသူ ၂၈,၄၈၀ ဦးတွင် ဓါတ်ခွဲအတည်ပြုလူနာ
ပိုးတွေ့သူ စုစုပေါင်းက ၂,၈၉၇ ဦးရှိခဲ့ပြီး ပိုးတွေ့ရာနှုန်းက ၁၀.၁၇ ရာခိုင်နှုန်းရှိခဲ့တာပါ။
ဒါကြောင့် ယနေ့အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့သူစုစုပေါင်းက ၅၆၈,၅၆၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် ယနေ့အထိ ဆေးရုံဆင်းသူရာနှုန်းက ၉၂.၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဆေးရုံဆင်းသူစုစုပေါင်းက ၅၂၄,၈၈၀ ဦးအထိ ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးမှုကလည်း ယမန် နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သေဆုံးသူ ၇ ဦးရှိခဲ့သဖြင့် သေဆုံးရာနှုန်း ၃.၄၀ ရာခိုင်နှုန်းနှင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉,၃၃၈ ဦးရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
"ပိုးတွေ့နှုန်းလည်း ၁၀ ရာခိုင်နှုန်းကျော်လာပြီ။ သေသူကလဲများလာပြီ။ မိမိ မိသားစုထဲမှာ ကာကွယ်ဆေးလုံးဝမထိုးထားသူများ အသက် ၇၅ နှစ်အထက်ရှိသူများ နောက်ခံရောဂါရှိသူများ အန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ ဂရုစိုက်ကြပါ။ အိုမီခရွန်က စိုးရိမ်ဖွယ်ရာ ဗီဇမျိုးကွဲဖြစ်ပါတယ်။ မပေါ့ဆပါနှင့်"လို့ ကျန်းမာရေးပညာရှင် ဒေါက်တာခင်ခင်ကြီးက ၄င်း၏ လူမှုကွန်ရက်ကနေ အသိပေးရေးသားထားပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published -22 Feb 2022
နိုင်ငံရေး အထွေထွေအကျပ်အတည်းဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ခေါင်းဆောင် နိုင်အောင်မင်းကပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ဖေဖော်ဝါရီ ၂၂၊ ၂၃ ရက်တို့တွင် Video Conferencing ဖြင့် နှစ်ရက်တာ ကျင်းပနေပြီး ယင်းအစည်းအဝေးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းရဲ့ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“ လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့ PPST အနေနဲ့ တတ်နိုင်တဲ့နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမှာဖြစ်ပါတယ်” ဟု နိုင်အောင်မင်းက ပြောကြားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ နှစ်ရက်တာအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးအပါအဝင် အခြားအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီး သဘောထား ချမှတ်သွားမည်ဖြစ်ကာ (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအခင်းအကျင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်းကိစ္စ၊ ပြည်သူ့ညီလာခံ (People Assembly) အခြေအနေ၊ မကြာမီ ပြည်တွင်းသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အနေအထားတို့ကို ဆွေးနွေးသွားရန် စီစဉ်ထားပြီး တိကျတဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် PPST ရဲ့စုဖွဲ့မှုအသစ်အခင်းအကျင်းနဲ့ EAO များ၏ ညီလာခံကျင်းပသွားနိုင်ရေးဆွေးနွေးခြင်း၊ PPST ၏ နိုင်ငံရေးဦး တည်ချက် (၇)ရပ်ကို အခြေခံပြီး လမ်းပြမြေပုံ (၇)ဆင့်အတွက် ဆွေးနွေးညှိနှိုင်းနေသည့် PPST အကြံပေး စဝ်ဟန်ယောင်ဟွေ ဦးစီးဆောင်ရွက်ပြုလုပ်နေတဲ့ PPST အလုပ်ရုံဆွေးနွေးပွဲ အခြေအနေကိုလည်း ဆွေးနွေးတင်ပြခြင်းနှင့် အလုပ်ရုံရှေ့လုပ်ငန်းစဉ်အတွက် သဘောထားချမှတ်ခြင်း၊ တိုက်ပွဲများကြောင့် အတိဒုက္ခ အမျိုးမျိုးကြုံတွေ့နေရသည့် ပြည်သူလူထု စစ်ဘေးရှောင်များအတွက် ထိထိရောက်ရောက် ဆက်လက်အကူအညီပေးနိုင်ရေးနှင့် သဘောထားချမှတ်ခြင်းများ ဆောင်ရွက်မယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#DailyNews
Published - 21 Feb 2022
၁။ ပဋိပက္ခဖြစ်ပွားသောဒေသများမှ နေရပ်စွန့်ခွာသူအချို့ ကိုယ့်ဒေသကိုကိုယ် ပြန်မလာနိုင်ကြသေး။
၂။ ရွှေမင်္ဂလာဈေးမှ ဆိုင်ခန်းတစ်ခုမီးလောင်မှုဖြစ်ပြီးနောက် လျှပ်စစ်ပစ္စည်းများသုံးစွဲမှုနှင့်ပတ်သက်၍ သတိပေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်နီးပါး သွားလာခွင့်ပိတ်ပင်ထားရာမှ ဩစတြေးလျနိုင်ငံ ပြန်လည်သွားလာခွင့်ပြုလိုက်ပြီ.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 Feb3022
သီပေါမြို့မှာ လင်မယားချင်းစကားများရာမှ မိန်းမဖြစ်သူက ခင်ပွန်းသည် ယောကျ်ားဖြစ်သူ၏ ငယ်ပါအားဖြတ်ပစ်လိုက်သည့် ဖြစ်စဥ်တစ်ခု ဖေဖော်ဝါရီ ၂၁ ရက်၊(ညပိုင်း)အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
"ဖြစ်စဥ်အသေးစိတ်ကတော့ ကျွန်တော်တို့လည်း သေချာမသိသေးပါဘူး။ လင်မယားချင်းစကားများရန်ဖြစ်ရာ
ကနေ အခုလိုဖြစ်တယ်လို့ သိရပါတယ်။ မနေ့ညက သီပေါဆေးရုံမှာ သွေးထွက်လွန်နေတဲ့ လူနာရှိတယ်ပေါ့၊ အဲ့ဒါကို သီပေါကနေ လားရှိုးဆေးရုံကို ပို့ဆောင်ပေးဖို့ ဆေးရုံက ဆရာမတွေဖုန်းဆက်လာလို့ ကျွန်တော်တို့အသင်းက သွား ရောက်ကူညီဆောင်ရွက်ပေးခဲ့တာပါ။ လူနာကတော့ သွေးထွက်အတော်လွန်နေတယ်။ ကျွန်တော်တို့အသင်းက လူနာတင်ယာဥ်နဲ့ပဲ လားရှိုးဆေးရုံကို ညတွင်းချင်း ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့မှ အခုလိုဖြစ်စဥ်ဖြစ်ခဲ့မှန်း သိခဲ့ရတာပါ။"လို့ သီပေါလူငယ် လူမှုကူညီရေးအသင်းမှ ကိုတူးလီ က YMG ကို ပြောပြခဲ့ပါတယ်။
အဆိုပါ ငယ်ပါအဖြတ်ခံရသည့် သွေးထွက်လွန်လူနာကို သီပေါလူငယ် လူမှုကူညီရေးအသင်းမှ သီပေါမြို့မှတစ်ဆင့် လားရှိုးပြည့်သူ့ဆေးရုံကြီးသို့ ညတွင်းချင်းကူညီပို့ဆောင် ပေးခဲ့ရတာပါ။
လက်ရှိမှာလည်း လူနာက လားရှိးပြည့်သူ့ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
"သူတို့က သီပေါမြို့ဒေသခံတွေပါပဲ။ သီပေါဆေးရုံကို သူတို့ရောက်လာတော့မှ ကျွန်တော်တို့ကသွားခေါ်ပြီး လားရှိုး ဆေးရုံကို ပို့ပေးခဲ့ရတာပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေက တိတိကျကျတော့ ပြောလို့မရဘူး။ သွေးထွက်က တော့လွန်နေတယ်။"လို့ ကိုတူးလီက ဆက်လက်ပြောပြခဲ့ပါတယ်။
ယခုလိုဖြစ်စဥ်ဟာ ကြုံတောင့်ကြုံခဲ ဖြစ်စဥ်တစ်ခုဖြစ်တယ်လို့လည်း လူမှုကွန်ရက်အသုံးပြုသူတွေက မှတ်ချက်ပြုထားကြပါတယ်။
Photo - သီပေါလူငယ် လူမှုကူညီရေးအသင်း။
ymg/kg
#Yangon_Media_Group
Published 21 February 2022
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးစေတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးက ICJ တရားစီရင်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့အပေါ် ဒုတိယအကြိမ်ကြားနားမှုကို ယနေ့ ဖေဖော်ဝါရီ(၂၁)ရက်မှာ စတင်ခဲ့ပါတယ်။မြန်မာနိုင်ငံ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ကနဦးကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။ကြားနာမှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ကုလရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။
#LocalNews
Published - 21 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီးသက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
#Yangon_Media_Group
Page 1730 of 1767