#LocalNews
Published - 5 May 2022
ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်လိုက်ပါတယ်။
ဖြစ်စဥ်မှာ မေလ ၃ ရက်နေ့၊ မွန်းလွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၅၈ A လမ်းနှင့် ၁၁၀ A လမ်းထောင့်ရှိ အိမ်အမှတ် ဖ-၂/၅၈(က)အား သတင်းအရ ၀င်ရောက်ရှာဖွေရာ ယင်းကဲ့သို့ သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ရှာဖွေစဥ် နေအိမ်ခြံ၀င်းအတွင်း CANTER အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ရဲ၀င်းနိုင်(ခ)ကိုရဲ၊ ကျော်ရဲထွန်းနှင့် ဒေါ်သက်သက်၀င်းတို့အားတွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၄.၃၇ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၀၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၆ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ရဲ၀င်းနိုင်(ခ)ကိုရဲ(၃၂)နှစ်၊ ကျော်ရဲထွန်း(၃၀)နှစ်နှင့် ဒေါ်သက်သက်၀င်း (၄၅)နှစ်တို့အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေ ာဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - CCDAC MYANMAR
ymg/kg
#Yangon_Media_Group
#LocalNews
Published_5 May 2022
ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) တံတားကို မေလ ၁၅ ရက်တွင် ပြန်ဖွင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း နယ်စပ်ဖြတ်ကျော်လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
"မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာ တာဝန်ရှိသူတွေ ဒီနေ့ မေလ ၅ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဖွင့်လှစ်တဲ့နေ့မှာပဲ MOU အလုပ်သမားတွေကိုလည်း စေလွှတ်ဖို့ရှိတယ်လို့ သိရတယ်ခင်ဗျ"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသော အဆိုပါတံတား၏ ထိုင်းဘက်ခြမ်းတွင် မေလ ၁ ရက်က သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး မေလ ၃ ရက် နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်း၌ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တံတားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကစတင်၍ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ည ၁၀ နာရီ ခွဲခန့်အချိန်က မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုဒ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးခဲ့သေးသည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တိုကို ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်၌ ဆောက်လုပ်ထားသော တံတားဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀ မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၁၉ခုနှစ်က အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 5 May 2022
လက်ရှိကာလမှာ ပြည်တွင်းကား စျေးနှုန်းတွေ မြင့်တက်နေပေမယ့် ရန်ကုန်ကား စျေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်တွေကို ပြုလုပ်နေကြရတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
လက်ရှိကာလတွင် ပြည်တွင်း ကားစျေးနှုန်းတွေဟာ အမြင့်တန်းမှာ ရောက်ရှိနေတာဖြစ်ပြီး ထိုသို့ ကားစျေးနှုန်းတွေ အမြင့်တန်းများရှိနေတာဟာ ဒေါ်လာနှင့် စက်သုံးဆီ ဂယက်ကြောင့် ဖြစ်တယ်လို့လည်း ၄င်းတို့ကဆိုပါတယ်။
"ပြည်တွင်းကား စျေးက မူလ ပေါက်စျေးထက် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ စျေးတွေတက်နေတာပေါ့။ ဒါကလည်း ပြည်တွင်းမှာဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့ စက်သုံးဆီ အခြေအနေကြောင့်ပါ။ စျေးကွက်အနေအထားကို ပြောရရင်လဲ သူ့ဟာနဲ့သူတော့ အရောင်းအဝယ်တွေက ဖြစ်ပါတယ်။
ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ပေါ့လေ၊ အဲ့လိုပုံစံလေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်နေရတယ်။
ပြောရရင် လူတွေကရွှေနဲ့ ဒေါ်လာဘက်ကို သိပ်မလှည့်နိုင်ဘူးလေ၊ ဒါကြောင့် ကားဘက်ကို လှည့်လာတယ်လို့ ထင်ပါတယ်။"လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးငွေဇံက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လာမည့်ကာလများတွင်လည်း ပြည်တွင်းကား စျေးနှုန်းက အမြင့်ပိုင်းသာရှိ နေမယ်လို့ ကားဝယ်ရောင်းလုပ်က်ုင်သူတွေက ခန့်မှန်းထားကြတာပါ။
ယခင်က သိန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ကျော်အထိ ပေါက်စျေးရှိ နေတာဖြစ်တယ်လို့လည်း ရန်ကုန်ကား စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
ymg/kg
#Yangon_Media_Group
#Local News
Published-5 May 2022
မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ(၃၁)သန်းကျော်အနက်လူဦးရေ (၂၉)သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်လို့ အသက်(၁၈)နှစ်အထက်လူဦးရေ(၂)သန်းကျော်သာ ကာကွယ်ဆေးထိုးဖို့ကျန်ရှိတော့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊
ဧပြီလ(၃၀)ရက်အထိရရှိထားတဲ့ မြေပြင်စာရင်းတွေအရ မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၂၉)သန်းကျော်ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်တဲ့အတွက်ရာခိုင်နှုန်းအားဖြင့်(၉၁.၉) ရာခိုင်နှုန်းအထိ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်၊၊
စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာအသက် ၁၈ နှစ်နှင့်အထက် လူဦးရေ (၃၄) သန်းကျော်ရှိပေမယ့် ပြည်ပမှာ သွားရောက်နေထိုင်သူတွေ၊ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တာဝန်ထမ်းဆောင်သူ ဦးရေမှာ (၂.၄)သန်းကျော်ရှိတဲ့အတွက် နိုင်ငံအတွင်း မြေပြင်မှာ အမှန်တကယ် နေထိုင်လျက်ရှိတဲ့အသက်(၁၈)နှစ်နှင့်အထက်လူဦးရေ (၃၁)သန်းကျော်အား ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊
အသက်(၁၅) နှစ်နှင့်အထက်ရှိသူတွေနဲ့ အသက် (၁၂)နှစ်မှအသက် (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားတွေကို ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးလျက်ရှိပြီး အသက်(၄၀)နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆)လနဲ့အထက်ရှိတဲ့သူတွေကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိတယ်လို့ သိရပါတယ်၊၊
ကာကွယ်ဆေးထိုးနှံမှုကို ကျေးလက်ဒေသအထိ ကျယ်ပြန့်စွာဆောင်ရွက်သွားမှာဖြစ်ပြီးကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လနဲ့အထက်ရှိတဲ့သူတွေကို အသက်အုပ်စုတွေ ထပ်မံတိုးချဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_5 April 2022
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လက်ရှိအမှိုက်သိမ်းစနစ်ကို ပြောင်းလဲ၍ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်ပြုလုပ်နိုင်ရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သယံဇာတရေးရာဝန်ကြီးဌာနက သိရသည်။
အဆိုပါ အမှိုက်သိမ်းစနစ်ကို ယခုမှသာ စတင်ရမည်ဖြစ်သောကြောင့် အဆင်ပြေနိုင်၊ မပြေနိုင် ဆိုသည့်ကိစ္စကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆွေးနွေးခဲ့ရာ အခြေခံလူတန်းစားများအနေဖြင့် အမှိုက်သိမ်းသည့်အခကြေးငွေကို ပေးဆောင်ရန် အခက်အခဲရှိနိုင်မည်ကို စိုးရိမ်သဖြင့် အများသူငါတတ်နိုင်သည့်နှုန်းထားဖြင့် လုပ်ဆောင်ရန် စီစဉ်နေကြောင်း၊ သို့သော်လည်း ပြည်သူ့သဘောထားများကိုလည်း တောင်းခံသွားအုံးမည်ဖြစ်ကြောင်းလည်း ယင်းဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
"ပုဂ္ဂလိက အမှိုက်သိမ်းစနစ်က ဒီမှာမရှိသေးဘူးလေ။ မြို့တွင်းရပ်ကွက်တွေမှာ အမှိုက်ကျင်းတွေ ထားစရာမလိုတော့အောင်ပေါ့။ အခုလို စီစဉ်တာလုပ်ဖြစ်ရင်တော့ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းက ဈေးတစ်မျိုး၊ ဆေးရုံဆေးခန်းနဲ့ အလုပ်ရုံတွေကထွက်တဲ့ပစ္စည်းက ဈေးတစ်မျိုးဆိုတာမျိုးတော့ သတ်မှတ်မှာပေါ့။ အခုက မရှိသူတွေလည်း ရှိနေတော့ သူတို့အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် ချက်ချင်းမလုပ်သေးဘူး။ သဘောထားတွေကို စောင့်ကြည့်ရအုံးမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။
အကယ်၍ ယင်းစနစ်ကို စတင်မည်ဆိုပါကလည်း စစ်တွေမြို့ရှိ ပြည်တော်သာရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်၊ ရူပတောင်ရပ်ကွက်၊ ရူပမြောက်ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီး ရပ်ကွက်တိုတွင် အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_5 May 2022
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်စခေါင် ချွန်ဘုရီ ပကျွတ်စီရီခမ် ဖစ်ဘုရီသို့ သွားရောက် အလုပ်လုပ်ရန် ရောက်လာကြသည့် တရားမဝင် မြန်မာနိုင်ငံသား ၉၈ ဦးကို မေလ ၄ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် ဗန်းထုံခေတ်ရွာ ကော့လတ်ခရိုင် ပကျွတ်စီရီခမ်ပြည်နယ်အတွင်း တရားမဝင်လာရောက်သော မြန်မာနိုင်ငံသား အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး တို့ကို သက်ဆိုင်ရာ ထိုင်းပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖမ်းမိသူများအနေဖြင့် လူတစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် နှစ်သောင်းမှ နှစ်သောင်းခွဲကြားပေးရကြောင်း၊ ယင်းတို့မှာ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမွန်ပြည်နယ်မော်လမြိုင်မြို့နယ်အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တို့မှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိသူများအား ကိုယ်အပူများတိုင်းတာခဲ့ရာ တစ်ဦးတစ်ယောက်မျှဖျားနာခြင်း မရှိကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများအား ဥပေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_Health
Published_ 5 May 2022
မြန်မာနိုင်ငံထုတ် Myanmcopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိလျက်ရှိကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မေလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ခုတင် (၅၀) ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုခဲ့ပါတယ်။
စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဧပြီ ၂၉ ရက်တွင် (၆) သိန်း doses နှင့် ၃၀ ရက်တွင် (၄) သိန်း doses၊ စုစုပေါင်း (၁) သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နိုတိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1602 of 1766