#Local_News
Published_ 17 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် ည ၇ နာရီခွဲတွင် သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိမင်္ဂလာဈေးဝင်းတွင် ယာဉ်မောင်းဝင်းလှိုင်နှင့် လှဘော်တို့ ၂ ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူတွေ့ရှိပြီး ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေ ကျပ် ၆ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မေ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်တွင် အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် ထွန်းနိုင်နှင့် ဝင်းမြင့်တို့ကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ကျောင်းကုန်းမြို့အဝင် တိုးဂိတ်တွင် အားဂျီး(ခ)အားရှီးကိုလည်းကောင်း၊ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်ချီတုံကျေးရွာတွင် ကိုပေါက်ကို လည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ပုသိမ်မြို့နယ်၊ ချောင်းသာဟိုတယ်တွင် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ) Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်းတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ မေ ၇ ရက် နံနက် ၁၁ နာရီတွင် ဒလမြို့နယ်၊ စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင်သုံး ငါးဖမ်းစက်လှေတစ်စင်းနှင့်အတူ ရှိင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မေ ၈ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တာဝန်ခံ သယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်းကိုလည်းကောင်း၊ မေ ၁၁ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ပါလျှံ (၁) ရပ်ကွက်တွင် အောင်ကျော်ထွန်း(ခ) အိုက်ဆမ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ရေကြောင်းလမ်းအသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ (ခ) ဘောန်(ခ) Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံပြေး ဖြစ်ကြောင်း၊ အမှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် စိုင်းဂွမ်(ခ) စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန်နှင့် လူဖီးတို့အပါအဝင် စုစုပေါင်း(၁၈)ဦးကို ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများ စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ မလေးရှားနိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့(NADA)တို့နှင့် ပူးပေါင်း၍ ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 16 May 2022
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီဒေသရှိ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ဆက်သွယ်ထားသည့် ဟောင်းနွမ်းကြိုးတံတား (၆)စင်းအားပြုပြင်ဖို့ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 16 May 2022
မွန်ပြည်နယ်၊ဘီလင်းမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၆)ကျောင်းရှိတဲ့အနက်(၂) ကျောင်းပိတ်လိုက်ရပြီး(၁၄)ကျောင်းသာကျန်ရှိတော့တယ်လို့ မြို့ဦးပရဟိတဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာတော်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_16 May 2022
မန္တလေးတိုင်းအတွင်းမှာ အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ဆိုလာစီမံကိန်း နှစ်ခုကို လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ပြီးစီးနိုင်အောင် လုပ်ဆောင်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 16 May 2022
တရုတ်-မြန်မာ နှစ်နိုင်ငံက အာဆီယံ ပေါင်းစည်းမှုအဖြစ် (မြန်မာနိုင်ငံ)၌ တည်ဆောက်မည့် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်း စီမံကိန်းအတွက် Exchange Letter လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို မေလ ၁၁ ရက်နေ့က တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် အဆိုပါစီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းဖော်ဆောင်ခြင်းအဖြစ် Exchange Letter ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံပေါင်းစည်းမှု တည်ဆောက်ရေးကို ပံ့ပိုးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရသည် Initiative for ASEAN Integration (IAI) အရ အာဆီယံအား အကူအညီပေးသည့် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်း စီမံကိန်းဖော်ဆောင်၍ မြန်မာနိုင်ငံ နေပြည်တော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တို့တွင် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်း တစ်ခုစီ ကူညီတည်ဆောက်ပေးပြီးသက်ဆိုင်ရာ ဓာတ်ခွဲခန်းသုံးစက်ကိရိယာများ ပံ့ပိုးပေးကာ လူပုဂ္ဂိုလ်များအား လေ့ကျင့်သင်တန်းပေးခြင်းတို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအား တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် စောင့်ကြည့်စစ်ဆေးရေး စွမ်းရည်တိုးမြင့်မားလာစေရန်အတွက် အကူအညီပေးနိုင်ရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုပါတယ်။
ယခုလက်မှတ် ရေးထိုးခြင်းသည် ၂၀၂၁ ခုနှစ်တွင် အဆိုပါ စီမံကိန်း၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ စီမံကိန်းဖော်ဆောင်ခြင်း Exchange Letter လက်မှတ်ရေးထိုးပြီးနောက် နောက်ထပ်အရေးကြီးသော တိုးတက်မှုတစ်ခုဖြစ်ပြီး အဆိုပါ စီမံကိန်းသည်အကောင်အထည်ဖော်ဆောင်မှုအဆင့်သို့ အပြည့်အဝ ဝင်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်သံရုံး၏ ဒီကနေ့ သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကောင်းမွန်ရေး၊ မြန်မာပြည်သူများ ကောင်းမွန်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲပြီး မြန်မာပြည်သူများအတွက် မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိဆောင်ရွက်နေဆဲ ကူညီပံ့ပိုးမှုစီမံကိန်းများသည် စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေး စသည့်နယ်ပယ်များစွာကို လွှမ်းခြုံနေပြီး မြန်မာပြည်သူများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါတယ်။
ymg/kg
#Yangon_Media_Group
#Local News
Published-16 May 2022
အခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးအနည်းငယ် ကျဆင်းလာသည့်အတွက် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၅၆၈၅)ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်၊၊
တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းတွေကို အခြေခံ၍တွက်ချက်မှုတွေအရ ၂၀၂၂ ခုနှစ် မေလ (၁၆)ရက်မှ (၂၂)ရက်အထိ စားအုန်းဆီတစ်ပိဿာကို ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၅၆၈၅)ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်၊၊
၂၀၂၂ခုနှစ် မေလ (၂)ရက်မှ(၈)ရက်အထိ စားအုန်းဆီတစ်ပိဿာကို ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၆၀၂၅)ကျပ်နဲ့ ရောင်းချခဲ့ရာမှ အခုမေလ (၁၆)ရက်မှ (၂၂)ရက်မှာတော့ ကျပ်(၅၆၈၅)နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
စားအုန်းဆီနဲ့ပတ်သက်လို့ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနဲ့ ဈေးကစားရန်သိုလှောင်ထားခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_16 May 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို သပြေဝဆိုလာ ဓာတ်အားပေးစက်ရုံအနီးရှိ မြေလွတ်မြေရိုင်းများပေါ်တွင် ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။
မေလ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။
သပြေဝနေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွင် ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် နောင်ပြုလုပ်မည့် ဆိုလာစီမံကိန်းများတွင်လည်း ဆိုလာ Tracking System နည်းပညာကို အသုံးပြုသွားရန် လိုကြောင်းလည်း ယင်းကပြောသည်။
သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ(၁၃၃ ဒသမ ၄၄)ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ်ဖြစ်ကာ အမြင့်ဆုံးလျှပ်စစ်စွမ်းအားနှုန်း (၄၅၅)ဝပ် ရှိသည့် Bifacial Monocrystalline Silicon Module ပေါင်း (၈၃၇၅၂)ခု Single Axis Solar Tracker (၉၆၆)စုံ တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကာ အဆိုပါ ဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်ကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၆၆) သန်း ထုတ်လုပ်ပေးလျက်ရှိပြီး ထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားများကို (၄)မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ်ကောင်းကင်ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မ ဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1582 of 1767