#LocalNews
Published -21 May 2022
မိုးရွာလို့၊ မိုးကြီးလို့ လူတွေသိပ်မထွက်တာကတစ်ကြောင်း၊ အင်တာနက်ကနေပဲ သတင်းတွေဖတ်ကြတာကတစ်ကြောင်းကြောင့် ရန်ကုန်မှာ ဂျာနယ်နဲ့သတင်းစာရောင်းအားတွေ ထက်ဝက်လောက်ထပ်မံကျဆင်းလာတယ်လို့ ဂျာနယ်၊ သတင်းစာရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_21 May 2022
နိုင်ငံတော်သြဝါဒါစရိယအဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဏိတ ဒေါက်တာဘဒ္ဒန္တသိဒ္ဓိယ D.Litt (Doctor of Literature) (ပုညနိမ္မိတာ ရွှေသုဝဏ် ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်) ဘုရားကြီးသည် ယနေ့ မေလ၂၁ ရက် နံနက် ၁ နာရီ ၄၀မိနစ်အချိန်က အမှတ် (၂) တပ်မတော်ဆေးရုံ (ကုတင်၅၀၀) ၌ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဆရာတော်ကြီးသည် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း၊ ပျံလွန်တော်မူစဉ် သက်တော် (၈၄)နှစ်အရွယ်ရှိပြီ ဖြစ်ကာ ဆရာတော်ဘုရားကြီး ၏ ရုပ်ကလက်တော်အား မေလ၂၈ ရက်ထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ရွှေသုဝဏ်ကျောင်းတိုက်အတွင်း အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -21 May 2022
မုန်တိုင်းဖြတ်ကျော်မှုကြောင့် နေအိမ်တွေပြိုပျက်တာ၊ ထိခိုက်ပျက်စီးတာတွေရှိလို့ မော်လမြိုင်ရှိ မုန်တိုင်းရှောင်စခန်းမှာ ခိုလှုံနေရသူ လူဦးရေ(၁၅၀)ကျော်လောက်ရှိတယ်လို့ မုန်တိုင်းရှောင်ပြည်သူတွေကို စောင့်ရှောက်ထားတဲ့ ကိုဇင်မိုးက YMG ကို ပြောပါတယ်၊၊
မော်လမြိုင် သာယာအေးရပ်မှ မုန်တိုင်းရှောင်စခန်းဖြစ်တဲ့ ဓမ္မာရုံထဲမှာ မုန်တိုင်းရှောင်ပြည်သူ (၁၅၀)ကျော်ကို ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်၊၊
"မော်လမြိုင်မှာမနေ့က မုန်တိုင်းဖြတ်တာပေါ့နော်၊၊ ရာသီဥတုအခြေအနေဆိုးခဲ့တာပေါ့နော်၊၊သာယာအေး၊ ဝက်ကြီးကွေ့ဘက်ခြမ်းနေရာတွေမှာ အိမ်ကြီး အိမ်ကောင်းတွေမဟုတ်တော့ သွပ်မိုး၊ ထရံကာတွေဆိုတော့ ပြိုတဲ့ဟာပြို လုံးဝသုံးမရတာတွေရှိတော့ လေဒဏ်မိုးဒဏ်ခံတဲ့ ဓမ္မာရုံကို ကျွန်တော်တိုရွေ့ပြောင်းပေးခဲ့တယ်၊၊ ညက ထမင်းဟင်းတွေ ချက်ကျွေးခဲ့တယ်၊၊ ဒီကနေ့အထိ မုန်တိုင်းရှောင်တဲ့သူ(၁၅၀)လောက်ရှိတာပေါ့ သူတို့စားဖို့သောက်ဖို့ကို ကျွန်တော်ပဲတာဝန်ယူချက်ပြုတ်နေတယ်၊၊ နေအိမ်တွေပြန်လို့တော့မရသေးဘူး၊၊ သွပ်မိုးတွေ ဘာတွေ ပြန်ပြင်ရဦးမယ်"လို့ မုန်တိုင်းရှောင်ပြည်သူတွေကို စောင့်ရှောက်ထားတဲ့ ကိုဇင်မိုးက ပြောပါတယ်၊၊
အလှူရှင်တွေကတော့ ဆက်သွယ်လှူဒါန်းမှုတွေရှိနေပြီဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကတော့ လာရောက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published -21 May 2022
အနောက်တောင်မုတ်သုံလေသည် မေလ (၂၄ - ၂၇) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း၊ မေလ (၂၈) ရက်နေ့မှ ဇွန်လ (၄)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့လည်းကောင်း ၀င်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမေလ(၂၁)ရက်တွင်ထုတ်ပြန်လိုက်သည်၊၊
"အခုရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသက စဝင်မယ်၊၊ မေလ(၂၀)ရက်နေ့လယ်ပိုင်းကနေ နောက် (၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်ကစဝင်ပါမယ်၊၊ ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ တစ်နိုင်ငံလုံးကို မုတ်သုံလေဝင်ရောက်မယ်"
လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက YMG ကို ပြောပါသည်၊၊
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ထားပါသည်၊၊
မေလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေမှ (၃)ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေမှ (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်းနှင့် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည်သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၁)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တိုတွင် (၁)ပေမှ (၃)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ထားပါသည်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 21 May 2022
၁။ ရန်ကုန်တွင်ဂျာနယ်၊ သတင်းစာများ ရောင်းအားထက်ဝက်လောက်ထပ်မံကျဆင်း။
၂။ ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် ၃ မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ်သတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြောင်းလဲဖန်တီးလာသည့်ဂျပန်တို့၏ တိုင်ကိုဒရမ်တီးခတ်ခြင်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -21 May 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ခန့်မှန်းချက်အရ သွေးလွန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးနိုင်သူမြန်မာနိုင်ငံတွင် နှစ်စဥ်ရာချီရှိနိုင်သဖြင့် သတိပြုဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ၊ WHO အရှေ့တောင်အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး(ငြိမ်း)ဒေါက်တာသန်းစိန်က YMG ကို ပြောပါတယ်၊၊
မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အနည်းဆုံး သောင်းချီကနေ အများဆုံးသိန်းချီရှိပြီး သေဆုံးသူကလည်း နှစ်စဥ်အနည်းဆုံးသေဆုံးသူ ဆယ်ဂဏာန်းကနေအချို့နှစ်တွေမှာ ရာဂဏာန်း လောက်အထိရှိခဲ့ဖူးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊
"မိုးရာသီမှာ အဖြစ်များတာကတော့ သွေးလွန် တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတာ၊ ခြင်ကနေတစ်ဆင့်ကူးစက်တာ၊၊ ဆရာတို့ WHO ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ နှစ်စဥ်သွေးလွန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးရသူ ရာချီရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်၊၊ ဒါကြောင့်မို့လို့ ဒါကိုသတိထားဖို့လိုတယ်၊၊ သွေးလွန်တုပ်ကွေးရောဂါ ကတစ်ချို့နှစ်တွေမှာ အဖြစ်များတယ်၊၊ အချို့နှစ်တွေမှာ အဖြစ်နည်းတယ်"လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ၊ WHOအရှေ့တောင်အာရှဒေသဆိုင်ရာ ရုံးညွှန်ကြားရေးမှူး(ငြိမ်း)ဒေါက်တာသန်းစိန်က ပြောပါတယ်၊၊
လတ်တလောမှာတော့ မိုးရာသီမတိုင်မီမှာပင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူရာချီရှိနေပြီး သေဆုံးသူလည်းရှိနေပြီဖြစ်တယ်လို့ တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်၊၊
သွေးလွန်တုပ်ကွေးရောဂါက ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့အတွက် အသက်(၁၅)နှစ်အောက် ကလေးငယ်တွေကို ခြင်လုံးဝမကိုက်အောင် စောင့်ရှောက်ဖို့ လိုအပ်သလို ခြင်မပေါက်ဖွားအောင်လည်း ခြင်နှိမ်နင်းရေးဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်တွေလည်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါက်တာသန်းစိန်က အကြံပြုထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_21 May 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွေ့ကျုံးမြို့ ဟွေ့ရန်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသော မြန်မာနိုင်ငံသား ၁၇၀ ဦးကို နေရပ်သို့ ပြန်ပို့ခဲ့ပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်က သိရသည်။
"မြန်မာနိုင်ငံသား (၁၇၀) နန်းတော်ပေါက်က တစ်ဆင့်မူဆယ်ဘက်ပြန်ပို့လာတာ လမ်းခရီး မှာ(၃) ရက်လုံး ရေနဲ့မုန့်ခြောက်ပဲစားခဲ့ရတယ်။ ထမင်းမစားခဲ့ရလို့ ထမင်းဗူးတွေ အမြန်စီစဉ်ပေးခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံသားတွေ သူတို့အိမ်ကို အေးအေးချမ်းချမ်း ပြန်နိုင်ဖို့ မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူးရဲ့ လမ်းညွန်မှုနဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးက အနီးကပ်ကြီကြပ်ပေးတယ်။ မူဆယ်မြို့နယ် အုပ်ချူပ်ရေးမှူးနဲ့ အလှူရှင်တွေက ထမင်း(၄) နပ် စာစီစဉ်ပေးပါတယ်။ တစ်ဖက်နိုင်ငံမှာ မှတ်ပုံတင်ပျောက်တာ၊ အသိမ်းခံရတာတွေကြောင့် နေရပ်ပြန်ချိန် လမ်းခရီးမှာ အခက်အခဲ မရှိရအောင် မူဆယ်ခရိုင်လဝကမှူးမှ ကူညီစီစဉ်ဆောင်ရွက်ပေးပါတယ်။ မူဆယ် ပို့-ဆက် ကလည်း မန္တလေးထိ ခရီးသည်တစ်ယောက်ကို သုံးသောင်းကျပ်နှုန်းနဲ့ ပို့ပေးဖို ကားဂိတ်တွေနဲ့ ညှိပေးတယ်။ အလှူရှင်တစ်ယောက်ကလည်း ပြန်မယ့်သူတွေ တစ်ယောကို ငါးထောင်စီ လှူပေးတယ်။ မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူးက အပြန်စရိတ် လုံးဝမရှိသူတွေကို အလှူရှင်တွေနဲ့အတူ သက်ဆိုင်ရာမြို့ အရောက် ကားခ၊ စားစရိတ်တွေကူညီထောက်ပံ့ပေးခဲ့ပါတယ်"ဟု လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက်၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်က တရုတ်အာဏာပိုင်များက ယင်းတို့အား နယ်စပ် မူဆယ် နန်းတော်ဂိတ်ပေါက်ကနေ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြိုခဲ့ကြကြောင်း သိရသည်။
ပြန်ပို့ခဲ့ လူဦးရေ ၁၇၀ တွင် အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၅၄ ဦးပါဝင်ပြီး ၎င်းအထဲမှ လူပေါင်း ၁၂၀ ကျော်ခန့်မှာ ရခိုင်ပြည်နယ်က ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1572 of 1767