#LocalNews
Published_26 May 2022
ရန်ကုန်မြို့တော်ဝန်နှင့်စည်ပင်ဝန်ကြီးဟောင်း ဦးမောင်မောင်စိုး၊ရန်ကုန်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်း၊
ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ပြန်ထားသည်။
ယင်းတို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ်မြို့နယ်အတွင်းရှိ မြေကွက် နှစ်ကွက် ၅ ဧက ကျော်ကို၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ် ၆၀ မြေငှားစာချုပ် ဂရန်ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ဈေးနှုန်း တစ်စတုရန်းပေလျှင် ငွေကျပ် ၂၀၀၀၀ ခန့်နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေ လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်းဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး နှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ၏အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် ဒဂုံမြို့သစ်မြို့နယ် အတွင်းရှိ မြေဧရိယာ ၆၃ ဧကကျော်အား ၂၀၁၉ ခုနှစ်အတွင်း နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏သတ်မှတ်ဈေးနှုန်း တစ်ဧက လျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေရန် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် အနေဖြင့် ငွေကျပ်သန်း ၈၀၀ ကျော် နစ်နာခဲ့ကြောင်း၊ ထို့ပြင် ၎င်းဖက်စပ်ကုမ္ပဏီပိုင်မြေကို ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး၊ ၎င်းက အခြားပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ဆောင်ရွက်ခဲ့သော ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှစ်များအတွင်း ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်ပါ လိုက်နာဆောင်ရွက် ရမည့် အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ စာချုပ်ပါစည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ကျောက်မီးသွေးတစ်တန်၏ တွင်းဝဈေးနှုန်းအား မူလသတ်မှတ်ဈေး ငွေကျပ် ၇၇၀၀၀ ကျော်မှ ငွေကျပ် ၄၂၀၀၀ သို့ လျှော့ချခွင့်ပြုပေးခဲ့ခြင်း၊ လျာထားထုတ်လုပ် မှုကိုလျော့၍ ထုတ်လုပ်ရန် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်ကရရှိမည့် ဘဏ္ဍာငွေကျပ် သန်း ၅၅၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် ငှားရမ်းခနှုန်းထားများသည် ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ငှားရမ်းခ နှုန်းထားနှင့်အညီ သတ်မှတ်ငှားရမ်းခြင်းမရှိဘဲ ဈေးနှုန်းလျှော့ချငှားရမ်းခဲ့ခြင်းအပေါ် ခေတ်ကာလနှင့်လျော်ညီသည့် ငှားရမ်းခနှုန်းထားအတိုင်း သတ်မှတ်ကောက်ခံရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုခဲ့သော်လည်း လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့် နိုင်ငံတော် အနေဖြင့် တစ်နှစ်အတွက် ငှားရမ်းခ ငွေကျပ် သန်း ၂၁,၀၀၀ ကျော် နစ်နာခဲ့ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး နှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မြို့တော်အသံလွှင့်လုပ်ငန်း (City FM)တွင် တာဝန် ထမ်းဆောင်သော ဝန်ထမ်း၏လစာစရိတ်ကို စာချုပ်တွင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းကျခံရမည်ဖြစ်သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့၍ စာရင်းစစ်ချုပ်ရုံးမှ ပြုပြင်နိုင်ရေး အကြံပြုကန့်ကွက်ခဲ့ခြင်းအပေါ် ပြင်ဆင်ဆောင်ရွက်မှု မရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၏ လစာစရိတ်များ အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊
စစ်ဆေးပေါ်ပေါက်ချက်များအရ တာဝန်ရှိသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့မရဲစခန်းတွင် ၂၆-၅-၂၀၂၂ ရက် နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_26 May 2022
မြောက်ဦးနန်းရာကုန်းရှေ့မှာ နာရီစင်ဆောက်လို့ရှိရင် ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်နိုင်တယ်လို့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ထောက်ပြ ပြောဆိုထားပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 May 2022
ခရီးသွားဧည့်သည်တွေ အဝင်နည်းပါးမှုကြောင့် ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများကို ယနေ့အချိန်အထိ ပြန်လည်စတင်လုပ်ကိုင်နိုင်ခြင်းမရှိသေးသလို စျေးကွက်အနေအထားကလဲ ပြန်လည်ဦးမော့လာနိုင်ခြင်းမရှိသေးဘူးလို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -26 May 2022
သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ပြင်နေရတဲ့ မော်လမြိုင်ရှိသဘာဝဘေးသင့်ပြည်သူ(၁၆၀)အတွက် အစားအသောက်တွေချက်ပြုတ်ပြီး နေ့စဥ်ထမင်းထုတ်တွေပိုးပေးနေတယ်လို့ ပရဟိတသမားကိုဇင်မိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published -26 May 2022
မန္တလေးတိုင်း၊တံတားဦးမြို့နယ်ရှိ တံတားဦး (လေကြောင်းမိုးလေဝသ)စခန်းစဖွင့်ချိန်မှစပြီး (၂၉)နှစ်တာကာလအတွင်း မေလ(၂၆)ရက်ကရွာသွန်းသည့် မိုးရေချိန်သည်အများဆုံးမိုးရေချိန်အဖြစ်စံချိန်သစ်တင်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်လိုက်ပါသည်၊၊
၁၉၉၉ ခုနှစ်တွင် မိုးရေချိန်(၄.၈၈)လက်မနှင့်စံချိန်တင်ခဲ့ရာမှ ၂၀၂၂ခုနှစ်မေလ(၂၆)ရက်တွင်မိုးရေချိန် (၅.၅၅) လက်မနဲ့ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပါသည်၊၊
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်မှတ်သားဖွယ်ရာ မိုးရေချိန်များအဖြစ် တံတားဦး(လေကြောင်းမိုးလေဝသ)တွင် (၅.၅၅)လက်မ၊ မြစ်ငယ်မြို့တွင်(၄.၀၉)လက်မ၊ စဉ့်ကိုင်မြို့တွင် (၃.၉၀)လက်မ၊ ရွှေစာရံမြို့တွင် (၃.၄၇)လက်မ၊ စဉ့်ကူးမြို့တွင် (၃.၃၀)လက်မ၊စစ်ကိုင်းမြို့တွင် (၂.၇၉)လက်မ၊ နွားထိုးကြီးမြို့တွင် (၂.၇၃)လက်မ၊ ထားဝယ်မြို့တွင် (၂.၆၇)လက်မ၊ ရေးမြို့တွင် (၂.၅၆)လက်မ၊ မန္တလေး(အောင်မြေသာစံမြို့နယ်)တွင် (၂.၄၈)လက်မ၊ သံတွဲမြို့တွင် (၂.၁၂)လက်မ၊ မန္တလေး(ချမ်းမြသာစည်မြို့နယ်)တွင် (၂.၀၂)လက်မတို့ရှိကြောင်း ထုတ်ပြန်ထားပါသည်၊၊
မုတ်သုန်ကာလဖြစ်သောကြောင့် နိုင်ငံတစ်ဝန်း ဒေသတော်တော်များများတွင် မိုးရွာသွန်းခြင်း၊မိုးကြီးခြင်းများဖြစ်ပေါ်မည်၊၊
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သောကြောင့် အထူးသတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 26 May 2022
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကော်မတီ (TBC) မှ မယ်ဆိုင်နှင့်အခြားနယ်စပ်ဂိတ်များကို ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆိုင်ထားသူများအနေဖြင့် ချင်းခွန်၊ မယ်ဆိုင်နဲ့ ချင်းဆန် ခရိုင်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ချင်းရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ၊ TBC ညှိနှိုင်းရေးမှူးတွေအပါအဝင် မြန်မာနိုင်ငံတာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးတို့တက်ရောက်သည့် အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကော်မတီမှ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၁၊ အမှတ် ၂ တို့နှင့် မယ်ဆိုင်မှ ယာယီ နယ်စပ်ဂိတ် ၅ ခု ဖွင့်လှစ်ရန် အဆိုပြုခဲ့ကြောင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဇွန်လ ၁ ရက်တွင် နယ်စပ်ဂိတ်များ ဖွင့်လှစ်ခြင်းမပြုမီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စမ်းသပ်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ygn/sth
#Yangon_Media-Group
#LocalNews
Published - 26 May 2022
မန္တလေး-လားရှိုးလမ်းမကြီးရှိ မြိုင်ကြီးကွေ့တွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ လူတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဥ်တစ်ခု ဒီကနေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ မေ ၂၆ ရက်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိးလမ်း မိုင်တိုင်အမှတ်(၅၁/၃)နှင့် (၅၁/၄)ကြားရှိ မြိုင်ကြီးကွေ့တွင် သံပြားများ တင်ဆောင်မောင်းနှင်လာသော ကုန်တင်ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို ပြင်ဦးလွင်ခရိုင်/ မြိုနယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရတာပါ။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးခဲ့သူတို့အား သန္တိသုခ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
#Yangon_Media_Group
Page 1560 of 1767