#WorldPolitics
Published 8 June 2022
နိုင်ငံခြားသူလျှိုများအတွက် ဥပဒေများကို ပိုမိုတင်းကြပ်စေမယ့် ဥပဒေမူကြမ်းတစ်ခုအား ရုရှားအောက်လွှတ်တော်က အင်္ဂါနေ့မှာကနဦး အတည်ပြုလိုက်ပြီး ရုရှားပြည်သူတွေအနေနဲ့ သစ္စာဖောက်များကို သတိထားစောင့်ကြည့်ဖို့ သမ္မတ'ပူတင်'က သတိပေးလိုက်ပါတယ်။
အဆိုပါဥပဒေမူကြမ်းကို ပထမအကြိမ်ဖတ်ကြားမှု ၃ ကြိမ်မှာ ၃၄၆ မဲ - ၁၇ မဲဖြင့် အတည်ပြုခဲ့ကာ နိုင်ငံခြားကနေ ငွေကြေး သို့မဟုတ် အခြားမည်သည့်ထောက်ပံ့မှုမဆိုလက်ခံရရှိသည့်သူအား နိုင်ငံခြာသူလျှိုအဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။
ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကျူးကျော်ပြီးကတည်းက ရုရှားတို့ကို အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လာတာကြောင့် ရုရှားစီးပွားရေးအထိနာနေရကာ အခုလိုနိုင်ငံခြားဥပဒေတင်းကြပ်လိုက်ခြင်းက အနောက်နိုင်ငံရဲ့မယုံကြည်မှု၊ မုန်းတီးမှုအခြေအနေကို ထင်ဟပ်နေစေပါတယ်။
ဥပဒေမူကြမ်းပြုစုသူ'အန်ဒရေလူဂိုဗွိင်'က အောက်လွှတ်တော်ရုံးမှာ မိန့်ခွန်းပြောကြားရာမှာ ယူကေမှ အထူးသင်ကြားရေးများ လက်ခံပြုလုပ်နေတဲ့ ရုရှားပုဂ္ဂိုလ်များကိုစွပ်စွဲပြောကြားလိုက်ပြီး ရုရှားနိုင်ငံကိုအတွင်းကနေ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
"သူတို့ဘာတာဝန်တွေထမ်းဆောင်နေတာလဲ? ဘယ်လိုသဘောတူညီချက်တွေလက်မှတ်ရေးထိုးထားတာလဲ? ဒါတွေကိုကျွန်တော်တို့အတိအကျသိဖို့လိုပါတယ်" လို့ 'လူဂိုဗွိင်'ကဆိုပါတယ်။
ဥပဒေမူကြမ်းထဲမှာ နိုင်ငံခြားသူလျှိုနဲ့ဆက်နွယ်နေတဲ့ လူတွေအတွက်လည်း သတ်မှတ်ချက်အသစ်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားသူလျှိုတွေရဲ့အမျိုးအနွယ်တွေနဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေဆောင်ရွက်ရာမှာ အကူအညီပေးတဲ့သူတွေ ပါဝင်ပါတယ်။
စစ်အေးကာလက နိုင်ငံခြားထောက်ပံ့မှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ လူတွေနဲ့အဖွဲ့အစည်းတွေကို ရုရှားက သူလျှိုလုပ်ဆောင်ခြင်းအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ယူကရိန်းကိုကျူးကျော်လာတာ ၁၅ ပတ်နီးပါးရှိလာတဲ့အချိန်မှာ အခုလိုဥပဒေတင်းကြပ်လာတာဖြစ်ပါတယ်။
အနောက်နိုင်ငံများက ရုရှားနိုင်ငံအတွင်းလျှို့ဝှက်အဖွဲ့အစည်းထားပြီး နိုင်ငံပျက်ပြားအောင်ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပြီး ရုရှားမျိုးချစ်ပြည်သူများနဲ့ သစ္စာဖောက်များကို ခွဲခြားသိရှိနိုင်တော့မယ်လို 'ပူတင်'က ကြေညာလိုက်ပါတယ်။
ဥပဒေမူကြမ်းအရ ရုရှားမီဒီယာစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က တရားရုံး ခွင့်မပြုချက် မလိုအပ်ဘဲ တရားရေးဝန်ကြီးဌာနရဲ့တောင်းဆိုချက်ဖြင့် နိုင်ငံခြားအေးဂျင့်များရဲ့ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခွင့်ရှိနေပါတယ်။
ပုံမှန်အားဖြင့် နိုင်ငံခြားငွေအတွက် ရုရှားပြည်ထဲရေးနဲ့ ပတ်သက်နေရတဲ့အဖွဲ့အစည်းတွေကို အပြင်းထန်ဆုံး ထိန်းချုပ်မှုအောက် ထားရှိသွားမှာဖြစ်ကြောင်း ယူနိုက်တက်ရုရှားပါတီမှ လက်ထောက်တစ်ဦးဖြစ်သူ'အဒယ်ဘီရှခါဂိုရှက်ဗ်'က ပြောပြခဲ့ပါတယ်။
နိုင်ငံခြားအေးဂျင့်များဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်မှာ ရုရှားကပထမဆုံးအကြိမ်ပြဌာန်းခဲ့ပြီးနောက် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၊ မီဒီယာဌာနများ၊ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများအပါအဝင် ရုရှားနိုင်ငံသားတစ်ဦးချင်းစီပါ ပါဝင်သတ်မှတ်လာခဲ့ပါတယ်။
လက်ရှိအချိန်အထိ လူပုဂ္ဂိုလ် ၁၆၆ ဦးနဲ့ တရားဝင်အဖွဲ့အစည်းများ ပါဝင်နေပါတယ်။
သူတို့ရဲ့အဓိကပစ်မှတ်တွေက ဂျာမနီရုပ်သံလွှင့်ဌာန Deutsche Welle, လွတ်လပ်သည့်သတင်းဌာန Mediazona, Dozhd TV channel တို့ဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published _ 8 June 2022
ရှမ်းပြည်နယ်အတွင်း ရွာငံ၊ ပင်လောင်း၊ ဟိုပုန်း စသည့် ကော်ဖီနှင့် လက်ဖက်အဓိကထား စိုက်ပျိုးနေသော ဒေသများရှိ ကော်ဖီ၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဈေးကွက်အကြိုက် အရည်အသွေးပြည့် ကော်ဖီ၊ လက်ဖက်များရွေးချယ်စိုက်ပျိုးရေး အပါအဝင် အထူးတန်းဝင်ကော်ဖီများထွက်ရှိရန် ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက သိရသည်၊၊
"အထူးတန်းဝင်ကော်ဖီရရှိရေးနဲ့ ဈေးကွက်က နှစ်သက်လိုလားတဲ့ ကော်ဖီရရှိနိုင်ဖို့ ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များအဆင့်မြှင့်တင်အသုံးပြုရေးနဲ့ ကော်ဖီနဲ့ လက်ဖက်ကို အဓိကထားစိုက်ပျိုးနေတဲ့ ဒေသတွေမှာ စိုက်ဧကတိုးချဲ့ရေး၊ စိုက်ခင်းစနစ်တွေ၊ စိုက်ခင်းပုံစံတွေနဲ့ မျိုးစေ့တွေစနစ်တကျ လုပ်ဆောင်ဖို့လိုအပ်ပြီး ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံရဲ့ တတိယဆီအိုးကြီးအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်" ဟု အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။
ဇွန်လ ၇ ရက်က ပြုလုပ်သော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကော်ဖီနှင့်လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့ တွေ့ဆုံစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 8 June 2022
ကားတင်သွင်းမှု ပိတ်ထားသောကြောင့် ပြည်တွင်း၌ ကားဈေးတက်နေကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာစိုးထွန်းက YMG ကို ပြောသည်။
"ကားတင်သွင်းတာတွေကပိတ်ထားတော့ ကားဈေးကတော့ တတ်နေတာပေါ့၊ ကားဈေးတတ်တယ်ဆိုတာ ဝယ်ပြီးစုကြတာတွေလည်းရှိတယ်၊ ကားရောင်းတဲ့သူတွေကတော့ အရောင်းစင်တာတွေ၊ car showroom တွေ လိုင်စင်ပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ် ဝန်ထမ်းစရိတ်တို့ ၊ showroom တို့ ၊ စက်ရုံငှားခတို့ ဒါတွေကဈေးတတ်နေတာပေါ့၊ အောက်တိုဘာလကနေစပြီး ပိတ်ထားတာခုထိတော့ ခွင့်မပြုသေးဘူး၊ လောလောဆယ်တော့ ဘာသတင်းမှမကြားသေးဘူး"ဟု ယင်းကပြောသည်။
စီးပွားရေး မတည်ငြိမ်ခြင်းနှင့် ဒေါ်လာလိုအပ်ချက်ရှိခြင်းတို့ကြောင့် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်မှစ၍ ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၂ ခုနှစ် ကားတင်သွင်းခွင့် မူဝါဒမှာလည်း လူစီးကားတင်သွင်းခွင့် မူဝါဒမသေချာ မရေရာ ရှိနေသေးကြောင်းနှင့် အလွန်အမင်းမြင့်တက်လာသော စက်သုံးဆီဈေးနှုန်းတို့ကြောင့် လက်ရှိတွင် တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အင်ဂျင်အရွယ်အစား 2000 CC အောက် ကားများသာ အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။
နစက မှထုတ်ပြန်ထားသည့် ကားတင်သွင်းခွင့် မူဝါဒမှာ လုပ်ငန်းသုံးကားတစ်မျိုးတည်းသာ တင်သွင်းခွင့်ပေးထားသည့်အတွက် အိမ်စီးကား တင်သွင်းခွင့် ကန့်သတ်ချက်ရှိနေပြီး ရောက်ရှိပြီး တပတ်ရစ်ကားများကိုသာ အရောင်းအဝယ်ပြုနေရကြောင်း ကားရောင်းကားဝယ်လုပ်သူများထံမှ သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_8 June 2022
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် စီးတီးမတ်ရှေ့တွင် ယာဉ်ငါးစီးအရှိန်ဖြင့် ဆင့်တိုက်သောကြောင့် ယာဉ်များ ကြေမွသွားကာ ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိသွားကြကြောင်းလည်း သိရသည်။
"ဒီနေ့ မနက်က တောင်ဥက္ကလာ စီးတီးမက်ရှေ့မှာတိုက်တာပါ။ ဒီမတော်တဆမှုက တော်တော့်ကို အရှိန်ပြင်းတယ်။ ကားတွေ စုတ်ပြတ်သတ်သွားကြတာ"ဟု မျက်မြင်တစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့် လူတစ်ဦး လက်ကျိုးကာ အခြားတစ်ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရသွားကြပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခုအခါသင်္ကန်ကျွန်းစံပြဆေးရုံသို့
သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးထားကြောင်း သိရသည်။
photo-သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့
ymg/mt
#Yangon_Media_Group
#LocalNews
Published_8 June 2022
ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးလအတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဖိုး တင်ပို့နိုင်ခဲ့ကြောင်း အဆိုပါ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူက ပြောသည်။
"ဇန်နဝါရီလကနေ မေလထိ ၅လအတွင်းမှာ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ကုန်သွယ်နိုင်ခဲ့တယ်၊ ကုန်သွယ်တာကတော့ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်နဲ့ပေါ့။ ဇန်နဝါရီလကဆိုရင် ပို့ကုန်တန်ဖိုး ၂၃၀၆၃၀၄ ဒေါ်လာနဲ့ သွင်းကုန်တန်ဖိုး ၁၅၆၉၂ ဒသမ ၅၀၀ ဒေါ်လာ၊ ဖေဖော်ဝါရီလက ပို့ကုန် ၂၂၆၇၂၀၉ ဒေါ်လာနဲ့ သွင်းကုန် ၅၁၇၇ ဒေါ်လာ၊ မတ်လက တင်ပို့ကုန်တန်ဖိုး ၂၈၄၀၇၉၄ နဲ့ သွင်းကုန် ၁၁၀၅၇ ဒသမ ၉၀ဒေါ်လာ၊ ဧပြီလက ပို့ကုန် ၁၈၆၄၆၀၄ ဒေါ်လာနဲ့ သွင်းကုန် ၇၉၂၀ ဒေါ်လာ၊ မေလက ပို့ကုန် ၂၈၂၂၁၇၀ နဲ့ တင်သွင်းကုန် ၈၇၉၀ ဒေါ်လာ၊ စုစုပေါင်း တင်ပို့ကုန် ၁၂၁၀၁၀၈၁ ဒေါ်လာ နဲ့ တင်သွင်းကုန် စုစုပေါင်း ၄၈၆၃၈ ဒသမ ၄ ဒေါ်လာကုန်သွယ်နိုင်ခဲ့တယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့သည့်ကုန်များမှာ အမှန်တကယ် ရခိုင်ပြည်နယ်က ထွက်သည့် ထုတ်ကုန်များနည်းပါးပြီး ပြည်မဖက်မှလာသည့် ရေထွက်ပစ္စည်းများ ဖြစ်သည့် ငါးမြစ်ချင်းနှင့် မီးဖိုချောင်သုံးကြက်သွန်အပါအဝင် ဂျင်း၊ ကွမ်းသီးတို့ကိုတင်ပိုခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပလစ်စတစ်ပစ္စည်းများ၊ ဒယ်အိုး၊ ဒယ်ခွက်များ၊ ရေတိုင်ကီများ အဓိကတင်သွင်းကြောင်း သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသော နယ်စပ်ဂိတ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ကုန်သွယ်ခွန်ခ မြန်မာငွေ ၃၈၂ သန်းရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 7 June 2022
သွေးလွန်တုပ်ကွေးမဖြစ်အောင် မော်လမြိုင်မြို့၊ စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ခြင်ဆေးဖျန်းခြင်းများကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဆောင်ရွက်ပေးနေကြောင်းသိရသည်၊၊
မွန်ပြည်နယ်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များက ဖော်ပြထားသည်၊၊
ဇွန်လ(၇)ရက်တွင် မော်လမြိုင်မြို့၊စမ်းကြီးလူငယ်သင်တန်းကျောင်းဝင်းရှိ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်နေသောကလေးများသင်ကြားရေး ကျောင်းအားခြင်ဆေးဖျန်းပေးပါရန်ကူညီတောင်းခံလာသည့်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်၊၊
ခြင်ဆေးဖြန်းပေးခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ ခြင်ဆေးဖြန်းပေးတာကိုဆောင်ရွက်ပေးနေပါတယ်၊၊ လုံးဝအခမဲ့ချည်းတော့မဟုတ်ဘူး၊၊ အလှူငွေထည့်လိုသူတွေထည့်နိုင်ပါတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ကားဆီဖိုးလည်းကုန်ကျတာရှိလို့ပါ၊၊ ခြင်ဆေးဖြန်းလိုသူတွေဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ် "လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်၊၊
ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ သွေးလွန်တုပ်ကွေးရာသီတွင် ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက်နေပြီး မော်လမြိုင်ရှိ စာသင်ခန်းများ၊ အိမ်သာများ၊ ရုံးခန်းများကို ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#WorldHealth
Published 8 June 2022
လူတစ်ယောက်ဘယ်လောက်အထိ အထီးကျန်နေသလဲဆိုတာကို သွေးထဲမှာမြင်တွေ့နိုင်ပါတယ်။
ဂျပန်သိပ္ပံပညာရှင်များက လူ ၃၈ ဦးထံမှ သွေးနမူနာများဆန်းစစ်လေ့လာခဲ့ရာ လူမှုဆက်ဆံရေးအလွန်ကင်းကွာနေတဲ့သူတွေမှာ အချို့ဒြပ်ပေါင်းတွေ တွေ့ရှိခဲ့ကြပါတယ်။
သူတို့မှာ နှလုံးပြဿနာဖြစ်နိုင်ချေရှိတဲ့ long-chain acylcarnitine အဆီဓာတ် များပြားနေပါတယ်။
အထီးကျန်ဆန်တဲ့ အမျိုးသားတွေမှာ bilirubin နဲ့ arginine ဓာတ်နည်းသွားပြီး စိတ်ဓာတ်ကျဝေဒနာဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
ဒီအခြေအနေရဲ့ ဇီဝသက်ရှိဆိုင်ရာအရင်းအမြစ်တွေကို ဖော်ထုတ်နိုင်မယ့်ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သုတေသီတို့က Dialogues In Clinical Neuroscience ဂျာနယ်မှာ သူတို့ရဲ့လေ့လာချက်ကို ဖော်ပြသွားပါတယ်။
စိတ်ရောဂါဝေဒနာရှိသူတွေရဲ့ ဦးနှောက်ဟာ ပုံမှန်လူတွေနဲ့ တည်ဆောက်ပုံကွဲပြားခြားနားပါတယ်။
MRI စကင်ဖတ်ပြီး လူ ၁၂၀ ကိုလေ့လာခဲ့ရာမှာ စိတ်ရောဂါဝေဒနာရှိလာနိုင်တဲ့သူတွေမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်နေရာဖြစ်တဲ့ striatum က ၁၀ ရာခိုင်နှုန်း ပိုကြီးနေတာကိုတွေ့ခဲ့ရပါတယ်။
စင်ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ 'အိုလီဗီယာချွိင်'က "လူမှုဆက်ဆံရေးမရှိတဲ့ လူနဲ့ ဆက်ဆံရေးကောင်းသူတို့မှာ ဇီဝဗေဒဆိုင်ရာကွဲပြားချက်အရ ဦးနှောက်တည်ဆောက်ပုံအရွယ်အစားမတူညီပါဘူး" လို့ ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1532 of 1767