#LocalNews
Published_14 June 2022
၈ တန်းအောင်ပြီးသူတိုင်း တက်ရောက်နိုင်မည့် ပထမဆုံးသမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်တွင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး ပထမနှစ်တွင်၊ Business Accounting ၊ Fundamentals of ICT ၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒတို့ကိုလည်းကောင်း၊ ဒုတိယနှစ်တွင် Cost Accounting ၊ Financial Accounting ၊ Computerized Accounting ၊ Business Organization and Management ၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားကြရမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းသားများ၏ Internship Period နှင့် သင်တန်းအပြီး အလုပ်အကိုင်တစ်ပါတည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်၍ Job Fair များ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးအောင်မြင်သူများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်တန်းပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးတို့တွင် သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ရှိကြောင်း၊ သင်တန်းတက်ရောက်သူများအား နိုင်ငံတော်က စားသောက်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ်သုံးသောင်းအပြင် ဝတ်စုံစရိတ် တစ်နှစ်စာ၂၅၀၀၀ ကျပ် ထောက်ပံ့ကာ နယ်မှ လာရောက်သူများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 14 June 2022
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ပြည်သူများအတွက် ပျိုးပင်ပေါင်း ၄၅၀,ဝဝဝ ခန့်စိုက်ပျိုးထားရှိပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းမည့် နေရာများကိုစိစစ်ကာ ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုနှစ်မှာ ပျိုးထောင်ထားတဲ့ သစ်မျိုးတွေထဲ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ မယ်ဇလီ၊ စိန်ပန်း၊ ငုရွှေဝါ၊ ယမနေ၊ မဟော်ဂနီ စတဲ့ ပျိုးပင်တွေ ပါဝင်ပါတယ်။ အဲဒီ့ပျိုးပင်တွေကို သစ်ပင်စိုက်ပျိုး ပွဲတော်တွေမှာ စိုက်ပျိုးခြင်း၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းတွေအပြင် လမ်းဦးစီးဌာနနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့က စိုက်ပျိုးခြင်းတွေမှာ ဖြန့်ဝေပေးသွားမည်" ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ယခင်နှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၄၃၀,ဝဝဝ ကျော် စိုက်ပျိုးကာ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးပြီးသော သစ်ပင်များကို ကြီးထွားရှင်သန်စေရေးအတွက် သက်ဆိုင်ရာက စဉ်ဆက် မပြတ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 14 June 2022
ရန်ကုန်ရွှေစျေးကွက်ကို နိုင်ငံတကာနှင့်ချိတ်ဆက်မိစေရန် ရည်ရွယ်၍ ပြည်ပမှရွှေတင်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ရန်ကုန်ရွှေစျေးကွက်နဲ့ နိုင်ငံတကာရွှေစျေးကွက်ကို ချိတ်ဆက်ချင်တဲ့သဘောပါပဲ။ နိုင်ငံခြားကနေ ရွှေတင်သွင်းတဲ့အခါကျတော့ လက်ဝတ်တန်ဆာကို ဒီမှာပြန်လုပ်မယ်။ 3D နည်းပညာတွေ၊ စက်မှုနည်းပညာတွေရမယ်။ အဲဒီလိုရတဲ့အခါကျရင် နိုင်ငံတကာနဲ့လည်းချိတ်မိမယ်။ ပန်းတိမ်လုပ်ငန်းလည်း အများကြီးတိုးတက်လာမယ်။ လောလောဆယ်ကတော့ ကမ္ဘာ့ရွှေစျေးက မြင့်နေပြီးတော့ ပြည်တွင်းရွှေစျေးကနိမ့်နေတဲ့အတွက် လောလောဆယ်အစီအစဥ်ဆွဲထားတာပဲ ရှိသေးတယ်"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
လက်ရှိပြည်တွင်းရွှေဈေးကွက်မှာ ဈေးအမြင့်ပိုင်းတွင်သာရှိနေပြီး ယခုကာလသည် ကျောင်းအပ်နှံချိန်ဖြစ်သည့်အတွက် ဈေးကွက်အေးနေကာ ဝယ်လိုအားနည်း၍ ရောင်းလိုအား အနည်းငယ်များသည့် အခြေအနေမျိုးဖြစ်နေပြီး ရွှေဈေးမှာသိန်းနှစ်ဆယ် လေးသောင်း၊ ငါးသောင်း ဝန်းကျင်သာရှိကြောင်း သိရသည်။
YGEA အနေဖြင့် မီးလင်းရွှေ အတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများအား လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေ ၁၈ ရက်ကအသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့်ရွှေဆိုင်များကိုလည်း ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန် ထုတ်ပြန်ကြေညာထားသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 14 June 2022
မြန်မာနိုင်ငံအတွင်း ဘဏ်များမရှိသည့်၊ ဝေးလံ၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲသော ဒေသများရှိ ပြည်သူများကို မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား လုံခြုံစိတ်ချစွာ၊ ရိုးရှင်းလွယ်ကူ လျှင်မြန်ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်ရေးကို မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
"မိုဘိုင်းလ်ဖုန်းကွန်ယက်နဲ့ ပြည်သူလူထုအတွင်းမှာ မိုဘိုင်းလ်ဘဏ် (Mobile Banking) နဲ့ အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်း (Microfinance)တွေ၊ ဘဏ်လုပ်ငန်း နည်းစနစ်တွေနဲ့
အညီ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် အကျိုးထိရောက် အောင်မြင်စေဖို့တွေ လုပ်ဆောင်သွားမယ်" ဟု မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်စွာဦးက ပြောသည်။
မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီမှ မီတာဘေလ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ယမန်နေ့ ဇွန်လ ၁၃ရက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်စဥ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဘိုင်းလ်ဖုန်း ရှိယုံဖြင့် နိုင်ငံတကာ ငွေကြေးလွဲပြောင်းခြင်း ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်သူများ သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon _Media_Group
#LocalNews
Published - 14 June 2022
သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်း အပန်းဖြေစခန်း စီမံကိန်း အကောင်အထည်ဖော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ရေပင်လယ်ကျွန်း အပန်းဖြေစခန်းစီမံကိန်းဆောင်ရွက်ဖို့အတွက် တင်ပြထားတယ်။ အခုကတော့ ရေလယ်အပန်းဖြေစခန်းတည်ဆောက်ဖို့ ဖြစ်နိုင်စွမ်းမြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနဲ့ ရေအရင်းအမြစ် သုံးစွဲမှုတွေကို လေ့လာဆန်းစစ်နေတုန်းပဲရှိသေးတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။
အဆိုပါ ရေလယ်ကျွန်းအပန်းဖြေစခန်း စီမံကိန်းတွင် အပျော်စီးသင်္ဘော ( River Cruise) ခရီးစဉ်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ ပါဝင်သည့် စားသောက်ဆိုင်များ၊ သစ်ပင်ပန်းမန်နှင့် သီးနှံပင်များ စိုက်ပျိုးထားရှိမည့်စိုက်ခင်းများ၊ မြန်မာမှုလက်ရာများဖြင့် ပြုလုပ်ထားသော နားနေဆောင်များနှင့် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစား လေ့လာနိုင်မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရေလွှာလျှော၊ ရေကန်၊ မြက်ခင်းတု၊ မြင်းစီးကွင်းများအပါအဝင် အဆင့်မြင့် ဟိုတယ်တစ်လုံးပါ ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ရေပင်လယ်ကျွန်း အပန်းဖြေစခန်းကို ရေပေါ်တွင် တည်ဆောက်ရန် မြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနှင့် ရေအရင်းအမြစ်သုံးစွဲမှုများကို လေ့လာဆန်းစစ်နေသည်ဟုလည်း သိရသည်။
ရေပင်လယ်ကျွန်းအပန်းဖြေစခန်း တည်ဆောက်ပြီးစီးပါက ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ရန်ကုန်မြို့၏ မြစ်ကြောင်း တစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်ဖြင့် ကြည်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 13 June 2022
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ပရော်ဂျက်မရလိုက်တဲ့အတွက် ကိုဗစ်အတွက်ဆေးဘက်ဝင်တဲ့ ဆေးခါးကြီးပင်ကို ကျယ်ကျယ်ပြန့်ပြန့်မစိုက်ပျိုးတော့နိုင်ဘဲ တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_13 June 2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဥရုချောင်းရေလျှံ၍ ရေဘေးသင့်သူ ၂၂၀၀ ကျော်ထိ ရှိလာကြောင်း Coln Foundation က သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်မှစကာ မိုးဆက်တိုက်ရွာသွန်းသောကြောင့် ဥရုချောင်းရေလျှံလာသဖြင့် လူနေအိမ်များ ရေနှစ်မြှုပ်ခဲ့သည့်အတွက် ဖားကန့်ကျောက်ဝိုင်း၊ ငှက်ပျောတော ၊မရှီကထောင် ရပ်ကွက်အပါအဝင် ဖားကန့်မြို့နယ် မြို့ပေါ် ငါးရပ်ကွက်မှ လူနေအိမ်များ ရေနစ်မြုပ်၍ ရေဘေးသင့်ပြည်သူများ ၂၂၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
"ရေးဘေးသင့်ပြည်သူ မိသားစုဝင်၂၂၀၀ ကျော်အတွက် ထမင်းဘူး ၊ ရေသန့်တွေကို မနက်ရောညပါ စီစဉ်ထားရှိပြီးပါပြီ၊ထမင်းရေသန့် တစ်နပ်စာကို ငွေကျပ် ၂၅ သိန်းပါ။အလှူရှင်တွေကလှူကြပါတယ်၊လောလောဆယ်တော့ လှူနေသူတွေရှိလို့ ကျေးဇူးတင်ပါတယ်"ဟု ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။
ဖားကန့်မြို့တွင် နှစ်စဉ်မိုးရာသီကျရောက်သည့်အချိန်တိုင်း မိုးဆက်တိုက်ရွာသွန်းပါက ဥရုချောင်းရေ စိုးရိမ်ရေမှတ်ကိုရောက်ရှိကာ ရေလျှံ၍ လုံးခင်း၊ဖားကန့်၊ဆိုင်းတောင် ရပ်ကွက်များ ရေမြုတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ymg/mt
#Yangon_Media_Group
Page 1519 of 1767