#Local_News
Published_ 18 June 2022
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၄၁၃၇ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန် ၁၅ ရက် ညနေ ၆ နာရီအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာ၊ စစ်တောင်းတံတားထိပ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဝေါမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ နေမျိုးမြင့် မောင်းနှင်လာသည့် SUZUKI ERTIGA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ် ဆေးပြား ၂၇၅၈၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၁၃၇ သိန်း) ၊ မြန်မာငွေ ကျပ် ၃ သိန်းကျော် နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပါတယ်။
ထို့ကြောင့် နေမျိုးမြင့် (၅၀) နှစ်အား ညောင်ခါးရှည်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 18 June 2022
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ရန်ကုန်တွင် ကလေးအထူးကုဆေးရုံများဖြစ်သည့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)၊ရန်ကင်းကလေးဆေးရုံကြီးနှင့် ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်ရှိသော အစိုးရဆေးရုံများ၊ ကလေးကုသရေးဌာနရှိသော ပုဂ္ဂလိကဆေးရုံများတွင်ကုသနိုင်ကြောင်း သိရသည်၊၊
"ကလေးကုသရေးဌာနတွေ၊ ကလေးဆရာဝန်တွေရှိတဲ့ အစိုးရဆေးရုံတွေမှာကုသနိုင်တယ်၊၊ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတို့မှာ ကုသလို့ရတယ်၊၊ ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်များရှိတဲ့ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတွေမှာလည်း ကုသနိုင်တယ်၊၊ မြောက်ဥက္ကလာမှာဖြစ်ရင်တော့ နီးတဲ့ မြောက်ဥက္ကလာဆေးရုံကြီးမှာပဲကို ကုသလိုရတယ်၊၊ ကလေးကုသရေးဌာနနဲ့ ကလေးဆရာဝန်ရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်းကုသလို့ရပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောသည်၊၊
သွေးလန့်သည့်အဆင့်ရောက်နေသည့်ကလေးများ အတွက်တော့ ကလေးဆရာဝန်ကြီးများ၊ ကုသရေး ပစ္စည်းများစုံလင်သည့် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသနိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားကဆက်လက် ပြောသည်၊၊
အစိုးရဆေးရုံများဖြစ်သည့် သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် ကလေးကုသရေးဌာနရှိသည့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများကို ကုသနိုင်ကြောင်းကိုတော့သိရှိသူ နည်းပါးနေသေးကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_18 June 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့၊သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး အသက် ၃၄ နှစ်ခန့်အရွယ် ဦးဘိုဝင်း နှင့် သူ၏လက်ထောက်ဆရာမ အသက် ၂၃ နှစ်အရွယ်ခန့်ရှိ ဒေါ်ဥမ္မာကျော် တို့နှစ်ဦးအား မြန်မာငွေ သိန်းတစ်ထောင်ခန့်တန်ဖိုးရှိမည့် တာကာငွေသိန်း ၅၀ ဖြင့် ပြန်ပေးဆွဲသွားကြောင်း သိရသည်။
အဆိုပါ ဆရာနှင့်ဆရာမတို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဇီးပင်ချောင်းကျေးရွာအနီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး နောက်နေ့တွင် ကျောင်းအုပ်ဆရာကြီး၏ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်လာကာ အဆိုပါငွေဖြင့် ပြန်ရွေးရမည်ဖြစ်ကြောင်းနှင့် ပြန်မရွေးပါက အသက်အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
"ဆရာနဲ့ ဆရာမကို ဘယ်နေရာမှာထားတယ်ဆိုတာ မသိရသေး။အခု တွေ့ခွင့်ရအောင်လုပ်နေကြတယ်။သူတို့တောင်းတဲ့ ပိုက်ဆံကိုလည်း စုဆောင်းနေကြတယ်။သိန်းတစ်ထောင်လောက်ရှိမယ်ဆိုတော့ ပမာဏကလည်း များနေတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေက လူမျိုးရေးကိစ္စတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ဒီအတိုင်းဆိုရင် မလွယ်ဘူး။လက်ရှိမှာတော့ နယ်ခြားစောင့်တပ်ရယ်၊အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေရယ်နဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။တခြားလူမျိုးစုဘက်က ခေါင်းဆောင်တချို့နဲ့လည်း ညှိနှိုင်းပြီး အကူအညီပေးနိုင်မလားဆိုတာတွေကို လုပ်နေကြတယ်"ဟု အဆိုပါကိစ္စအပေါ်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ဆရာကြီးဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့ ပျောက်ဆုံးခဲ့ပြီးနောက် ရှာဖွေကြရာတွင် ယင်းတို့စီးလာသည့်ဆိုင်ကယ်ကို ဖျက်ဆီးခံထားရသည့်အနေအထားဖြင့် တွေ့ရကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 18 June 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောာင်းသားကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၇ ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၂ ခုနှစ် စာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဦးရေ ၁၃၀၀၀၀ ကျော်ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ ၂၈၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 17 June 2022
လက်ရှိ ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းအပ်ထားတဲ့ ကျောင်းသားစုစုပေါင်း ဦးရေဟာ ၂၆၀၀၀၀ ကျော်ရှိပေမဲ့ အမှန်တကယ်ကျောင်းတက်ရောက်သူဦးရေဟာ ၇၂၀၀၀ ကျော်ပဲရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 June 2022
မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းတွင် ကျောင်းသား(၁၀၀)ကျော် ပြန်တက်နေပြီဖြစ်ပြီး အခုနှစ်မှာကျောင်းသား(၁၅၀)လောက် ပြန်တက်ဖို့မှန်းထားပြီး လာတက်မယ့်သူတွေကို စောင့်ဆိုင်းပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 17 June 2022
နည်းပညာဆိုင်ရာဝါသနာပါသည့် မြန်မာလူငယ်များ အနေဖြင့်အာဆီယံဒစ်ဂျစ်တယ်နည်းပညာစွမ်းဆောင်ရည်မြှင့် အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်ကြောင်းသိရသည်၊၊
အဆိုပါသင်တန်းကို အာဆီယံဖောင်ဒေးရှင်းနှင့် ဂျာမနီနိုင်ငံ SoftWare ကုမ္ပဏီ SAP တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး မြန်မာအပါအဝင်အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကအသက်(၁၈)နှစ်မှ (၃၀)ကြားလူငယ်များ တက်ရောက်နိုင်မည်ဖြစ်သည်၊၊
ပညာရေးသတ်မှတ်ချက်အနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုရေးသားနိုင်ရမည်ဖြစ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်(ဒီပလိုမာ၊ ဘွဲ့ကြို ၊ဘွဲ့လွန်)နှင့် ဘွဲ့ရလူငယ်များ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလ(၆)လကြာမြင့်မည်ဖြစ်သည်၊၊
လျှောက်ထားလိုသူများ အနေဖြင့် ဇွန်လ၂၀ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး bit.ly/ASEANDEForm မှ တစ်ဆင့်အမည်စာရင်းပေးသွင်းနိုင်ကြောင်း၊ilan.asqolani@aseanfoundation.
orgကို ဆက်သွယ်မေးမြန်းနိုင်သလို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1508 of 1768