#LocalNews
Published _ 28 June 2022
လမ်းပေါ်နေကလေးများအား စက်ချုပ်ပညာအခမဲ့သင်ကြားပေးနေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရသည်။
နေပြည်တော်၌ လမ်းပေါ်နေကလေး (၄၀)ဦး၊ ရန်ကုန်၌ (၁၀၀)ဦးနှင့် မန္တလေးမြို့၌ (၆၀)ဦး စုစုပေါင်း လမ်းပေါ်နေက လေး (၂၀၀)ဦး ရွေးချယ်၍ ၎င်းတို့ဝါသနာပါသည့်အတိုင်း သင်ကြားလိုသည့်ပညာရပ်များကို ချိတ်ဆက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စက်ချုပ်ပညာ အခြေခံသင်တန်းအတွက် ကလေး(၂)ဦး၊ အဆင့်မြင့် သင်တန်းအတွက် ကလေး(၃)ဦး စုစုပေါင်း ကလေး(၅)ဦးအား ကျောင်းမှဖွင့်လှစ်သည့် ပုံမှန်သင်တန်းများအတိုင်း တနင်္လာနေ့မှ သောကြာနေ့အထိ World Vision နှင့် ပူးပေါင်း၍ စီစဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ယခုတွင် စီမံချက်ပါ ကလေးများအား အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်ကြားပေးခြင်းကို ဇွန်လ (၁၃)ရက်မှ စတင်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၂)ရက်တွင် သင်တန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ အခြေခံပြီးသူများအနေဖြင့်လည်း အဆင့်မြင့်သင်တန်းကို ဆက်တက်လိုပါက ဇူလိုင်လ (၂၅) ရက်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများ ဖြစ်လာပြီး မိမိတို့ကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ ပုံမှန်သင်တန်းများအဖြစ် ကျောင်းအခြေပြုတွင် သင်တန်းအမျိုးအစား(၁၃)မျိုးကို ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ကြောင်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_28 June 2022
ထိုင်းနိုင်ငံသားသေဆုံးမှုတွင် လက်ဗွေရာတွေ့ရှိ၍ ထိန်းသိမ်းစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံသားအာမခံရရှိရန် လုပ်ဆောင်ရမည့်အဆင့်ဆင့်အတွက် ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ထိုင်း-မလေးရှားနယ်စပ်တွင် မေလကုန်ပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ မလေးရှားသို့ တရားမဝင်သွားရောက်မည့် ရာနှင့်ချီသော မြန်မာနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ကြရကြောင်း၊ ယင်းတွင် သံသယရှိသူ မြန်မာနိုင်ငံသားရခိုင်လူမျိုး ၉ ဦးအား စစ်ဆေးခဲ့ရာတွင် ကိုအောင်ကိုဝင်းထံမှ လက်ဗွေတွေ့ရှိသည်ဆိုကာ ထိန်းသိမ်းစစ်ဆေးခံနေရခြင်း ဖြစ်သည်။
လက်ဗွေရာကို မလေးရှားသို့သွားရောက် အလုပ်လုပ်ကိုင်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိကိုအောင်ကိုဝင်းထံမှ တွေ့ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အာမခံရရှိနိုင်ရေးအတွက် ရှေ့နေငှားရမ်းမှုများ ပြုလုပ်ရမည်ဖြစ်ရာ ငွေကြေးအခက်အခဲ ဖြစ်နေကြောင်း ယင်း၏ မိသားစုဝင်က YMG ကို ပြောသည်။
"ဦးလေးကလည်း လက်သမားလုပ်တာပါ၊ စုဆောင်းထားတာတွေကို ရှိသလောက်ပို့ပေးလိုက်ပြီ။နောက်ထပ် ချေးငှားပေးဖို့ကလည်း မလွယ်ကူကြဘူး၊ နောက်ထပ်ပေးနိုင်မယ့် အခြေအနေမရှိတော့ပါဘူး"ဟု ကိုအောင်ကိုဝင်း၏ ဖခင်ဖြစ်သူက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်းက ဦးဆောင်၍ လိုက်ပါကူညီနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 June 2022
၇၅ နှစ်မြောက် အာဇာနည်နေ့အတွက် အထူးပြပွဲ ခင်းကျင်းပြသသွားမည်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။
ယခု ဇွန်လ ၂၅ ရက်မှ စတင်ပြင်ဆင်နေသည့်အတွက် လာမည့် ဇူလိုင်လ ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)တို့ကို ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ် ဗိုလ်ချို-၁ ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)တွင် တည်ရှိပြီး မှတ်တမ်းများအရ ၁၉၂၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 28 June 2022
နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စုစုပေါင်း မြေဧရိယာ ဧကပေါင်း ၁၁,၀၀၀ ကျော်ကို ပြည်သူများထံလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယင်းမြေများစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။
အမှန်တကယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ကိုင်လိုသူများအသုံးချနိုင်ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် မြေများကို ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့မှ စီစဉ်ဆောင်ရွက်နေလျက်ရှိသည်။
လျှောက်ထားသည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာများသို့ စိုက်ပျိုးရေးအတွက် အသုံးပြုခွင့်မြေဧရိယာ ဧက ၆၀၀၀ ကျော်၊ မွေးမြူရေးအတွက် မြေဧရိယာဧက ၈၀၀ ကျော် နှင့် ဓာတ်သတ္တုလုပ်ငန်းအတွက် မြေဧရိယာဧက ၄၀၀ ခန့်ဖြင့် စုစုပေါင်း ဧက ၁၁,၀၀၀ ကျော်ကို ကော်မတီအနေဖြင့် ချမှတ်ထားသည့်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခွင့်ပြုထာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက ၂၂သိန်း ကျော် ခွင့်ပြုပေးထားခဲ့သည့်အနက် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧရိယာ ဧက စုစုပေါင်း ၁၅သိန်းကျော် ရှိခဲ့ပြီဖြစ်ကြောင်းလည်း ယင်းမှ သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန်ကောက်ခံချိန်နှင့် ၂၀၂၀- ၂၀၂၁ ခုနှစ်အထိ မြေခွန်စည်းကြပ်ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမရှိဘဲ လုပ်ကိုင်နေမှုများကို စီစစ်၍ မြေခွန်များအပြည့်အဝရရှိရေးတွေ ဆောင်ရွက်နေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#MyanmarNews
Published 28 June 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီး စုစုပေါင်း ( ၂၁၁)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ကလက်ခံခဲ့ကြပါတယ်။
အဆိုပါနေရပ်ပြန်များကို လာအိုနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသူ( ၁၆၆ )ဦးအား ကျန်းမာရေးဝန်ထမ်းများက Taskit ဖြင့် စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်မှု မရှိကြောင်း သိရှိရသဖြင့် မိမိနေရပ်သို့ မော်တော်ယာဥ်ဖြင့်နေ့ချင်း ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ကာကွယ်ဆေးထိုးလက်မှတ်မရှိသူ ( ၄၅) ဦးကို စံလင်းဖြိုး Quarantine Center တွင်( ၃)ရက်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးမှာသာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။
Ymg/ys-tcl
#Yangon_Media_Group
#Local_News
Published _ 28 June 2022
ပြည်တွင်း၌ လက်ကျန်သကြားနည်းလာခြင်းကြောင့် သကြားစက်ရုံကြီး အချို့တွင် သကြားရောင်းချမှုကို ထိန်းသိမ်းရောင်းချနေရသည့်အတွက် သကြားဈေး မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
လက်ရှိ မိုးအဝင်ကာလတွင် သကြားဈေးကွက်နှစ်စဉ်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါကအတက်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ဈေးကွက်မှတစ်ဆင့် သိရသည်။
ပြီးခဲ့သည့်နှစ်များက သကြားဈေးသည် တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်မှ ၂၁၅၀ ကျပ်ခန့်ထိ ရှိနေကြောင်း သိရသည်။
ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဈေးကောင်းရနေသည့်အတွက် ကြံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ယင်းမှသိရသည်။
ယခုနှစ်တွင် သကြားတန်ချိန် သုံးသိန်းခုနစ်သောင်းကျော် ထွက်ရှိမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ သကြားကိုအရည်အဖြစ်တင်ပို့နေကြောင်း၊ ယခုနှစ်မှစ၍ ဗီယက်နမ်သို့ပင်လယ်ရေကြောင်းကတစ်ဆင့် တင်ပို့နေရကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 27 June 2022
ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်းခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်း တုတော်များ အပါအဝင်မြန်မာမှုအနုပညာပစ္စည်းသစ်များကို သယ်ဆောင်လိုပါက ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လျှောက်ထားဖို့လိုတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
Page 1483 of 1768